မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား

( 3 မှတ်ချက်)

4700 (ကျပ်)

စာမျက်နှာ

270

စာအုပ်အရွယ်အစား

4.7 x 0.5 x 7.2 inches

ပုံနှိပ်မှတ်တမ်း

မြန်မာ့ရတနာ၊ 1998 ဒီဇင်ဘာလ၊ (ဒု-ကြိမ်)

11 in stock

မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Lai Lai Tun

    အရမ်းကောင်းတဲ့စာအူပ်ပါ

  2. မအိမ့်အိမ့်ထူးအောင်

    #ဖေမြင့်_မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား✨။

    ခုတလော ဆရာဖေမြင့်ရဲ့ စာအုပ်တွေကို ဆက်တိုက်ဆိုသလို ဖတ်ဖြစ်နေတယ်။
    လတ်တ‌လောဖတ်ပြီးခဲ့တဲ့ သုံးအုပ်ထဲမှာ အကြိုက်ဆုံးကတော့ အခုညွှန်းပေးချင်တဲ့ ” မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား” ဆိုတဲ့ စာအုပ်လေးပါ။

    ခုလို အပြင်မထွက်ရ၊ ဘာမှမလုပ်ရတဲ့ အခြေအနေမှာ ငြီးငွေ့တတ်တဲ့ လူ့သဘာဝအရ စာအုပ်ဖတ်မယ်ဆိုရင်လည်း သုတစာအုပ်ကို ရွေးဖတ်ချင်သူက နည်းမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီစာအုပ်လေးက ရသနဲ့သုတကို အချိုးကျစွာ ရောစပ်ထားတဲ့ စာအုပ်လေးမို့ နှစ်မျိုးလုံး ကြိုက်သူတွေအတွက် သင့်တော်ပါတယ်။

    ကျွန်မလည်း အစက ဒီစာအုပ်ကို သုတတွေချည်း လုံးဝ သီးသန့် ရေးထားတဲ့စာအုပ်လို့ ထင်ပြီး အခါခါရှောင်ဖယ်ခဲ့ပေမယ့် ဒီတစ်ခါတကယ်ဖတ်ဖြစ်ခဲ့တဲ့အတွက်တော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိသွားတယ်။ ဒီလိုတန်ဖိုးရှိတဲ့ စာအုပ်ကောင်းတစ်အုပ်ကို ကျွန်မလို နောက်ကျမှ ဖတ်ဖြစ်သွားမှာ စိုးလို့ ဖတ်ညွှန်းလေး ရေးပေးလိုက်ပါတယ်ရှင်။

    စာအုပ်ဖန်တီးပုံကတော့ ဆရာဗန်းမော်သိန်းဖေရဲ့ “မျှဝေလိုသော အတွေးများ”စာအုပ်တွေလိုပါပဲ။ စာဖတ်သူတွေအတွက် ဆက်တွေးစရာ အတွေးအမြင်သစ်တွေ ချန်ထားခဲ့နိုင်တဲ့ ဆောင်းပါးကောင်းတွေကို စုစည်းထားတာမျိုးပါ။ Reader’s Digest Magazine ထဲက The Best Advice I Ever Heard ဆိုတဲ့ English ဆောင်းပါးတွေကို ဆရာဖေမြင့်ရဲ့ ဘာသာပြန်လက်ရာအကောင်းစားတွေနဲ့ ဖတ်ခွင့်ရတာမို့ သိပ်ကိုပြေပျစ်ချောမွေ့ပြီး အဆင်ပြေလွန်းလှပါတယ်။

    ဒီစာအုပ်က တခြား စိတ်ဓာတ်ခွန်အားပေး ဒဿနစာအုပ်တွေနဲ့ မတူ ထူးခြားတဲ့အချက် ရှိပါတယ်။ အဲဒါဘာလဲဆိုတော့ မူရင်းစာရေးသူတစ်ဦးချင်းစီရဲ့ ဘဝဖြစ်စဥ်တွေကိုပါ အကျဥ်းချုံ့ဖော်ပြထားလို့ နိုင်ငံတကာက ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ အတ္ထုပ္ပတ္တိစာပေတွေကို နှစ်သက်ခုံမင်သူတွေအတွက်လည်း အကြိုက်တွေ့စေမှာပါ။

