နှလုံးသားဝန်ဆောင်မှု

( 1 မှတ်ချက်)

6500 (ကျပ်)

နေ့စဉ်ဘ၀မှာ ခန္ဓာကိုယ်အတွက် အစာအာဟာရက အရေးပါသလို နှလုံးသားလေး နွေးထွေးဖို့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ကြည်နူးခံစားရမှုလေးတွေလည်း လိုအပ်ပါတယ် . . .

ဒီစာအုပ်ထဲမှာ လှပတဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေနဲ့ ပတ်သက်တဲ့ စာစုလေးတွေကို ဆရာမ နိုင်းနိုင်းစနေက ဘာသာပြန်ရေးဖွဲ့ထားတာကို တွေ့ရပါလိမ့်မယ် . . .

နှလုံးသားရဲ့ လိုအပ်နေတဲ့ ဟာကွက်ကလေးတွေကို ဒီစာအုပ်လေးက ဖြည့်ဆည်းပေးတဲ့ ၀န်ဆောင်မှုလေး ပြုလုပ်ပေးသွားပါလိမ့်မယ် ..

စာမျက်နှာ

184

စာအုပ်အရွယ်အစား

5.4× 0.3×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ဖေဖော်ဝါရီလ (ပထမအကြိမ်)

14 in stock

နှလုံးသားဝန်ဆောင်မှု အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    🩷 “နှလုံးသားဝန်ဆောင်မှု” ဆိုတဲ့ ဆရာမနိုင်းနိုင်းစနေရဲ့ ဒီစာအုပ်လေးကို ဒီနှစ် (၂၀၂၄) ချစ်သူများနေ့ အမှတ်တရအဖြစ်နဲ့ ပြန်လည်ထုတ်ဝေလိုက်တာဖြစ်ပါတယ်။ စာအုပ်လေးက ဘာသာပြန်စာအုပ်လေးဖြစ်ပြီး ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ပုံဖော်ရေးသားထားတာ ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာအကြောင်းကို ပုံဖော်ရာမှာ ဇာတ်လမ်းလေးတွေနဲ့ ပုံဖော်ပြောပြထားတာဖြစ်လို့ ချစ်ခြင်းမေတ္တာရဲ့ သိမ်မွေ့မှု၊ ချစ်ခြင်းမေတ္တာရဲ့ အတိမ်အနက်ကို ပိုပြီးနားလည်စေသလို ပိုပြီးတော့ ရင်ထဲအထိ ခံစားမိစေတဲ့ ဇာတ်လမ်းလေးတွေ ဖြစ်ပါတယ်။

    🩷 ချစ်ခြင်းမေတ္တာလို့ဆိုရာမှာ လူတစ်ဦးအပေါ်တစ်ဦး ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေဖြစ်လို့ သမီးရည်းစားချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ပတ်သက်တဲ့ relationship ဆိုင်ရာတွေတင် မဟုတ်ဘဲ မိဘနဲ့သားသမီးအကြား၊ လူစိမ်းအချင်းချင်းအကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာရဲ့ သဘောအကြောင်းအရာ ဇာတ်လမ်းလေးတွေလည်း အနည်းငယ် ပါဝင်ပါတယ်။ စုစုပေါင်း အပုဒ်ရေ (၄၈) ပုဒ်ပါပါတယ်။ ဒီထဲက အပုဒ်လေးတွေ တော်တော်များများက ချစ်ခြင်းမေတ္တာကို ဖော်ကျူးရာမှာ တကယ့်ကို ရင်ထဲရောက်စေတဲ့ ဖြစ်ရပ်ကလေးတွေ များပါတယ်။ သဘောကျရတဲ့ အပုဒ်တွေလည်း တော်တော်များများပါပဲ။ (၅) ပုဒ်လောက်ကို ပြန်ပြောင်းရေးပြလိုက်ပါတယ်။
    __________________________

