သူစိမ်း

( 1 မှတ်ချက်)

18000 (ကျပ်)

စုံထောက်ဇာတ်လမ်း တစ်ဝက်၊ လျှို့ဝှက်သည်းဖို တစ်ဝက်နဲ့

ဖွဲ့စည်းထားတဲ့အပြင် သဘာဝလွန်ဖြစ်ရပ် တွေကိုပါ ထည့်သွင်း

ရေးထားတဲ့ ထိတ်လန့်သည်းဖို စာအုပ်ကောင်းတစ်အုပ်

 

❌သူစိမ်း စာအုပ်ဟာ အင်မတန် ရက်စက်ကြမ်းကျုတ်တဲ့၊
မြင်ရက်ကြားရက်စရာမရှိတဲ့ မှုခင်းတစ်ခုကို
အခြေခံထားတာ ဖြစ်တဲ့အတွက် အသက် ၁၈ နှစ် အောက်
လူငယ်တွေကတော့ မဖတ်သင့်ပါဘူး။ ❌

မြို့ငယ်လေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ မတွေးဝံ့စရာ လူသတ်မှုတစ်ခု။

အဲဒီလူသတ်မှုရဲ့ သံသယတရားခံက မြို့ခံလူတွေက တလေးတစား ဆက်ဆံ၊ လူတော်လူကောင်းအဖြစ် သတ်မှတ်ထားခဲ့တဲ့သူတစ်ယောက် ဖြစ်နေတယ်။ ဒါပေမယ့် မျက်မြင်သက်သေတွေ အင်မတန် ခိုင်လုံနေတာကြောင့် အဲဒီတရားခံကို မြို့ငယ် ရဲဌာနရဲ့ စုံထောက် ရက်ဖ်အန်ဒါဆန်က လူပုံအလယ်မှာ ဖမ်းဆီးလိုက်တယ်။

သို့သော်.. တရားခံမှာ အပြစ်ရှိသည်/ မရှိသည် ဆိုတဲ့ အဖြေဟာ ထင်ထားသလို မပြတ်သားပဲ ဝေဝါးလားတယ်။ ဇဝေဇဝါဖြစ်ချင်စရာ အချက်အလက်တွေ အများကြီးထပ်ပေါ်လာတယ်။ ဟိုဘက်ဒီဘက် လွန်ဆွဲနေတဲ့ သက်သေတွေကြားမှာ ဒီအမှုဟာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။ အဖြေမရှိတဲ့ ပဟေဠိတွေ ထပ်ဆင့်ပွားလာတယ်။

ဒါ့အပြင် ထင်မှတ်မထားတဲ့ အဖြစ်ဆိုးတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ..

ဒီအမှုရဲ့ ရှုပ်ထွေးမှုဟာ ထိတ်လန့်စရာ၊ သွေးပျက်ချင်စရာ ပုစ္ဆာတစ်ပုဒ်အဖြစ် အသွင်ပြောင်းလာတယ်။ဒါနဲ့ပဲ.. ဒီလို “ရှင်းမရတဲ့ ပြဿနာတွေ”ကို သီးသန့်ဖြေရှင်းတတ်သူ “ဟော်လီ”..ဆိုတဲ့ အလွတ်စုံထောက် အမျိုးသမီးတစ်ယောက်ကို အကူအညီ တောင်းရတော့တယ်။ အဲဒီမှာ.. ဒီရာဇဝတ်မှုကို တကယကျူးလွန်သူဟာ ဘယ်သူမှ ထင်မထားတဲ့၊ သံသယတရားခံစာရင်းထဲမှာ မပါတဲ့..အပြင်ကသူ.. “သူစိမ်း” တစ်ယောက် ဖြစ်နေမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

“သူစိမ်း”ဟာ.. သဘာဝရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့ “သဘာဝလွန်”အရာတစ်ခုလေလား။

မေးခွန်းတွေရဲ့ လမ်းအဆုံးမှာရှင်းလင်းတဲ့ ယုတ္တိရှိတဲ့ အဖြေတစ်ခု ပေါ်လာလေမလား။

ဒါမှမဟုတ်..ပြဿနာဟာ ရှင်းမရဘဲ ပိုပြီး ရှုပ်ထွေး၊ ချောက်ချားစရာ အိပ်မက်ဆိုးတွေဆီ ဦးတည်သွားမလား..

