လူနာဆောင်အမှတ်ခြောက်

( 3 မှတ်ချက်)

6500 (ကျပ်)

အဆောင်ခြောက်သည် ရုရှားပြည် မြို့ကလေးတစ်မြို့ရှိ ဆေးရုံတစ်ရုံ၏ စိတ္တဇဝေဒနာသည်များထားရာ အဆောင်တစ်ဆောင် ဖြစ်ငြားလည်း ချက်ကော့သည် ဆေးပညာအကြောင်း၊ ဆေးရုံအကြောင်း ရေးလိုရင်း မဟုတ်ချေ။ ထိုခေတ်က ဖြစ်ပေါ်နေသော ရုရှားလူမှုအဖွဲ့အစည်းအကြောင်း ဖော်ပြလိုရင်းသာဖြစ်သည်။

လူနာဆောင် အမှတ်ခြောက်မှာ လူနာ ၅၊ ဆရာဝန် ၁၊ သူ့ဝတ္ထုက ဒါပဲဖြစ်သည်။ အခြား ဆေးရုံ အမှုထမ်းများ နှင့် မြို့နယ်ကောင်စီ လူကြီးများက အသိုင်းအရန်မျှသာ။ သို့သော် လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးအကြောင်းကို ခြယ်မှုန်းထားသည်ဟုလည်း ပြောနိုင်သည်။

ချက်ကော့သည် ဆေးရုံသို့ စိတ္တဇဝေဒနာသည်တစ်ဦးအဖြစ် ရောက်ရှိနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် သစ္စာတရားကို ရင်ဝယ်ပိုက်သော ဆရာဝန်တစ်ဦးမှတစ်ဆင့် လူ့အဖွဲ့အစည်း၏ ဖောက်ပြန်မှုများ၊ တိုးတက်ဖြစ်ထွန်းမှုများကို ပီပြင်ပေါ်လွင်အောင် ပြထားသည်။

စာမျက်နှာ

213

စာအုပ်အရွယ်အစား

4.8 x 0.4 x 7.2 inches

ပုံနှိပ်မှတ်တမ်း

မြန်မာ့ရတနာ၊ 2024 စက်တင်ဘာလ၊ (စတုတ္ထ-အကြိမ်)

စျေးနှုန်းအပြောင်းအလဲ

14.7.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

3 in stock

လူနာဆောင်အမှတ်ခြောက် အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. မအိမ့်အိမ့်ထူးအောင် –

    #WardSix_AntonChekhov
    #လူနာဆောင်အမှတ်ခြောက်_ဖေမြင့်

    ကျောင်းအေးအေးဆေးဆေး ပိတ်ထားတုန်းလေး ကိုယ်သိပ်အားမသန်ခဲ့တဲ့ စာအုပ်တွေဘက် လှည့်ဖြစ်ခဲ့တယ်။

    ဒီတစ်ခါတော့ ဆရာဖေမြင့်ရဲ့ “လူနာဆောင်အမှတ်ခြောက်” စာအုပ်လေးကို ဖတ်ကြည့်ဖြစ်ခဲ့တယ်။

    ဆရာ့ရဲ့ အရေးအသားကို အကြာကြီးနေမှ ဒုတိယအကြိမ်အဖြစ် ပြန်လည်ထိတွေ့တဲ့သဘောမို့လား မသိဘူး။ အရင်က သိပ်စိတ်မဝင်စားခဲ့တဲ့ ဆရာ့စာအုပ်တွေကို ဆရာ့ရဲ့ ဘာသာပြန်စွမ်းရည်ကြောင့်
    နောက်ထပ် ဆက်ဖတ်ကြည့်ချင်စိတ်တွေ ဖြစ်လာစေတယ်။