    🩷 အပျော်ရွှင်စေဆုံး စကားတစ်ခွန်း 🩷
    တီဗီအသံလွှင့်ဌာနက အစီအစဉ်တစ်ခုအတွက် အမျိုးသမီးပရိသတ်တွေဆီကနေ “အပျော်ရွှင်စေဆုံး စကားတစ်ခွန်း” ကို တောင်းဆိုလိုက်ရာ အသံလွှင့်ဌာနဆီ ရောက်လာခဲ့တဲ့ စာတွေအများကြီးထဲကနေမှ “နင် အိပ်နေ … ငါ ထမယ်” ဆိုတဲ့ စကားတစ်ခွန်းက ပထမဆုရသွားခဲ့ပါတယ်။ အဲဒီစကားရဲ့ နောက်ကွယ်က ဇာတ်လမ်းက ငယ်ရွယ်တဲ့ ဇနီးမောင်နှံနှစ်ဦး မင်္ဂလာဆောင်ပြီး ကလေးရလာတော့ ကလေးထိန်းခေါ်ဖို့ အပိုဝင်ငွေမရှိတာမို့ မိန်းမကလုပ်သူက အိမ်မှုကိစ္စနဲ့ ကလေးထိန်းတာဝန်ကို ယူလိုက်ရပြီး ယောက်ျားလုပ်သူက အလုပ်ထွက်လုပ်တယ်။

    ကလေးက ချူချာလို့ ညတိုင်း ငိုတယ်။ မိန်းမလုပ်သူက ဘယ်လောက်ပင်ပန်းနေပါစေ ယောက်ျားကို မနှိုးရက်ဘဲ ကလေးငိုတာနဲ့ချက်ချင်း ထပြီး ကလေးကို ချော့မြူတယ်။ နောက်တော့ ယောက်ျားလုပ်သူလည်း သူ့မိန်းမ လုပ်ရပ်ကို သိသွားပြီး ကလေးငိုတဲ့အခါ ချက်ချင်းထပြီး မိန်းမကို “နင် အိပ်နေ … ငါ ထမယ်” ဆိုပြီး ပြန်အိပ်ခိုင်းခဲ့တယ်။ ကလေးက ညတိုင်းလိုလို ငိုတော့ ဒီစကားက ညတိုင်းလိုလို မိန်းမလုပ်သူ ကြားခဲ့ရသတဲ့။ အခုဆို သူတို့လင်မယားက အဘိုးကြီး၊ အဘွားကြီးတွေ ဖြစ်နေကြပြီး အမျိုးသမီးက “အဲဒီစကားတစ်ခွန်းက ကျွန်မရင်ကို ခုထက်ထိ နွေးထွေးစေပါတယ်” လို့ တီဗီအစီအစဉ်မှာ ပြောသွားပါတယ်။

    🩷 ဆောရီးလို့ အလွယ်တကူ မပြောပါနဲ့ 🩷
    ငယ်ငယ်တည်းက အတူကြီးပြင်းလာတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်။ ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ငါးဖမ်းသွားတယ်။ ပြန်တိုင်း ကောင်လေးက ပလိုင်းအပြည့်ရပေမဲ့ ကောင်မလေးကတော့ တစ်ကောင်မှ မရခဲ့ဘူး။ မျက်ရည်အဝဲသားနဲ့ အိမ်ပြန်လာခဲ့တဲ့ ကောင်မလေး ညစာစားခါနီး ကောင်လေး ရောက်လာပြီးတော့ “နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော် … ရော့ ဒါနင့်အတွက်” လို့ ငါးထည့်ထားတဲ့ ဖန်ငါးကန်လေး လာပေးတယ်။