    ဒီစာအုပ်လေးထဲမှာဆိုရင် ကမ္ဘာအနှံ့အပြားက ထင်ရှားကျော်ကြားတဲ့ အအောင်မြင်ဆုံး ပုဂ္ဂိုလ်ဆိုသူတွေအဖြစ် ဖြစ်တည်လာနိုင်ကြဖို့
    အခက်ခဲဆုံးအချိန်တွေကို သူတို့အနေနဲ့
    ဘယ်လိုရုန်းကန်ရှင်သန်ခဲ့ကြရသလဲဆိုတာကို သူတို့ရဲ့ ကိုယ်တိုင်ရေးဆောင်းပါးများထဲမှာ တွေ့ရမှာပါ။ ကျွန်မအနေနဲ့ ဒီစာအုပ်လေးကို ခြုံငုံသုံးသပ်မိတာကတော့ သူတို့မှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ အဲ့ဒါကတော့ သူတို့ဟာ သူတို့ရဲ့ဘဝမှာ မထင်မှတ်ဘဲနဲ့ဖြစ်စေ၊
    တမင်ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေ သူတို့ကိုပေးအပ်လာကြတဲ့ အကောင်းဆုံးသော အကြံဉာဏ်တွေကို ဘယ်လိုအခက်အခဲပဲရှိရှိ မဆုတ်မနစ်သောဇွဲနဲ့ တသွေမတိမ်း လိုက်နာခဲ့ကြပြီး အဲ့ဒီအကြံဉာဏ်ကိုပဲ ဦးနှောက်ထဲ တစ်သက်လုံး အစဥ်တစိုက် အမြဲမှတ်သားခဲ့ကြတာပါ။ နောက်ပြီး အထူးခြားဆုံးအချက်က သူတို့လိုက်နာခဲ့တဲ့ အကြံဉာဏ်ဟာ သူတို့တစ်ယောက်ချင်းစီရဲ့ ဘဝမှာ တစ်ခုဆိုတစ်ခုလေးပဲ ရှားရှားပါးပါး ရရှိခဲ့ကြတဲ့ အကြံဉာဏ်တစ်ခုစီပါပဲ။ အဲ့ဒီအခါ ကျွန်မ ဘာသွားတွေးမိလဲဆိုတော့ ဘဝမှာ အများကြီးသိသွားဖို့ထက် သိခဲ့တဲ့ တစ်ခုလောက်ကိုပဲ ဘယ်တော့မှ မေ့မပစ်ဘဲ အခြေအနေအရပ်ရပ်တိုင်းမှာ လိုသလို လက်တွေ့အသုံးချသွားတတ်ဖို့က ပိုအရေးကြီးပါလားဆိုပြီး သိမြင်သွားခဲ့တယ်။ တကယ်တော့ မသိတာထက် မလုပ်တာက အခက်ဆုံးပဲ မဟုတ်လားလေ…။

    အဲ့ဒီတော့ ဒီစာအုပ်ဖတ်ညွှန်းလေးရဲ့ နိဂုံးအနေနဲ့ စာအုပ်ထဲကနေ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေ လက်တွေ့အသုံးချခဲ့ကြပြီး ကျွန်မကိုယ်တိုင်လည်း သဘောအကျဆုံးဖြစ်တဲ့
    အကြံဉာဏ်တွေကို ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ်ရှင်။

    ❣️#ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲလည်း ယုံကြည်မယ်၊ ကိုယ်ရွေးချယ်ထားတဲ့ ပွဲကို ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်း ရှိမယ်ဆိုရင် အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး။

    ?#ကြောက်စိတ်ကို စေ့စေ့ကြည့်၊ ရဲရဲရင်ဆိုင်၊ ဘာမှအခြေအမြစ်မရှိတဲ့ ကြောက်စိတ်မျိုးဆိုရင် အဲ့ဒီလိုရင်ဆိုင်ကြည့်ရုံနဲ့ လုံးဝအစပျောက်သွားလိမ့်မယ်။ တကယ်ကြောက်သင့်ကြောက်ထိုက်တဲ့ အရာပဲလို့ သွားတွေ့ရင်တော့ တစ်ခုခုလုပ်၊ အဲ့ဒီလုပ်လိုက်တဲ့ တစ်ခုခုက မကြောက်ရအောင် ကယ်သွားလိမ့်မယ်။

    ?#စာကို ကိုယ့်အတွက် အကျိုးဖြစ်ထွန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖတ်တဲ့ အလေ့အထမွေးစမ်းပါ။

    ?#ဘဝတစ်လျှောက် သားရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေကို ဘယ်အရာဘယ်ကိစ္စအတွက်မှ မပျောက်ပျက်မဆုံးရှုံးစေနဲ့ သား။

    ?#ဝမ်းနည်းရတာ ၊ စိတ်ထိခိုက်နာကျင်ရတာတွေကို အောင်မြင်အောင် အသိအမှတ်ပြုခံရအောင် ဆွတွန်းပေးတဲ့ အားတွေအဖြစ် ပြောင်းပစ်ရမယ်။ အဲ့ဒါဆို အောင်မြင်လာလိမ့်မယ်။

    ♥️#ဘယ်အခါမျိုးမဆို ကိုယ့်ဆီက အကောင်းဆုံးကို ပေးနိုင်အောင် ကြိုးစားရမယ်။ ‌ရှေ့ဆက်တိုးရခက်နေတယ် ဆိုတာ တစ်ခုတည်းနဲ့တော့ နောက်ဆုတ်လို့မဖြစ်ဘူး။