    ဘာသာပြန်ဝတ္ထုတွေထဲဆိုရင် ဆရာသင့်လူကို ပိုသဘောကျတတ်ပေမယ့် ခုတော့ ဆရာဖေမြင့်ရဲ့ ဘာသာပြန်စွမ်းရည်ကို ပိုလေးစားခုံမင်သွားတယ်။
    မြန်မာလို ဖတ်ရတာတောင် ဝေါဟာရကြွယ်ဝမှုတွေ၊ ဘာသာပြန်လက်ရာ ပါးနပ်ကျွမ်းကျင်မှုတွေကို မကြုံစဖူး ကြုံလိုက်ရသလိုပဲမို့ တော်တော်သဘောကျသွားတယ်။

    စာအုပ်နာမည်က “လူနာဆောင် အမှတ်ခြောက်”တဲ့။ စိတ်ဝေဒနာရှင် တက္ကသိုလ်ကျောင်းသားတစ်ဦး အိုင်ဗင်ဂရိုမော့ဗ် နဲ့
    ဒေါက်တာ ရာဂင်တို့ အပြန်အလှန်ဆွေးနွေးငြင်းခုံမှုတွေထဲကနေ ၁၈၀၀-၁၉၀၀ အကြား ခေတ်ကာလတစ်ခုရဲ့ ရုရှားတောကျေးလက် လူနေမှုအဆင့်အတန်းကို အများကြီး ဖော်ပြသွားတယ်။ စာဖတ်သူတွေကိုလည်း ရာဂင့်ရဲ့နေရာကို ရောက်မှန်းမသိရောက်အောင် ဆွဲခေါ်သွားခဲ့ပြီး ရာဂင့်လိုပဲ မှားယွင်းတဲ့ တွေးခေါ်ယုံကြည်မှုတွေကိုလည်း ရိုက်ချက်အပြင်းဆုံး သင်ခန်းစာတစ်ခုနဲ့ မှန်ကန်အောင် ပြုပြင်ပေးခံရသလို ခံစားမိစေခဲ့တယ်။

    အကြိုက်ဆုံး သင်ခန်းစာတစ်ခုကတော့ ကိုယ့်ပတ်ဝန်းကျင်က စိတ်ရောဂါဝေဒနာသည်တွေကို ဘယ်လို မှန်ကန်စွာ ပြုမူဆက်ဆံသင့်တယ်ဆိုတာကို ကောင်းကောင်းကြီး ချပြသွားခဲ့တာပါပဲ။ #တစ်ခါတစ်လေကျ ကျွန်မတို့တွေဟာ သူများဝေဒနာခံစားနေရတာကို တွေ့ရင် ဥပေက္ခာပြုတတ်ဖို့ ၊ တစ်ချိန်ချိန်မှာ မြေကြီးထဲ ရောက်သွားရမယ့် လူတွေချည်းပဲမို့ နာကျင်မှုကို အရေးတယူလုပ်မနေမိစေဖို့
    အမှတ်တမဲ့ဖြစ်စေ…တခုတ်တရဖြစ်စေ နှစ်သိမ့်ဖေးမတတ်ကြပါတယ်။ တကယ်တော့ ဝေဒနာဆိုတာ ရာဂင် အနိစ္စရောက်ခါနီး ကြုံတွေ့ခဲ့ရသလိုမျိုးပါပဲ…။ ကိုယ်တိုင်ကြုံတွေ့ခံစားရပြီဆိုမှ ဝေဒနာဟာ စကားလုံးတွေလောက်နဲ့ ပျက်ပြယ်သွားမယ့် ဒဏ်ရာအတိမ်အနက်မဟုတ်တော့တာကို သိလာရတယ်။ အဲ့ဒီအခါကျ အချိန်တွေ နှောင်းသွားခဲ့ပြီလေ…။

    ဘာပဲဖြစ်ဖြစ် ဒီစာအုပ်လေးကို ရွေးချယ် ဖတ်ဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ကျေးဇူးတင်မိပါတယ်။ ဆရာဖေမြင့်ရဲ့ တခြားစာအုပ်တွေကိုပါ ထပ်ဖတ်ကြည့်ဖို့ အားယူရင်း ဆရာ့စာအုပ်ကို မဖတ်ဖူးသေးတဲ့ တချို့မိတ်ဆွေတွေကိုလည်း ဒီစာအုပ်လေးဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