    ကောင်မလေးကို အမြဲစနောက်တတ်တဲ့ ကောင်လေး သူ့လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်သွားရင် “ဆောရီးနော် … ငါမှားသွားတယ်” လို့ တောင်းပန်တတ်တယ်။ ကောင်လေးနဲ့ ကောင်မလေး ရန်ဖြစ်စကားများတိုင်း ကောင်မလေးဘက်ကပဲ စပြီးပြေငြိမ်းရတယ်။ အဲဒီနှစ် ကောင်မလေး မွေးနေ့မှာ မွေးနေ့ပွဲလုပ်ပေးပြီး “ဆောရီးနော် နင့်ကိုငါ လက်ထပ်ပါရစေ” လို့ လက်စွပ်တစ်ကွင်းထုတ်ပေးတယ်။ လက်ထပ်ပြီးတော့ ကောင်လေးရဲ့အလုပ်တွေ ပိုတိုးတက်လာပြီး ကောင်မလေးက အိမ်ရှင်မကောင်း ဖြစ်လာခဲ့တယ်။ နောက်တော့ ကောင်လေး တဖြည်းဖြည်းနဲ့ အိမ်ပြန်နောက်ကျလာတယ်။ နောက်ကျတိုင်း ရေမွှေးနံ့တစ်မျိုးမျိုး ကောင်လေးကိုယ်မှာ ကပ်ငြိလာတတ်တယ်။ ကောင်မလေး မမေးခင် ကောင်လေးက ရှင်းပြတတ်တယ်။ “ဆောရီး ဒီနေ့ အလုပ်မှာ စားပွဲသောက်ပွဲ ရှိပြန်တယ်” လို့ ပြောတတ်တယ်။

    တဖြည်းဖြည်း အလုပ်အကြောင်းပြပြီး ကောင်လေး အိမ်ပြန်မလာတော့ဘူး။ ကောင်မလေး တစ်ယောက်တည်း အထီးကျန် အဖော်မဲ့ပြီး ကောင်လေးကို “ဘယ်အချိန် ပြန်လာမလဲ” လို့ မေးတိုင်း ကောင်လေးက “ဆောရီး ငါအလုပ်များနေတယ်” လို့ပဲ ပြန်ဖြေတတ်တယ်။ တစ်ရက်တော့ ကောင်မလေးက ပြင်ဆင်ပြီး အလုပ်များတယ်လို့ ကောင်လေးပြောတဲ့ ကောင်လေးရဲ့ အလုပ်ဆီ လိုက်သွားခဲ့တယ်။ ရုံးခန်းတံခါးကို အသာလေး တွန်းဖွင့်ကြည့်လိုက်တဲ့အခါမှာ မိန်းမတစ်ယောက်နဲ့ အကြည်ဆိုက်နေတဲ့ ကောင်လေးကို တွေ့ခဲ့ရတယ်။ “ဆောရီးပဲ နင့်ကိုပဲ ငါချစ်ပါတယ်ကွာ၊ နင့်ကိုပဲ ငါတကယ်ချစ်တာပါ” လို့ ကောင်လေးက အော်ပြောနေပေမဲ့ ကောင်မလေး ဂရုမစိုက်တော့ဘူး။

    ကောင်မလေးကို ကောင်လေး ရှာမတွေ့ခဲ့တော့ဘူး။ နှစ်ဝက်အထိ ကြာသွားပြီးနောက်မှာ စာတိုက်ကနေ ဘူးလေးတစ်လုံးရောက်လာတယ်။ ဘူးထဲမှာက စာတစ်စောင်ပါတယ်။ ရေးထားတာက ကောင်လေးကိုခွဲပြီး ဘယ်လိုရှင်သန်ရမလဲဆိုတာ နားလည်ခဲ့ပြီဖြစ်ကြောင်း၊ ကောင်လေးအပြန်ကို နေ့တိုင်း စောင့်ဖို့မလိုတော့ကြောင်း၊ ဖုန်းလည်း အချိန်ပြည့်ဖွင့်ထားဖို့ မလိုတော့ကြောင်း၊ ကွာရှင်းစာအုပ်ကို ငါးကန်အောက်မှာ ထားခဲ့ကြောင်းနဲ့ လက်မှတ်ထိုးပြီး လိပ်စာအတိုင်း ပို့ပေးဖို့ ရေးထားတယ်။ လိပ်စာအတိုင်း ကောင်လေး လိုက်သွားတော့ ကောင်မလေးအဖေကိုပဲ တွေ့ရတယ်။ စာရေးပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ စိတ်မကောင်းစွာနဲ့ ပြောတယ်။

    “ဆောရီးဆိုတဲ့ တောင်းပန်မှုတိုင်းက ကိစ္စမရှိပါဘူးဆိုတဲ့ စကားနဲ့ လဲလှယ်လို့မရနိုင်ပါဘူး”