စာမျက်နှာ

700

စာအုပ်အရွယ်အစား

5.9x 1 x 8.9 inches

ပုံနှိပ်မှတ်တမ်း

ဇာစ်မြစ်စာပေ ၊ 2023 ဒီဇင်ဘာလ (ပထမအကြိမ်)

19 in stock

သူစိမ်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar (verified owner)

    🕵️‍♂️ “သူစိမ်း” ဆိုတဲ့ ဒီစာအုပ်က ဆရာချမ်းမြေ့ဝင်းရဲ့ ဒီဇင်ဘာလတုန်းကမှ နောက်ဆုံးထွက်ရှိထားတဲ့ ဘာသာပြန်စာအုပ်လေးပါ။ မူရင်းစာရေးသူကတော့ နာမည်ကျော် လျှို့ဝှက်သည်းဖို့ စာရေးဆရာကြီး Stephen King ပေါ့။ Stephen King ရဲ့ ထုံးစံအတိုင်း အမြဲတမ်း ပုံမှန်မဟုတ်တဲ့ အမှုအခင်းတွေကို ဖတ်ရှုရမှာတော့ အသေအချာပါပဲ။ ဇာတ်လမ်းက လူသတ် အမှုဖော်ထုတ်တဲ့ ဇာတ်လမ်းသက်သက်မဟုတ်ဘဲ beyond reasonable တော့ ဖြစ်ပါတယ်။ လူသတ်စုံထောက်ဇာတ်လမ်းနဲ့ လျှို့ဝှက်သည်းဖို သဘာဝလွန်ဖြစ်ရပ် နှစ်ခု ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ စာအုပ်ကြီးကတော့ အထူကြီးပေမဲ့ မူရင်းရေးသားသူရဲ့ ဇာတ်လမ်းကို ဆွဲခေါ်နိုင်တာရော ဘာသာပြန်ဆိုသူကလည်း ရှင်းလင်းနားလည်လွယ်အောင် ရေးသားထားတာမို့ ဖတ်ရတာတော့ ဇာတ်လမ်း နားလည်လွယ်ပြီး ဇာတ်လမ်းကို သိချင်စိတ်တွေအပြည့်နဲ့ပဲ အဆုံးထိ ဖတ်ဖြစ်သွားပါတယ်။
    __________________________

    ❝ဘာသာပြန်သူ၏အမှာ❞

    🕵️‍♂️ မူရင်းစာရေးဆရာ စတီဖင်ကင်းကတော့ အနောက်တိုင်း စာအုပ်လောကမှာ မသိသူ မရှိအောင် နာမည်ကြီးတဲ့ လျှို့ဝှက်သည်းဖို စာရေးဆရာကြီးပါ။ ကျွန်တော့် စာဖတ်သက်တလျှောက်လုံးမှာ သူ့ရဲ့စာအုပ် အားလုံးနီးပါးကို ဖတ်ဖြစ်ခဲ့ပါတယ်။ သူစိမ်းစာအုပ်ကိုမှ ရွေးပြီး ဘာသာပြန်ရခြင်း အကြောင်းရင်းကတော့ ဒီစာအုပ်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံကို ကျွန်တော် သဘောကျတယ်။ စုံထောက်ဇာတ်လမ်း တစ်ဝက်၊ လျှို့ဝှက်သည်းဖို တစ်ဝက်နဲ့ ဖွဲ့စည်းထားတဲ့အပြင် သဘာဝလွန်ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရေးထားတာ ဖြစ်တဲ့အတွက် တော်တော့်ကို ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။ ဒါ့အပြင် ဟော်လီဂစ်ဘနီလို မိန်းကလေးသူရဲကောင်းတွေကို အားကျ၊ အားပေးချင်တာကြောင့်လည်း ပါပါတယ်။ ကျွန်တော် အရင်တုန်းက ဘာသာပြန်ခဲ့ဖူးတဲ့ ရထားပေါ်က မိန်းကလေး၊ အမှောင် စတဲ့ စာအုပ်တွေရယ် ကျွန် တော့်ရဲ့ ပင်ကိုရေး စကားဝါစာအုပ်ရယ်၊ အဲဒီ စာအုပ်တွေမှာလည်း အမျိုးသမီး ဇာတ်ကောင်တွေက ပြဿနာတွေကို ရဲရင့်စွာ ဖြေရှင်းခဲ့ကြတာတွေကို အဓိကဖော် ပြထားတာပါပဲ။