    ကျေးဇူးတင်ပါတယ်။
    .
    .
    .
    #ချစ်ခင်လေးစားစွာဖြင့်
    #အိမ့်
    Fri, Oct 2, 2020

  2. Kyaw Thu –

    ရှက်ရှက်နဲ့ရေးလိုက်ပါဦးမယ်။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ ရုရှားစာရေးဆရာ Chekhovက ပြုံးကြည့်နေသလိုပါပဲ။

    ဆရာဖေမြင့်မှ ဘာသာပြန်ထားတဲ့ “လူနာဆောင်အမှတ်ဆယ့်ခြောက်” ဟာ Anton Chekhovရဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ပုဒ်လို့ဆိုကြပါတယ်။
    Anton Chekhovဆိုတာ ဝတ္ထုပေါင်းများသွာရေးသားခဲ့ပြီး ရုရှားစာပေလောကမှာ ဒေါ့စတိုယကစွကြီး၊တော့စတွိုင်းနဲ့ တစ်တန်းတည်းထားခဲ့ကြတဲ့ ဂန္တဝင်ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ “ဆေးပညာက ကျွန်တော့်တရားဝင်ဇနီးဗျ၊ စာပေကတော့ ကျွန်တော့်ချစ်သူပဲ” လို့ပြောခဲ့တဲ့ ကမ္ဘာကျော် ဆရာဝန်စာရေးဆရာတစ်ယောက်ပေါ့။

    ဆေးရုံထဲက မထင်မရှား စိတ်ရောဂါကြပ်မတ်ကုသဆောင်နဲ့အစပျိုးထားတယ်။ ဘယ်နေရာဘယ်သူရှိတယ်ကအစ အသေးစိတ်မျက်စိထဲပုံပေါ် ပြီး လူနာတွေရဲ့စိတ်မနှံ့ပုံတွေက လည်း သူ့ပုံစံနဲ့သူ။ ပြောရမယ်ဆို ဖတ်စကတည်းက ဇာတ်ရှိန်ကမြင့်နေပါပြီ။ ကုသဆောင်(အရူးထောင်)ထဲရောက်နေတဲ့ ဂရိုမော့ဗ်ဆိုတဲ့ ထက်မြက်တဲ့ လူတစ်ယောက်ရဲ့ ခူတွေအပေါ် ရှုမြင်တဲ့ အတွေးအမြင်တွေက စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေပါ။

    “တရားသူကြီး၊ ပုလိပ်အရာရှိ၊ ဆရာဝန် စသည့် လူတို့၏စိတ်ဒုက္ခများနှင့် ဆက်စပ်လုပ်ကိုင်နေကြသူများမှာလည်း နေ့တဓူဝ အတွေ့အကြုံများအရ အကျင့်ပါ အရေထူကာ အမှုသည်တို့ဒအကျိုးအတွက် ဆောင်ရွက်လိုစိတ်ရှိသည် ဆိုဦးတော့၊ ရုံးလုပ်ထုံးလုပ်နည်းများ အတိုင်းကလွဲ၍ လုပ်မပေးတတ်ကြတော့။ တစ်နည်းအားဖြင့် သူတို့မှာ အိမ်နောက်ဖေး ကွက်လပ်တွင် သိုးများ ဆိတ်များကို လည်လှီးသတ်ကာ သွေးမြင်၍မှ သတိမရနိုင်ကြသည့် လယ်သမား ယာသမားများနှင့် ဘာမှမခြားကြတော့။”