    🩷 အရူးနှစ်ယောက်ရဲ့ ချစ်ပုံပြင် 🩷
    ဒီဇာတ်လမ်းထဲက ယောက်ျားရော၊ မိန်းမရောက ရူးနေကြတယ်။ သူတို့နှစ်ယောက်က အမှိုက်ပုံတစ်ခုမှာ မှိုတက်နေတဲ့ ပေါင်မုန့်တစ်ချပ်ကို အတူတွေ့ရင်း ဆုံခဲ့ကြပြီး အရူးမိန်းမက အရူးယောက်ျားနေတဲ့ အိမ်အိုကြီးနောက် လိုက်လာရင်း သူတို့အတူ နေဖြစ်သွားတယ်။ တစ်ရက် အရူးယောက်ျားက ဘယ်ကကောက်လာမှန်းမသိတဲ့ သံချေးတက်နေတဲ့ လက်စွပ်တစ်ကွင်းကို သူမလက်မှာ စွပ်ပေးလိုက်တယ်။ နောက်တော့ အရူးမိန်းမ အပြင်းဖျားတယ်။ အရူးယောက်ျားက ဆိုင်တစ်ဆိုင်ကနေ ရေနဲ့ ပေါင်မုန့်ကို ဝင်လုလာခဲ့ပြီး ဆိုင်ပိုင်ရှင်ရဲ့ အရိုက်အနှက်ကို ခံခဲ့ရတယ်။ ဒါပေမဲ့လည်း အရူးမိန်းမက မစားနိုင်တော့ဘူး။ အဖျားတွေ တက်ပြီး မေ့မြောသွားတယ်။

    အရူးယောက်ျားလည်း အိမ်အိုထဲက ထွက်ပြေးပြီး ရဲသားတစ်ဦးကို အကူအညီတောင်းတယ်။ ဒါပေမဲ့ ရဲက သူ့ကို အရူးဆိုပြီး ကန်ထည့်လိုက်တယ်။ ဗိုက်ကိုလည်း အားနဲ့ သုံးလေးချက်ဆင့်ပြီး ကန်ချသွားတယ်။ အတော်ကြာတဲ့အထိ လဲနေပြီး သတိရတော့ အရူးမိန်းမကို ကျောပိုးပြီး လမ်းပေါ်ထွက်ပေမဲ့ ဘယ်သူမှ သူတို့ကို ဂရုမစိုက်ကြဘူး။ ဒါနဲ့ ဖန်ကွဲစတစ်စကို ကောက်ယူပြီး အရူးမိန်းမရဲ့ ပိန်လှီနေတဲ့ လက်ပေါ် ခုတ်ချလိုက်တော့ သွေးတွေ ထွက်လာတော့မှ အရေးပေါ်တင်ကားနဲ့ အရူးမိန်းမကို ခေါ်သွားတယ်။ ဒါပေမဲ့ သူမ သေဆုံးသွားခဲ့တယ်။ အရူးယောက်ျားလည်း သူမပြန်အလာကို အကြာကြီး စောင့်နေခဲ့ပြီးနောက် သူတို့စတွေ့ခဲ့တဲ့ အမှိုက်ပုံးဘေးမှာ သေဆုံးသွားခဲ့တယ်။

    🩷 ဝေးလွင့်နေ့စွဲ ဖေဖော်ဝါရီ (၁၄) 🩷
    သူမနဲ့ မောင်နဲ့က ငယ်လေးကတည်းက အိမ်နီးချင်းတွေ။ တက္ကသိုလ်ဆက်တက်ကြတော့ သူမက ဆရာဝန်လိုင်း၊ မောင်က အင်ဂျင်နီယာလိုင်းပေမဲ့ တခြားမြို့မှာ ကျောင်းသွားတက်မှာကို စိတ်မချကြတဲ့ မိဘတွေက အချင်းချင်းကူညီနိုင်အောင် အခန်းချင်းကပ်ရက် အိမ်ခန်းငှားပေးခဲ့တယ်။ သူမနဲ့ မောင်က အမြဲ ရန်ဖြစ်ငြင်းခုံနေကျ၊ တစ်ယောက်နဲ့တစ်ယောက် မမြင်ရင်မနေနိုင်ပေမဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း ဖွင့်မပြောကြဘူး။ ချစ်သူများနေ့တိုင်းကိုတော့ အတူတူ ဖြတ်သန်းကြတယ်။ အဲဒီနှစ် ချစ်သူများနေ့မှာ နေ့လယ်စာ စားဖို့ တွေ့ကြတော့ လက်ဆောင်ပန်းစည်း မပေးလို့ သူမက ရန်တွေ့ပူဆာတော့ မောင်က အလုပ်ပြန်ရောက်ရင် e-card ပို့လိုက်မယ်လို့ ပြောတယ်။