    ?#လူမှုဆက်ဆံရေးနယ်ပယ်၌ ပြဿနာဆယ်ကြိမ်တွင် ကိုးကြိမ်သည် ကာယကံရှင်နှင့် တကယ်သွားတွေ့ဖြေရှင်းလိုက်သည့်အခါ အလွယ်တကူ ရှင်းလင်းပြေလည်သွားမြဲဖြစ်သည်။

    ?#ကိုယ်တကယ်လုပ်မကြည့်သေးဘဲနဲ့ ကျွန်တော်လုပ်မရဘူးလို့ ဘယ်တော့မှမပြောနဲ့။

    ?#ဘယ်အရာပဲဖြစ်စေ၊ ဒီဟာကတော့ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲလို့ သိထားပြီးပြီဆိုရင် မဆိုင်းမတွ လုပ်ရမှာပေါ့
    သား။

    ?#ကိုယ့်ကို တော်တယ်တတ်တယ် အထင်ခံရရုံ သက်သက်အတွက် ကျွန်တော်တို့မှာရှိတဲ့ စွမ်းအားတွေ၊ အရည်အသွေးတွေအားလုံးကို
    သူများကိုတိုက်ခိုက်ဖြိုဖျက်တဲ့အလုပ်ထဲမှာ ပုံအောမယ့်အစား၊ တစ်ယောက်ကိုတစ်ယောက် အကောင်းဆုံးအနေအထားရောက်အောင် မြှင့်တင်တဲ့အလုပ်၊ အားပေးကူညီတဲ့အလုပ်ဘက်မှာ သုံးကြရင် ပိုမကောင်းဘူးလား။

    ?#ဘယ်လောက်ဝေးဝေးကြီး သွားရဦးမယ်ဆိုတာ မစဥ်းစားနဲ့၊ ရှေ့တစ်မိုင်အတွက်ကိုပဲ စဥ်းစား၊ အဲ့ဒါဆို မင်းတို့ရောက်လိမ့်မယ်လို့ ငါယုံကြည်တယ်။

    ?#မထင်မှတ်ဘဲဖြစ်သွားနိုင်တဲ့ ကိစ္စမှန်သမျှအတွက် တို့ရင်ဆိုင်နိုင်အောင် အသင့်ပြင်ထားရမယ်။ ဘဝက တကယ်စမ်းသပ်လာပြီဆိုတဲ့ အထိ စောင့်နေလို့ ဘယ်ဖြစ်ပါ့မလဲ။

    ဒါတွေဟာ ဒီစာအုပ်လေးထဲက The Best Advice တွေပါပဲ။ တကယ်တော့ ဒီအောင်မြင်ကျော်ကြားသူတွေကို ဒီလိုအကြံဉာဏ်ကောင်းတွေကို ပေးခဲ့ကြသူတွေ ဟာ ကြီးကျယ်မြင့်မြတ်ပါတယ်ဆိုတဲ့သူတွေချည်းက မဟုတ်ပါဘူး။ သူတို့ရဲ့မိဘတွေ ပါတယ်။ အလုပ်ကြမ်းလုပ်နေတဲ့ ပန်းရံသမားတစ်ယောက်လည်း ဖြစ်နိုင်တယ်။ ကိုယ့်အပေါ် စေတနာကောင်းရှိတဲ့ ကိုယ့်အထက်လူကြီးလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့လည်း ကိုယ့်ဦးနှောက်ထဲကို ပညာသားပါပါ ထိထိမိမိဝင်ရောက်လာတဲ့ ဘယ်သူကပေးတဲ့ အကြံဉာဏ်တွေကိုမဆို ကိုယ့်ကိုယ်ပိုင် အသိဉာဏ်နဲ့ ချိန်ထိုးပြီး အကောင်းဆုံးအသုံးချကြည့်ဖို့ လိုပါတယ်။

    ဆရာဖေမြင့်စာအုပ်တွေကို လူကြီးတော်တော်များများကတော့ ဖတ်ကောင်းဖတ်နိုင်ကြပေမယ့် လူငယ်တွေအတွက်တော့ ဒီစာအုပ်လေးက အရေးအသားပြေပျစ်စွာနဲ့ အကောင်းဆုံးစိတ်ဓာတ်ခွန်အားတွေကို တစိမ့်စိမ့် ပေးနိုင်လိမ့်မယ်လို့ (ကိုယ်တွေ့မို့) ယုံကြည်ပါတယ်။

    ဒါကြောင့် လူငယ်တွေအနေနဲ့ ဒီစာအုပ်လေးကို မဖြစ်မနေ ဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

    ကျေးဇူးတင်ပါတယ်။
    .
    .
    .
    #ချစ်ခင်လေးစားစွာဖြင့်
    #အိမ့်
    Sun, Oct 11, 2020

  3. Wai Yan Htay

    အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ်ပါ
    လူငယ်တွေအတွက် စိတ်ခွန်းအားတွေရလာမှာသေချာပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဖေမြင့် စာအုပ်များ