    – လူနာဆောင်အမှတ်ခြောက်,Pg.29
    ဂရိုမော့ဗ်က အထည်ကြီးပျက်သမား ဘဝကို အသက်ရှင်ဖို့အရေး ရုန်းကန်နေရတယ်။ တစ်ဖက်မှာလည်း စာကို အငမ်းမရ အတင်းမျိုချ ဖတ်တတ်သူဖြစ်ပြီး လူတွေက သူ့ကို စွယ်စုံကျမ်းကြီးလို့ တလေးတစားဆက်ဆံကြတယ်။ သူ့ပြဿနာတွေက ရဲတွေ အပြစ်သားတစ်ယောက်ကို ဖမ်းခေါ်သွားတာ မျက်စိနဲ့ တပ်အပ်မြင်ရာကစတာပဲ။ နဂိုကလည်း ဆင်ခြင်သုံးသပ်လေ့ရှိတဲ့ သူ့ဉာဉ်က အငြိမ်မနေငါရော ထောင်မကျနိုင်ဘူးလားတဲ့။ အဲ့မှာ စိတ်ကစဉ့်ကလျားရောဂါစဖြစ်တာပဲ။ မကောင်းတာမလုပ်ထားတာတောင်မှ သူ့အိမ်ရှေ့မှာ အကြာကြီးရပ်နေတဲ့သူတွေကို သင်္ကာမကင်းဖြစ်လာတယ်။ သူနဲ့လမ်းမှာခဏခဏဆုံတဲ့သူတွေကို သတိပြုမိလာတယ်။ လမ်းတွေ့တိုင်းနှုတ်ဆက်တဲ့ ရဲအရာရှိကို ထောင်ထဲထည့်တော့မှာလားဆိုပြီး လန့်လာတယ်။ အကျဉ်းထောင်တွေ အရူးထောင်တွေရှိနေသရွေ့ဆိုင်ရာပုဂ္ဂိုလ်တွေက သူတို့အလုပ်ကို ယူထားတဲ့လခနဲ့တန်အောင် တာဝန်ကျေပွန်စွာ ထမ်းရွက်နေရင်း ငါလည်းအပြစ်မရှိတောင် ထောင်ကျနိုင်ပါလားဆိုတဲ့စိတ်က တားဆီးမရ လွှမ်းခြုံသွားတော့တယ်။ စိုးရိမ်စိတ်လွန်ကဲပြီး လူအများက အရူးထောင်ထဲထည့်ခံလိုက်ရတဲ့သနားစရာလူငယ်ပေါ့။ ခုတလောကြည့်ဖြစ်တဲ့ Inside Out 2 ဆိုတဲ့ Disney animation filmထဲကလို anxietyကပဲ လူတစ်ကိုယ်လုံးကို controlလုပ်သွားတဲ့ ပုံစံမျိုးပေါ့လေ။ သွက်သွက်ခါအောင်ရူးတယ်ရယ်တော့မဟုတ် ခံပြင်းစိတ်နဲ့ လောကကြီးကိုမကျေနပ်နေတဲ့ လူနာပုံစံကို အများအားဖြင့်တွေ့ရမှာပါ။

