လျှို့ဝှက်တဲ့သန်းကြွယ်သူဌေး

( 1 မှတ်ချက်)

5500 (ကျပ်)

သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။ နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကလည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး၊ သူနှစ်သက်တဲ့အစားအစာက စျေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။

ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲ . . .

သူဘယ်သူလဲ…

သူကတော့ သူကိုယ်တိုင်အတွက်မကြည့်ဘဲ အများအတွက်ကြည့်သူ၊ ငွေကြေးရှာဖွေတာကိုနှစ်သက်ပေမယ့် ငွေကြေးတွေကို လက်ဝယ်မထားတဲ့သူ “Chuck Feeney”ပဲဖြစ်ပါတယ်။ Chuck Feeney ဟာ ထင်ပေါ်ကျော်ကြားလိုသူ မဟုတ်ပါဘူး ၊ သူဟာ အမည်မဖော်တဲ့အလှူရှင်ဖြစ်တယ်။ သူဟာ ငွေကြေး ၈ဘီလီယံပိုင်ဆိုင်တဲ့ The Atlantic Philanthropies ကို သူတည်ထောင်ခဲ့သူဖြစ်တယ်။ အခုခေတ်လက်ရှိ သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဘီလ်ဂိတ်၊ Warren Buffettတို့ဟာ ပရဟိတလုပ်ငန်းမှာ စံထားထိုက်တဲ့ သူတွေဖြစ်ပါတယ်။ Chuck Feeney ကတော့ ပရဟိတလုပ်ငန်းမှာ သူဌေးသူကြွယ်တွေအတွက် သင်ယူလေ့လာသင့်တဲ့ ဆရာကောင်းဆိုလည်း မှားမယ်မထင်ပါဘူး။ ဒီစာအုပ်ထဲမှာတော့ လျှို့ဝှက်တဲ့သန်းကြွယ်သူဌေး ချပ်ခ်ဖီးနီရဲ့အကြောင်းအပြင် အခြား ပျော်ရွှင်အားတက်ဖွယ်ရာ စာစုတွေကို ဘာသာပြန်ဆို စုစည်းထားခြင်းဖြစ်ပါတယ်။

စာမျက်နှာ

152

စာအုပ်အရွယ်အစား

5.4× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ဇန်နဝါရီလ (ပထမအကြိမ်)

12 in stock

လျှို့ဝှက်တဲ့သန်းကြွယ်သူဌေး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    💰 “လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး” ဆိုတဲ့ ဒီစာအုပ်လေးက ဆရာမနိုင်းနိုင်းစနေရဲ့ ဘာသာပြန်ဇာတ်လမ်းလေးတွေကို စုစည်းထားတဲ့ စာအုပ်လေးပါ။ ဆရာမရဲ့ စာတွေကို သဘောကျရတဲ့အထဲမှာ ဒီလိုမှတ်ယူလေ့လာသင့်တဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းလေးတွေနဲ့ ပြောပြတဲ့ ဆောင်းပါးလေးတွေကို ဘာသာပြန်ပေးတာကြောင့်လည်း ပါပါတယ်။ အများအားဖြင့် ဆောင်းပါးတွေက တရုတ်စာရေးဆရာတွေရဲ့ ဆောင်းပါးတွေကနေ တိုက်ရိုက် ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကလည်း ဘဝနဲ့ဆိုင်တဲ့ သိမှတ်စရာ၊ လေ့လာမှတ်သားစရာ အကြောင်းအရာတွေကို ဇာတ်လမ်းသဖွယ် ပြောပြထားတဲ့ ဇာတ်လမ်းဆောင်းပါးလေးတွေရော knowledge ချည်းသက်သက် ရေးသားထားတဲ့ ပုံစံမျိုး ဆောင်းပါးတွေရော စုပေါင်းစပ်ပေါင်း ပါဝင်ပြီး စုစုပေါင်း (၄၂) ပုဒ် ပါဝင်ပါတယ်။ ကိုယ်ကတော့ knowledge ချည်းသက်သက် ပေးတဲ့ ဆောင်းပါးထက်စာရင် ဇာတ်လမ်းလေးတွေ နမူနာပေးပြီး မှတ်သားစရာလေးတွေနဲ့ တင်ပြတဲ့ ဆောင်းပါးပုံစံမျိုးကို ပိုနှစ်သက်ပါတယ်။
    __________________________

    💰 လျှို့ဝှက်တဲ့သန်းကြွယ်သူဌေး💰
    ဒီဆောင်းပါးက နယူးဂျာစီက အမေရိကန် အိုင်းရစ်လူမျိုး သာမန် မိသားစုကနေ ပေါက်ဖွားလာတဲ့ သူဌေးကြီး ချပ်ခ်ဖီးနီ (Chuck Feeney) အကြောင်းပါ။ သူက ငွေကြေးကို လက်ဝယ်မထားတတ်ဘဲ ထင်ထင်ပေါ်ပေါ် မနေတတ်တဲ့သူ၊ နာမည်ကြီးတံဆိပ် အဝတ်အစားတွေ မဝတ်တတ်သူ၊ ဈေးချိုတဲ့ အစားအစာ စားတတ်သူ၊ ကိုယ်ပိုင်ကား မရှိဘဲ ဘတ်စ်ကားကိုပဲ စီးတတ်သူ ဖြစ်ပေမဲ့ သူလှူဒါန်းခဲ့တဲ့ ငွေကြေးပေါင်းက ၄ ဘီလီယံကျော် ရှိနေပြီး သူပိုင်ဆိုင်တဲ့ ကျန်ရှိနေသေးတဲ့ ၄ဘီလီယံ အကုန်ထပ်လှူဖို့ လျာထားပါတယ်။ သတင်းထောက်တွေက သူ့ကို ဘာကြောင့် တစ်ပြားတစ်ချပ်မှ မချန်ဘဲ လှူဒါန်းမှုတွေ လုပ်နေသလဲလို့ မေးတော့ သူက –
    ❝အလောင်းဝတ်တဲ့ အဝတ်အစားမှာ အိပ်ကပ်မရှိလို့ပါ❞ လို့ ရိုးရိုးရှင်းရှင်းပဲ ဖြေပါတယ်။

