ရွှေတောင်ပံတို့ဖြင့် ဖွဲ့တည်သော…

( 2 မှတ်ချက်)

7500 (ကျပ်)

၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ” နတ်သမီးတောင်ပံ ” စာအုပ်ထဲက နတ်သမီးတောင့် ဝတ္ထုတိုလေးရဲ့ ခေါင်းစဉ်အောက်မှာ ဇာတ်ကောင် ၆ ယောက်ရှိခဲ့ပါတယ်။ ရုပ်ရှင်မင်သမီး၊သင်္ဘောတက်ရာက အိမ်ပြန်လာသူ ၊ ပဲပြုတ်သည်မလေး၊ လက်ထောက်ဆရာဝန်၊ အိမ်ကထွက်ပြေးလာတဲ့ ကောင်လေးနဲ့ ဒီနေ့မှ မင်္ဂလာဆောင်ပြီးရာကပြန်လာတဲ့ သတို့သားဇာတ်ကောင်တွေပါ။ ရုပ်ရှင်တွေမှာလိုဆိုရင် Season 2 သဘောမျိုးလို့ပဲ ပြောရမလား အဲဒီဇာတ်ကောင် ၆ ယောက်ကို လုံးချင်းဝတ္ထုရှည် အဖြစ်ပြန်လည်အသက်သွင်းပြီး သူတို့ရဲ့ဘဝတွေအကြောင်း ဟိုးအတွင်းအနက်နက်အထိ ထပ်မံဆင်းသက်ကြည့်ထားတဲ့ လုံးချင်းဝတ္ထုကို ဖတ်ရှုရမှာဖြစ်ပါတာ်။ Plot structure တွေက ချိတ်ဆက်မှု မြန်ဆန်ပြီး တစ်ခန်းပြီးတစ်ခန်းမှာ စာဖတ်သူတွေကို ဆက်တိုက်နားချိန်မပေးတဲ့ ဝတ္ထုလို့ပြောလို့ရပါတယ်။ ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ ဘဝနေထိုင်မှုနဲ့ စိတ်သဘောထားတွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ အချိတ်ဆက်မိမိ တွဲစပ်ရေးသားထားတဲ့အတွက် ရသမျိုးစုံခံစားရစေနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
“အမှောင်ဘက်ခြမ်းကနေ မီးရောင်အောက်ကို ရောက်တဲ့အခါ ပြုံးရယ်ပြလိုက်ဖို့၊လက်ဆွဲနှုတ်ဆက်ဖို့ ပြီးတဲ့အခါမှာတော့ တခြားသူဘဝကို ကိုယ်မဟုတ်တဲ့အတွက် မစာမနာ လက်ညှိုးထိုးရယ်မောလိုက်ပြီး ကိုယ့်စိတ်မလုံခြုံမှုကို ဖုံးကွယ် အရောင်တင်လိုက်ဖို့ လောကဟာသရုပ်ဆောင်တွေ ပြည့်နှက်နေတဲ့ အစစ်အမှန် ရုပ်ရှင်တစ်ကားပါပဲ။
” တချို့အခန်းတွေမှာ ဇာတ်ကောင်သဘောသဘာဝအရဆဲဆိုတဲ့ အရေးအသားစကားလုံးတွေ ပါဝင်တာကြောင့် အသက် ၁၃နှစ်အောက် ကလေးငယ်များ ဖတ်ရှုရန်မသင့်တော်ပါ။

စာမျက်နှာ

204

စာအုပ်အရွယ်အစား

5.6 x 0.11 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2024 ဇန်နဝါရီလ

6 in stock

ရွှေတောင်ပံတို့ဖြင့် ဖွဲ့တည်သော… အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat (verified owner)

    “လက်တွေ့ဘဝမှာ ဟန်ဆောင်ရခြင်းနဲ့ ဘယ်သူတွေ ကင်းလွတ်ပါသလဲ။

    ဒီစာသားလေးတစ်ခုနဲ့တင် တွေးစရာတွေအများကြီး ရလာစေတယ်။ကျွန်မတို့တွေ
    လည်း ဘဝကိုယ်စီမှာ သရုပ်ဆောင် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ကြတာကိုပေါ့…။