    🕵️‍♂️ သူစိမ်းစာအုပ်ဟာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့၊ မြင်ရက်ကြားရက်စရာမရှိတဲ့ လူသတ်မှုတစ်ခုကို အခြေခံထားတာဖြစ်တဲ့အတွက် အသက် ၁၈ နှစ်အောက် လူငယ်တွေကတော့ မဖတ်သင့်ပါဘူး။ သူစိမ်း စာအုပ်မှာ ဇာတ်ကောင်တွေများတယ်။ အဖြစ်အပျက်တွေကလည်း ခပ်စိတ်စိတ်၊ အဆက်မပြတ် ပုံထပ်နေတယ်။ နေရာဒေသတွေလည်း မနည်းမနော ပါတယ်။ ဒါကြောင့် အရှင်းဆုံးဖြစ်အောင်၊ ဆီလျော်အောင် ကြိုးစားပြီး ဘာသာပြန် ထားပါတယ်။
    __________________________

    🕵️‍♂️ “ဖရန့်ပီတာဆန်” ဆိုတဲ့ ကျောင်းသားကို အဓမ္မကျင့်ပြီး ရက်ရက်စက်စက် သတ်ခဲ့သူက ဒီအမှုကို စုံစမ်းထောက်လှမ်းနေတဲ့ “ရက်ဖ်အန်ဒါဆန်” ရဲ့ သားဖြစ်သူကို လေးနှစ်ကြာ ဘေ့စ်ဘောသင်ပေးခဲ့ဖူးပြီး မြို့ခံလူတွေက လေးစားရတဲ့ ကလေးဘေ့စ်ဘော နည်းပြဆရာ “တယ်ရီမိတ်လန်း” ဖြစ်နေတယ်။ သက်သေ သဲလွန်စတွေလည်း ခိုင်လုံနေပြီဖြစ်လို့ သူ့ကို ဖမ်းဆီးဖို့ သွားတဲ့ ရဲနှစ်ယောက်နဲ့အတူ စုံထောက်ရက်ဖ်ပါ လိုက်လာခဲ့ပါတယ်။ ဖမ်းဆီးမယ့်နေရာက ဘေ့စ်ဘောပြိုင်ပွဲ အကြီးအကျယ် ကျင်းပနေရာ ထရွိုင်းအားကစားကွင်းမှာပါ။ ပရိသတ် ၁၆၀၀ ကျော်ရှိနေတဲ့ ‌အားကစားကွင်းထဲမှာ ရဲအရာရှိ ထရွိုင်းနဲ့ တွမ်ရိတ်တို့က နည်းပြဆရာ တယ်ရီကို လက်ထိတ်ခတ်ပြီး ဖမ်းဆီးခဲ့တယ်။ အဲဒီကွင်းထဲမှာ တယ်ရီ့ဇနီး မာစီနဲ့ သမီးနှစ်ယောက် ဆာရာနဲ့ ဂရေ့စ်တို့လည်း ရှိနေကြတယ်။