    သူ့အတွေးအမြင်တွေကို ကြပ်မတ်ဆောင်ထဲ လာရောက်ပြီးသုံးသပ်ဝေဖန်တဲ့သူက ဆေးရုံအုပ် ရာဂင်။ ရာဂင်အကြောင်းမိတ်ဆက်ရရင် လူပုံစံနဲ့ဆန့်ကျင်ပြီး အားနာစိတ် သနားစိတ် ရှက်စိတ် လွန်ကဲတဲ့ လူထွားကြီးပေါ့။ သူကလည်း ဒီနယ်မှာ ပညာတတ်တဲ့သူပဲ အိုင်ဗင်ဂရိုမော့ဗ်နဲ့ ဆွေးနွေးနိုင်လောက်တဲ့ ပညာဉာဏ်ပြည့်ဝသူပေါ့။ သူကလည်း ဂရိုမော့ဗ်လို ဒီဒေသကလူတွေရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေ မကောင်းမှုအစုစုကို နေ့တဓူဝ မြင်နေကြားနေရတဲ့သူပေါ့။ ဒါတွေကို ပြင်ဖို့၊ဖြေရှင်းဖို့ အစပိုင်းကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ မကြိုးစားတော့ဘဲ နေသာသလို သက်သာသလိုသာနေလိုက်တော့တဲ့ သူရဲဘောကြောင်သူကြီးပေါ့။ ငါတစ်ယောက်ကောင်းလို့ လောကကြီးက ဘာထူးသွားမှာလဲဆိုတဲ့ ပုံစံ။ သူ့အပေါ် လူလည်ကျတာ၊ ချောက်တွန်းတာ၊ သူ့ကို အသုံးချတာတွေကို သိနေပေမယ့် ပြန်တုံ့ပြန်ရမှာ ရှက်ရွံ့အားနာပြီး ကိုယ့်စိတ်ကိုယ်ဖြေတတ်၊ တရားချတတ်သူ။ တစ်ခုခုကို တောင်းဆိုဖို့ ငြင်းဆန်ဖို့ အားနာတတ်သူ၊ အရာရာကို မေတ္တာနဲ့ တုံ့ပြန်ဖို့ကြိုးစားနေသူတစ်ဦးပါပေါ့။

    လူပျော့လူညံ့ကြီးပေမယ့် အိုင်ဗင်ဂရိုမော့ဗ်နဲ့ ဆွေးနွေးတဲ့အခါ သူ့ဒဿနတွေက မြင့်မြတ်သဘောထားကြီးသယောင်မလို့ ဆရာဖေမြင့်ရေးသလို ဖတ်ရင်းဖတ်ရင်း စာဖတ်သူဟာ ရာဂင့်လူ ဖြစ်မှန်းမသိဖြစ်သွားရတယ်။ ရာဂင်ရဲ့ ဒဿနတွေကို သဘောကျပြီး ရာဂင်ရဲ့ကိုယ်ရောစိတ်ပါ လုပ်ဆောင်ကြံစည်သမျှကို သဘောပေါက်လက်ခံရင်း ဆရာဝန် ရာဂင်နဲ့တစ်သားတည်းဖြစ်သွားတယ်။ သူ့ရဲ့စကားကိုတောင် သဘောတွေကျပြီး လိုက်မှတ်လိုက်သေး။

    “ပျော်ရွှင်ခြင်း၊ စိတ်ချမ်းမြေ့ခြင်းဆိုတာတွေဟာ လူ့ကိုယ်တွင်း အဇ္ဈတ္တ သဏ္ဍာန်မှာသာတည်တယ်။ ပြင်ပ ဗဟိဒ္ဓလောကမှာ မတည်ဘူး“ တဲ့။

    ဟုတ်တာပေါ့ မှန်တာပေါ့။ ဂရိုမော့ဗ်ကို သူဘယ်လိုနားချမလဲဆိုတာကိုပဲ စိတ်ဝင်စားမိတော့တယ်။ ဖြစ်ချင်တော့ သွားနားချရင်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရောင်းရင်းတွေရဲ့ ပယောဂနဲ့ ဇာတ်လိုက်ကြီး ရာဂင် စိတ်မကျန်းမာတော့ဘူး၊ ရူးနေပြီဆိုပြီးစွပ်စွဲခံရတဲ့အပြင် အရူးဘဲ ငြိကြတာပဲ။ ကိုယ်တွင်းမှာလည်း ပျော်ရွှင်မှုကိုမရှာနေနိုင်တော့ဘူး။ ဒေါသတွေ၊ မောဟတွေ၊ မာန်မာနတွေက သူ့တစ်ကိုယ်လုံးကို ဝါးမျိုးသွားပြီ။ တစ်ချိန်က ကိုယ်မဖြစ်၊ မကြုံခဲ့စဉ်က အချောင်ခိုခဲ့တာတွေ၊ သွေးစုပ်ခဲ့တာတွေ အခု အတိုးနဲ့ပြန်ပေးဆပ်နေရပြီ။ အကျဉ်းထောင်၊ အရူးထောင်နဲ့ ပြင်ပဘဝကဘကွာလို့လဲဗျာ ဆိုတဲ့ ရာဂင်ကြီး ရဲ့အဆုံးအသတ်လေးက စာဖတ်သူကို တွေဝေသွားပြီး အတင်းမျက်စိမှိတ်ရုံခဲ့တာတွေလည်း ရှက်မိပါတယ်။