    💰 ရပ်သင့်တဲ့နေရာမှာ ရပ်ပါ 💰
    တစ်ခါက နေ့လယ်ခင်းတစ်ခုမှာ ဘော်ဘီလူးဝစ်လို့ခေါ်တဲ့ လူတစ်ယောက်က သားနှစ်ယောက်နဲ့အတူ ဂေါ့ဖ်ကလပ်ကို သွားသတဲ့။ လက်မှတ်ရောင်းတဲ့ နေရာဆီ ရောက်တော့ ဝင်ကြေးဘယ်လောက်လဲမေးတော့ ဆိုင်ဝန်ထမ်းက အသက် ၆နှစ်ပြည့်ရင် တစ်ယောက် ၃ဒေါ်လာ၊ ၆နှစ်အောက်ဆို အခမဲ့ပါလို့ ပြောတော့ သူက သူ့သားတစ်ယောက်က ၇နှစ်၊ တစ်ယောက်က ၃နှစ်မို့ သူနဲ့ သားတစ်ယောက်စာ ၆ ဒေါ်လာပေးရမယ်လို့ ပြောတော့ ဝန်ထမ်းက သားအကြီးကို ၆နှစ်လို့ ပြောမယ်ဆိုရင် ၃ဒေါ်လာ သက်သာမှာဖြစ်ကြောင်း၊ သားအကြီးကလည်း ၆နှစ်အရွယ်နဲ့ သိပ်မကွာကြောင်း ပြောတော့ လူးဝစ် ပြန်ပြောတာက –
    ❝ဟုတ်တယ် … ခင်ဗျားအမြင်မှာ သိပ်မကွာဘူးဆိုပေမဲ့ ကျွန်တော့်သားနှစ်ယောက်က သူတို့အသက်ကို သူတို့သိတယ်။ ဖခင်တစ်ဦးအနေနဲ့ သူတို့ကို ငယ်ရွယ်ချိန်ကတည်း သူတစ်ပါးကို မလိမ်ညာတတ်ဖို့ သင်ပေးရမှာက ကျွန်တော့်တာဝန်ပါ❞ လို့ ပြောသတဲ့။

    💰 အဖြူစင်ဆုံးမေတ္တာ 💰
    မိဘနှစ်ပါး မရှိတော့တဲ့ လူမမယ် မောင်နှမနှစ်ယောက်က တစ်ဦးကိုတစ်ဦးပဲ မှီခိုရှင်သန်နေရတယ်။ တစ်ရက်တော့ ညီမဖြစ်သူ အပြင်းဖျားပြီး ဆေးရုံတက်ခဲ့ရတယ်။ သွေးလိုတော့ သွေးဝယ်ဖို့လည်း မတတ်နိုင်၊ အစ်ကိုနဲ့လည်း သွေးတူတာမို့ ညီမဖြစ်သူကို အသက်ကယ်ဖို့ အစ်ကိုရဲ့ သွေးကို ယူဖို့ဖြစ်လာတယ်။ ဒီအချိန် ဆရာဝန်က ဆယ်ကျော်သက်ကောင်လေးကို သွေးလှူဖို့ သတ္တိရှိလားမေးတော့ သူက တစ်ချက်စဉ်းစားပြီး ခေါင်းညိတ်ပြသတဲ့။ သွေးဖောက်တော့လည်း တစ်ချက်မှ မတွန့်ခဲ့ဘူး။ ဘေးခုတင်က ညီမလေးကို ကြည့်ပြီး ပြုံးနေသတဲ့။ ကောင်လေးက ဆရာဝန်ကို မေးလိုက်တယ်။ “ဆရာ … ကျွန်တော့်အသက် ဘယ်လောက်ပဲ ခံတော့မလဲ” တဲ့။ ဆရာဝန်ကြားတော့ ရယ်ချင်သွားတယ်။ ကောင်လေးက သူ့ကိုယ်ထဲက သွေးတွေ ထုတ်လိုက်ရင် သေမယ်လို့ ထင်ထားခဲ့တာ။ ဒါတောင် သူ့ညီမအတွက် အသေခံပြီး သွေးကို ပေးခဲ့တယ်။ ညီမအတွက် အသေခံပြီး သွေးပေးမယ် ဆုံးဖြတ်ခဲ့ပုံရတာမို့ ဆရာဝန်က သွေးလှူတာနဲ့ မသေနိုင်ကြောင်း ပြောတော့ သူတို့ ဘယ်နှနှစ် အသက်ရှင်နိုင်သေးလဲလို့ ကောင်လေးက ထပ်မေးတော့ “မင်းက ကျန်းမာတော့ အသက် ၁၀၀ အထိ ရှင်နိုင်တယ်” လို့ ဆရာဝန်က ဖြေတယ်။ အဲဒီအခါ ကောင်လေးက –
    ❝ဆရာ … ဒီလိုဆိုရင် ကျွန်တော့်ကိုယ်ထဲက သွေးတွေ တစ်ဝက်ဖောက်ပြီး ညီမလေးကို ပေးလိုက်ပါ။ ကျွန်တော်တို့နှစ်ယောက် အသက် ၅၀ စီပဲ ရှင်မယ်❞ လို့ ပြန်ပြောပါသတဲ့။

    💰💰💰💰💰

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