    🕵️‍♂️ တယ်ရီကို ဖမ်းဖို့ ခိုင်လုံတဲ့ မျက်မြင်သက်သေတွေ များစွာ ရှိခဲ့တယ်။ တစ်ဦးချင်းကို ခေါ်ယူစစ်မေးချိန်မှာလည်း အဖြေတွေက တူညီနေတယ်။ တယ်ရီက မြို့မှာ နာမည်ကြီးမို့ မသိသူရှိသလောက် ဖြစ်နေခဲ့တယ်။ အဲဒီနေ့က သူဝတ်သွားတဲ့ အပေါ်အောက် အဝတ်အစား၊ ခါးပတ်ကအစ ထပ်တူညီအောင် မျက်မြင်တွေက ပြောနိုင်တယ်။ အမှုမဖြစ်ခင်အချိန် ဂျရက်စတိုးဆိုင်ရဲ့ ကားပါကင်မှာ ကျောင်းသား ဖရန့်နဲ့ စကားပြောနေဝာာကို တွေ့တဲ့ သက်သေ၊ ဖရန့်စက်ဘီးကို ယူပြီး ကားထဲ ထည့်လိုက်တာကို မြင်တဲ့ သက်သေ၊ ဖရန့်ကားထဲ ဝင်ထိုင်တာကို မြင်လိုက်တဲ့သက်သေ၊ လူသတ်မှုဖြစ်တဲ့ တောအုပ်ထဲကနေ တယ်ရီထွက်လာတာကို မြင်လိုက်တဲ့သက်သေ၊ သူ့အဝတ်အစားတွေမှာ သွေးတွေ ပေကျံနေတာကို မြင်လိုက်တဲ့သက်သေ စသဖြင့် သက်သေများစွာအပြင် လူသတ်မှုမဖြစ်ခင်အချိန် သူ့ကို တွေ့ခဲ့တဲ့နေရာကလည်း တူပြီး အမှုဖြစ်ပြီး သူသွားခဲ့တဲ့နေရာမှာ တွေ့ခဲ့တဲ့ သက်သေတွေပြောတဲ့ ထွက်ချက်တွေမှာလည်း နေရာက အတူတူဖြစ်‌‌နေတာရယ်၊ အခင်းနေရာမှာ တွေ့ရတဲ့ သွေးအမျိုးအစားနဲ့ လက်ဗွေရာတွေကလည်း ဖရန့်နဲ့ တယ်ရီတို့ရဲ့ သွေးအမျိုးအစားနဲ့ လက်ဗွေရာတွေပဲမို့ တရားခံက တယ်ရီမိတ်လန်းပဲဆိုတာ ငြင်းလို့မရပါဘူး။

    🕵️‍♂️ တချို့ထူးခြားတဲ့အချက်တွေဆိုရင် –
    ~ တချို့လူတွေနဲ့ တယ်ရီ ခင်မင်ရင်းနှီးပေမဲ့ တယ်ရီက သူတို့ကို မသိသလို ဆက်ဆံသွားခဲ့တာ
    ~ ဖလင့်စီးတီးမြို့မှာ တယ်ရီနေတာ နှစ် ၂၀ ကျော်ပြီမို့ ဘယ်နားဘယ်ရှိလဲ ကောင်းကောင်း သိနိုင်ပေမဲ့ ဆေးခန်းဘယ်နားရှိလဲ မေးသွားတာ
    ~ ရှော်တီဘီယာဆိုင်ရှေ့မှာ သူစီးလာတဲ့ ဗင်ကားကိုကျ ထားခဲ့ပြီး ရှေ့မှာရပ်ထားတဲ့ ဆူဗားရူး အစိမ်းရောင်ကားနဲ့ မောင်းထွက်သွားတာ
    စတာတွေကတော့ ထူးခြားနေခဲ့တယ်။

