
မင်းလူ ဝတ္ထုတိုပေါင်းချုပ်
35000 (ကျပ်)
ဆရာ့ရဲ့ စာပေလက်ရာတွေကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း ညွှန်းဆိုဖတ်ရှုလေ့ရှိပါတယ်။ အချိန်ရဲ့ တိုက်စားမှု၊ စမ်းသပ်မှုတွေကို ကျော်လွှားနိုင်တယ်။ အဆိပ်အတောက်ကင်းတယ်။ ဖတ်ရသူအပေါင်း စိတ်နှလုံး ကြည်နူးစေတယ်။
ပေါင်းချုပ်ဆိုတဲ့ နာမည်အတိုင်း အခုစာအုပ်ကြီးမှာ ဆရာ့ရဲ့ ပထမဆုံး ပုံနှိပ်ဝတ္ထုတိုကနေ ဆရာကွယ်လွန်ချိန်ထိရေးသားသွားတဲ့ ဝတ္ထုတို ၁၀၁ ပုဒ်ကို စုစည်းထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ တစ်နည်း ဆရာမင်းလူရဲ့ တစ်ဘဝလုံး စုစည်းမှုကြီးပါပဲ။ ခန့်ခန့်ထည်ထည် သိမ်းဆည်း ဖတ်ရှုလိုသူများအတွက် စာရွက်ဖြူချောပေါ်မှာ လှပသေသပ်စွာ ပုံနှိပ်ထားပါတယ်။
| စာမျက်နှာ | 548 |
|---|---|
| စာအုပ်အရွယ်အစား | 7.5 x 1.5 x 10.3 inches |
| ပုံနှိပ်မှတ်တမ်း | ငါတို့စာပေ၊ 2026 ဇူလိုင်လ၊ (စတုတ္ထကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 14.8.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 35000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
4 in stock





Zar Ga Nar –
စာမျက်နှာငါးရာကျော် မဂ္ဂဇင်းဆိုက်ဆိုတော့အထူကြီးပေါ့။
ဆရာမင်းလူရေးခဲ့တဲ့ဝတ္ထုတိုပေါင်းတရာ့တစ်ပုဒ်ပါပါတယ်။
ရုပ်ရှင်ပဒေသာမဂ္ဂဇင်းမှာ ပထမဆုံးရေးခဲ့တဲ့ နေဝင်သွားတော့လထွက်သည် ဝတ္ထုကစလို့၊
နောက်ဆုံးရေးခဲ့တဲ့ ရတနာခုနစ်သွယ်အထိ ပါဝင်တယ်။
ရတနာခုနှစ်သွယ်ရေးနေတုန်းကင်ဆာဝေဒနါကြောင့် တန်းလန်းဖြစ်သွားခဲ့တာကို ဆရာမင်းလူရဲ့သမီး ယုယက စာကြွင်းအဖြစ်ရေးထားပါတယ်။
၁၉၇၆ ခုကနေ ၂၀၁၃ ခု ထိ ဆရာရေးခဲ့သမျှဝတ္ထုတိုအကုန်ဆိုပါတော့။
(သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်မဂ္ဂဇင်းမှာရေးခဲ့တဲ့လူနာစောင့်ဆိုတဲ့ဝတ္ထုတိုလေးတော့ပါမလာဘူး)
ကျွန်တော်တို့ကျောင်းသားဘဝက မင်းလူကို သဘောကျခဲ့ရတယ်။
ရန်ကုန်ဘူတာကြီးတခုလုံးမီးခိုးဖုံးသွားတယ်ဆိုတဲ့ဝတ္ထုအဖွင့်နဲ့ပြောစမှတ်ဖြစ်ခဲ့တဲ့ပန်းကျောင်း။
ချစ်သောပန်းကလေး။
မိညီမကိုတော့ရုပ်ရှင်ရိုက်ဖြစ်ခဲ့ပေမဲ့ ပြခွင့်မရခဲ့ဘူး။
စာရေးဆရာတွေထဲမှာ အကိုတယောက်လိုချစ်ခဲ့လေးစားခဲ့ရတဲ့သူပါ။
အမေညို့အိမ်ရောက်တိုင်းထမင်းအတူစားရင်းပွားခဲ့ကြရတယ်။
ကျွန်တော်ထောင်ကလွတ်ကာစ အကို့ နှလုံးသားစစ်ဆင်ရေးကို videoရိုက်တော့၊ကိုဌေး(ဇင်ဝိုင်း)နဲ့မိုးကြီး(မိုးဝင်း)တို့ပါတာပေါ့။
ကိုဉာဏ်(မင်းလူ)က ပိုက်ဆံမယူဖူး။အလကားပေးရိုက်တယ်။
နောက်တခါထောင်ကထွက်လာပြန်တော့ ပန်းချီကိုမောင်မောင်အောင်ရဲ့အိမ်မှာ သရုပ်ဖော်ပုံအပ်ထားတဲ့၊ဆရာမင်းလူရဲ့ဝတ္ထု (ကူညီပါရစေ)ကိုဖတ်ရပြန်ရော။
သဘောကျတော့ အကို့ဆီသွားတောင်းပြီးရုပ်ရှင်ရိုက်ဖြစ်ပြန်တယ်။
အောင်ဘာလေ လို့ နာမယ်ပြောင်းလိုက်တယ်။
တခါ Beverly hill billies ဆိုတဲ့ ရုပ်ရှင်ကိုအတူကြည့်ရင်း အဲသည်လိုဇာတ်မျိုးရိုက်ချင်တယ်၊အကိုရေးပေးပါလို့ပူဆာတော့၊ ကော်ပီတော့မလုပ်ချင်ဘူး။သတ်သတ်ရေးမယ်ဆိုပြီးရေးပေးပြန်ရော။
ကတ်သီးကတ်သတ်ဟာသတွေပါတာမို့ ဖတ်ရင်း ရီလိုက်ရတာ။
ရုပ်ရှင်နာမယ်ကိုတော့ ဒုံရင်းဒုံရင်းလို့ပေးဖြစ်တယ်။
တကယ်ဆို ဆရာမင်းလူရဲ့ ဝတ္ထုတို တချို့က ရုပ်ရှင်ရိုက်လို့ရတယ်။
နိုင်ပါ့မလား ဟရို့ဆိုရင် အကောင်းစား Mockumentary တပုဒ်ရိုက်လို့ရတယ်။
ထားပါတော့လေ။
ဆရာမင်းလူကွယ်လွန်ခဲ့တာ ၁၃နှစ်ရှိပါပြီ။
သူ့စာတွေကို ခုထိဖတ်ပြီး သဘောကျနေရတုန်းပါ။
ကျွန်တော့ကို ဘားသက် လို့ ကြည်စယ်ခဲ့တဲ့ အကို ကောင်းရာဘုံဘဝရောက်မယ်ဆိုတာ ယုံကြည်ပါတယ်။