    တစ်ခါတစ်လေကျရင် ကိုယ့်ဘဝထက်
    သူများဘဝတွေကို အားကျတဲ့အဖြစ်မျိုး
    ကျွန်မကိုယ်တိုင်လည်း ခံစားဖူးပါတယ်။

    အထူးသဖြင့် ဟန်ဆောင်ခြင်းမရှိဘဲ ပင်ကိုယ်စိတ်အတိုင်း နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်၊ စိတ်လွတ်လပ်တဲ့ ဘဝမျိုးကို လိုချင်တောင့်တမိတာမျိုးပေါ့။

    ရွှေတောင်ပံတို့ဖြင့် ဖွဲ့တည်သော
    ဘဝအပိုင်းအစလေးတွေကိုတော့ ဒီစာအုပ်လေးထဲမှာ ခံစားဖတ်ရှုရမှာ ဖြစ်ပါတယ်။

    စာအုပ်လေးထဲကလိုမျိုး ခဏတဖြုတ်ဖြစ်ဖြစ် ကျွန်မလည်း နတ်သမီးအတောင်ပံ တစ်စုံရဲ့ စွမ်းအားနဲ့ အဲ့လိုလေး
    တစ်ရက်လောက် နေချင်လိုက်တာရယ်လို့ ဖတ်ရင်း တွေးမိလိုက်သေးရဲ့…။

    လူ့မနောတွေကိုလည်း မြင်သာအောင် ထည့်ပြီး ရေးပြသွားတာလေး သဘောကျရတယ်။ဥပမာ ပဲပြုတ်သည်မလေး ထားခင်ကို စိန်လက်စွပ်သူခိုးလို့ ယိုးစွပ်တဲ့အခန်း၊ အနုပညာအရည်အသွေးဆိုတာထက် အခုခေတ်အခေါ် Cele အမည်ခံအဆိုတော်ကိုသာ လူရာသွင်းပြီး ဆိုလက်စ အဆိုတော်ကို စင်ပေါ်က ဆင်းသွားဆိုပြီး မစာမနာ ပြောထွက်ကြတဲ့အခန်းတွေပေါ့လေ။

    လူ့အသိုင်းအဝိုင်းမှာ Gayဆိုတာနဲ့ အထင်သေးတာ၊ရှက်စရာရယ်လို့
    သဘောထားကြတဲ့ အမြင်တွေကြောင့်
    လူတစ်ယောက် ဘဝတစ်ခု အဆုံးသတ်သွားနိုင်သလို၊ စိတ်ဒဏ်ရာရသွားနိုင်တယ်ဆိုတာလေးတွေကိုလည်း ဒီစာအုပ်လေး ဖတ်မိပြီး တစ်ချို့သော တဖက်ပိတ်သမားများ စာနာစိတ်လေးဖြစ်ဖြစ် ဝင်သွားကြရင် ကောင်းမယ်ဆိုတဲ့ အတွေးလေးလည်း ဖြစ်မိပါသေးတယ်။

    ချစ်သက်ညီ ရဲ့စိတ်နဲ့ ဦးသူရစည်သူကို
    “အခြောက်ဖြစ်တာ -ီးဖြစ်လား” လို့ မေး၊ မေးပြီး ပြန်ဆော်တဲ့အခန်းကို အများကြီး ကျေနပ်အားရမိတာပေါ့လေ။(စိတ်ထဲကနေ ဆော်သာဆော်ပစ်လို့
    အားပေးရင်း ဖတ်ဖြစ်တာ အမှတ်တရပါပဲ😅😁)

    “လူတစ်ယောက် လူပီသတာက တခြားသူဘက်က ဘယ်လောက်စာနာပေးနိုင်သလဲဆိုတဲ့ စိတ်ဓါတ်မြင့်မားမှုပါပဲ”