    🕵️‍♂️ တယ်ရီကို ဖမ်းပြီး စစ်မေးနေချိန်မှာလည်း တယ်ရီပုံစံ သူဟာ တရားခံမဟုတ်သလို ပုံစံဖြစ်နေပြီး ဘာမှမသိသလို ဖြစ်နေတယ်။ အမှုဖြစ်ခဲ့တဲ့နေ့က သူနဲ့ဆုံခဲ့တဲ့ ရင်းနှီးသူတွေကိုလည်း သူမတွေ့ခဲ့ကြောင်း ပြောတယ်။ နောက်ပြီး ကောင်လေး အသတ်ခံရတဲ့ ဇူလိုင်လ ၁၀ ရက် အင်္ဂါနေ့မှာလည်း သူက ဖလင့်စီးတီးမြို့မှာ ရှိမနေဘူး။ အိုကလားဟိုးမားကို အင်္ဂလိပ်စာဆရာ ၃ယောက်နဲ့အတူ စုံထောက် ဝတ္ထုစာရေးဆရာဟောပြောပွဲအတွက် သွားနေတယ်။ တယ်ရီရဲ့အလီဘိုင်ကလည်း ခိုင်လုံနေပြန်တယ်။

    🕵️‍♂️
    – ဖရန့်ပီတာဆန် ဗင်ကားအဖြူပေါ် ပါသွားတဲ့အချိန် တယ်ရီမိတ်လန်းက စုံထောက်ဝတ္ထုစာရေးဆရာရဲ့ ဟောပြောပွဲမှာ ရောက်နေတယ်။
    – ဖရန့်ပီတာဆန် အသတ်ခံရချိန်မှာ တယ်ရီမိတ်လန်းက လူ ၈ ယောက်နဲ့ ညစာစားနေတယ်။
    စသဖြင့် နှစ်ဖက်စလုံးက အချက်အလက်တွေ ခိုင်မာနေကြတယ်။ ရဲတွေဘက်က တယ်ရီပြောတဲ့ အလီဘိုင်ကို စုံစမ်းစစ်ဆေးဝောာ့လည်း သူပြောသလို တယ်ရီက အခင်းဖြစ်ချိန်မှာ အိုကလာဟိုးမားမြို့မှာ အမှန်တကယ် ရောက်နေပြန်တယ်။ လက်ဗွေရာလည်း တွေ့တယ်။ နှစ်ဖက်လုံး အထောက်အထားတွေ ခိုင်လုံနေပေမဲ့ သေချာတာကတော့ လူတစ်ယောက်တည်းက နေရာနှစ်နေရာမှာ မရှိနိုင်ဘူးဆိုတာပါပဲ။

    🕵️‍♂️ ဒီလိုနဲ့ ရုံးထုတ်ချိန်မှာ တယ်ရီကို အသတ်ခံခဲ့ရတဲ့ ဖရန့်ပီတာဆန်ရဲ့ အစ်ကိုဖြစ်သူ အိုလီပီတာဆန်က ပစ်သတ်ခဲ့တာကြောင့် သံသယတရားခံ နည်းပြဆရာ တယ်ရီလည်း သေဆုံးသွားခဲ့တယ်။ ဒီအမှုက တရားခံမရှိတော့တဲ့အတွက် ပိတ်သွားပြီဖြစ်ပေမဲ့ ရက်ဖ်တို့နဲ့ တယ်ရီ့ရှေ့နေ “ဟောင်းဝီဂိုးလ်” တို့ ပူးပေါင်းပြီး အမှုကို အဖြေမှန်ပေါ်ဖို့ ဆက်လက်လုပ်ဆောင်ခဲ့ကြရာကနေ အလွတ်စုံထောက် “ဟော်လီဂစ်ဘနီ” ရဲ့ ကြိုးပမ်းမှုကြောင့် တယ်ရီ့လို အလားတူအမှုမျိုးတစ်ခု ဖလင့်စီးတီးနဲ့ မိုင်များစွာဝေးတဲ့ ဒေတွန်မြို့မှာလည်း ဖြစ်ခဲ့ဖူးတာကို သတိပြုမိရာက ဒီအမှုမှန် ပေါ်ပေါက်လာဖို့ သဲလွန်စတစ်ခု ရလာခဲ့ပါတော့တယ်။

    🕵️‍♂️🕵️‍♂️🕵️‍♂️🕵️‍♂️🕵️‍♂️

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ချမ်းမြေ့ဝင်း စာအုပ်များ