    ပြန်ရောက်လို့ သူမ မေးလ်ဘောက် ဖွင့်ကြည့်တော့ ဘာစာမှ မဝင်နေပါဘူး။ ဖုန်းဆက်ပြောတော့ ပို့လိုက်ပြီလို့ ပြောတော့ ထပ်ပို့ဖို့ ပြောတော့ အစောင်တစ်ရာပို့လိုက်မယ်လို့ မောင်က ပြောလိုက်တယ်။ ဖုန်းချပြီး သူမ စက်ပိတ်ထားလိုက်တယ်။ ဆေးရုံ ညဂျူတီ လာဆင်းပြီး ဖုန်းလာရင်လည်း မခေါ်ဖို့ ဝန်ထမ်းတွေကို မှာထားတယ်။ နောက်တော့ အရေးပေါ်လူနာတစ်ယောက် ရောက်လာတယ်။ သူမ ကြည့်လိုက်တဲ့အချိန်မှာ မောင်ဖြစ်နေခဲ့တယ်။ သူမ အသက်ကယ်ဖို့ ဘယ်လိုပဲကြိုးစားခဲ့ပေမဲ့ မောင်ဆုံးပါးသွားခဲ့တယ်။ အဲဒီနေ့က သူမ ဖုန်းစက်ပိတ်ထားတာမို့ ဆေးရုံကို မောင် ထွက်လာရင်းနဲ့ ကားတိုက်မိခဲ့တယ်ဆိုတာ သိလိုက်ရတော့ သူမ ယူကျုံးမရဖြစ်ခဲ့တယ်။ ကတ်လေးတစ်ကတ်ကြောင့် လူ့လောကထဲကနေ မောင်အပြီးအပိုင် ထွက်သွားခဲ့တယ်။

    ခုနှစ် ချစ်သူများနေ့မှာ မနှစ်တည်းက မဖွင့်ဖြစ်ခဲ့တဲ့ ဖုန်းအလိပ်လိပ်တက်နေတဲ့ ကွန်ပျူတာကို ဖွင့်ပြီး မေးလ်ဘောက်ကို ဖွင့်လိုက်တော့ စာအစောင် တစ်ရာ ဝင်နေတာကို တွေ့လိုက်တယ်။ ပို့ထားတဲ့ ရက်စွဲက မနှစ်က ဖေဖော်ဝါရီ (၁၄) ရက်နေ့က … နှင်းဆီအနီရဲရဲ တစ်ပွင့်ပါတဲ့ ကတ်လေးတစ်ခုနဲ့ သူမသဘောကျတယ်လို့ တစ်ခါကပြောဖူးတဲ့ only love ဆိုတဲ့ သီချင်းလေးနဲ့။ ကတ်အောက်မှာလည်း စာသားလေးတစ်ခု။ နောက်ဆုံးမှာတော့ လက်ထပ်ကြစို့၊ ခွင့်ပြုမယ်မဟုတ်လားလို့ ခွင့်တောင်းထားတယ်။ သူမလည်း မေးလ်အစောင်တစ်ရာလုံး ဖွင့်ကြည့်ပြီး မေးလ်တိုင်းကို ခွင့်ပြုတယ် မောင်လို့ ပြန်ဖြေနေတယ်။