    ဝတ္ထုတိုအရေးအသားနဲ့ပတ်သက်ပြီး ကမ္ဘာကျော်တဲ့ Anton Chekhovရဲ့ ဒီovelette က Anton Chekhov ဘာကြောင့်နာမည်ကျော်ရတာလဲဆိုတာ ညွှန်ပြတယ်လို့ဆိုနိုင်ပါတယ်။
    စာအုပ်ထွက်ခဲ့တာက ၁၈၉၂ဆိုတော့ အဲ့ခေတ်က ရုရှားကျေးလက်နေလူထုရဲ့ သဘာဝ သရုပ်ကို အသေအချာအပီအပြင် တွေ့မြင်ရတဲ့အပြင် ဒီစာအုပ်က ရုရှားပြည်သာမက ကမ္ဘာအရပ်ရပ်ကစာဖတ်သူတွေကိုပါ သေချာပေါက်ရိုက်ခတ်စေခဲ့မှာပါ။ ၁၈၉၂ ဆိုတော့မြန်မာမှာတော့ ဗြိတိသျှတွေ အုပ်ချုပ်မင်းလုပ်နေချိန်ပေါ့။ စာအုပ်ရဲ့တစ်နေရာမှာ တခြားပညာတွေသာ ရပ်တန့်သွားပေမယ့် ဆေးပညာရဲ့ ကမ္ဘာတည်သရွေ့ ဆက်လက်တိုးတက်နေမှုကို ထောက်ပြသွားပါသေးတယ်။ ကိုယ်ချင်းစာတရားဆိုတာမျိုးကလည်း ကိုယ်ကိုယ်တိုင်မကြုံသေးသရွေ့တော့ “နားလည်ပါတယ် ကိုယ်ချင်းစာပါတယ်”လို့ ကုန်းပဲအော်အော် လူးလိမ့်ပြီးအော်အော် အပြည့်အဝခံစားရမှာမဟုတ်ပါဘူး။ ပြောမယုံကြုံမှသိဆိုသလိုပေါ့။ ဒါတင်မက စိတ်မကျန်းမာတဲ့သူတွေကို ရွံစရာကြောက်စရာလို့မမြင်ကြပဲနဲ့ ကိုယ်ချင်းစာတရားကို လက်ကိုင်ပြုပြီး ကြင်နာသနားစိတ်နဲ့ ရှုမြင်ကြစေရန်အတွက် စာရေးဆရာရဲ့ ဂန္တဝင်ပြောင်မြောက်တဲ့ ဒဿနတွေနဲ့ ဖန်တီးထားတဲ့ “လူနာဆောင်အမှတ်ခြောက်” ကို အချိန်ပေးဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

  3. Da Non –

    ကျွန်တော့် သုံးလေးခါလောက်ဖတ်ဖူးတဲ့စာအုပ်ပါ။ ဖတ်တိုင်းလည်းသဘောကျရသလို ဇာတ်ကောင်တွေနဲ့အပြင်မှာသိသလိုပါဖြစ်လာတဲ့အထိပါပဲ။ ဆက်ပြီးလည်း ဖတ်ဖြစ်ပြီး စင်ပေါ်မှာနေရာယူနေဦးမဲ့ ဘာသာပြန်စာပေကောင်းတစ်ခုပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဖေမြင့် စာအုပ်များ