    🩷 အသံမဲ့ ချစ်ခြင်းမေတ္တာ 🩷
    အမေဆုံးပြီးနောက်ပိုင်း ဆွံ့အနားမကြား ဖခင်ကြီးက အကြော်ကြော်ပြီး စက်ဘီးနဲ့ လည်ရောင်းရင်း သူမနဲ့ အစ်ကိုနှစ်ယောက်ကို ကျွေးမွေးခဲ့တယ်။ လူအကြီးသမီးလို့ နောက်ပြောင်အခေါ်ခံခဲ့ရတာကို သူမ မုန်းတီးခဲ့တယ်။ အဖေရဲ့ ဆွံ့အခြင်းကို မုန်းတီးခဲ့တယ်။ သူမ ဒေါသထွက်တိုင်း အဖေ့ရှေ့မှာ ပေါက်ကွဲခဲ့တယ်။ ဘွဲ့ရပညာတတ်ရင် ဒီရွာက ထွက်သွားဖို့ သူမ ရည်ရွယ်ပြီး စာကြိုးစားတယ်။ ဖခင်ဖြစ်သူက သူမ ကျောင်းပြီးတဲ့အထိ အကြော်ရောင်းရငွေတွေနဲ့ ပံ့ပိုးခဲ့တယ်။ ကျောင်းပြီးတော့ ရွာနဲ့ မိုင် (၃၀) ဝေးတဲ့ မြို့မှာ မူလတန်းပြဆရာ အလုပ်ရခဲ့တယ်။ အဆင်ပြေနေသားကျတော့ အတူလာနေဖို့ အဖေ့ကို သွားခေါ်တယ်။

    သူမစီးလာတဲ့ကား လမ်းခုလပ်မှာ တိမ်းမှောက်ပြီး အစ်ကိုနဲ့ အဖေတို့ ရောက်လာကြတယ်။ ပိန်လှီနေတဲ့ အဖေက သူမကို ပွေ့ချီပြီး ဆေးရုံပို့တယ်။ သူမကို ကယ်တင်လို့ မရနိုင်ကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဆရာဝန်က အစ်ကိုတွေကို ပြောပြပြီး အစ်ကိုက အဖေ့ကို ပြောပြတော့ အဖေလုပ်သူက လက်ဟန်ခြေဟန်နဲ့ သမီးလုပ်သူကို အတတ်နိုင်ဆုံး ကယ်တင်ပေးဖို့ အကြော်ရောင်း၊ ကောက်ရိတ်ပြီး ရတဲ့ငွေနဲ့ ဆေးဖိုးဝါးခ ပေးမယ့်အကြောင်း၊ မလောက်သေးရင် အိမ်ကိုရောင်း၊ မြေကွက်ရောင်း ပေးမယ့်အကြောင်း ပြောပါတယ်။ ခွဲစိတ်ပြီး ဆရာဝန်တွေက လက်လျှော့ခဲ့ကြတယ်။

    အဖေကတော့ မေ့မြောနေတဲ့ သူမဘေးမှာ ရှိနေခဲ့တယ်။ တစ်လကြာတော့ သူမ သတိပြန်လည်လာပြီး တစ်လအတွင်း ပိုအိုစာသွားတဲ့ အဘိုးအိုကို တွေ့လိုက်ရတယ်။ အဖေရဲ့ ချစ်ခြင်းမေတ္တာကို နားလည်ခဲ့ရပြီး သူမ အလုပ်လုပ်တဲ့ မြို့ကလေးကို အတူနေဖို့ ခေါ်သွားခဲ့တယ်။ ဒါပေမဲ့ အဖေက အကြော်ဆက်ရောင်းနေပြီး အခုအခါမှာတော့ “အကြော်ရမယ် … အကြော်စုံ ပူပူလေးရမယ်” ဆိုတဲ့ သူမအသံသွင်းထားတဲ့ စပီကာလေးတစ်ခု စက်ဘီးမှာတပ်ပြီးတော့ ရပ်ကွက်တကာ လှည့်ပြီး ပျော်ရွှင်စွာနဲ့ အကြော်ရောင်းနေသတဲ့။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နိုင်းနိုင်းစနေ စာအုပ်များ