    “လောကဟာ သူ့အကြောင်းတရားနဲ့သူ
    ပင်ပန်းတကြီး ရိုက်ကူးနေရတဲ့ ဇာတ်လမ်း၊ဇာတ်ညွှန်း မသေချာတဲ့ ရုပ်ရှင်တစ်ကားသာ ဖြစ်လေတယ်”

    “အမှောင်ဘက်ခြမ်းကနေ မီးရောင်အောက်ကို ရောက်တဲ့အခါ ပြုံးရယ်ပြလိုက်ဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့၊ ပြီးတဲ့အခါမှာတော့ တခြားသူဘဝကို ကိုယ်မဟုတ်တဲ့အတွက် မစာမနာ လက်ညှိုးထိုး ရယ်မောလိုက်ပြီး ကိုယ့်စိတ်မလုံခြုံမှုကို ဖုံးကွယ်အရောင်တင်လိုက်ဖို့…။

    လောကဟာ သရုပ်ဆောင်တွေ ပြည့်နှက်နေတဲ့ အစစ်အမှန် ရုပ်ရှင်တစ်ကားပါပဲ။”

    သိပ်ကောင်းပြီး သဘောကျမိတဲ့ စာလေးတွေမို့ ဖတ်ရင်း ရေရွတ်မိပါသေးတယ်။

    စာအုပ်လေးထဲက…

    “မြဝတ်ရည်၊ ထားခင်
    ရဲရင့်အောင်၊ ကျော်သိင်္ခ
    ချစ်သက်ညီ၊ ကျော်ဇင်ကိုကို”

    သူတို့ရဲ့ ဘဝအလှည့်အပြောင်းတွေထဲ ဝင်ကြည့်ရင်း စာနာမိစေတယ်၊ သတိကပ်မိစေတယ်။နောက်ပြီး ကိုယ်ကြုံရတဲ့ အခက်အခဲကမှ ပိုကြီးတယ်လို့ focus လုပ်ပြီး တွေးတတ်တဲ့ စိတ်အတွက်လည်း အဖြေတစ်ခု ရလိုက်ပါတယ်။

    ဖတ်ရတာ ကျေနပ်မိစေတဲ့ စာအုပ်လေးတစ်အုပ်ပါပဲ။လူတိုင်းမှာ ဒဏ်ရာဆိုတာ ကိုယ်စီ ရှိတတ်ကြစမြဲမို့ Self Healing& Self-reflection ကောင်းကောင်းရစေမယ့် စာအုပ်လေးတစ်အုပ်မို့လည်း ဖတ်ကြည့်စေချင်ပါတယ်။

    စာအုပ်ကောင်းလေး ဖန်တီးရေးသားပေးတဲ့ ဆရာခွန်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်🤗💜

  2. Htet Htet Tin Zar

    🪽 လောကမှာ တချို့အရာတွေက သရုပ်ဆောင်နေရခြင်းဖြစ်ပြီး တချို့အရာတွေကတော့ အစစ်အမှန် သရုပ်ဆောင်နေရခြင်းသာ ဖြစ်ပါတယ်။

    လက်တွေ့ဘဝမှာ ဟန်ဆောင်ရခြင်းနဲ့ ဘယ်သူတွေ ကင်းလွတ်ပါသလဲ။ (မြဝတ်ရည်၊ ထားခင်)

    🪽 တန်ဖိုးထားခံရတဲ့ ဆေးဝါး၊ ချိုမြတယ်လို့ အသိအမှတ်ပြုခံရတဲ့ သီချင်းအဖြစ် ကမ္ဘာပေါ်က ဆေးတောင့်တွေနဲ့ သီချင်းတွေတိုင်းဟာ အိပ်မက်မက်တတ်ကြပါတယ်။ (ရဲရင့်အောင်၊ ကျော်သိင်္ခ)

    🪽 ဘဝဟာ အသစ်တဖန်မွေးဖွားခဲ့ရင်ရော ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်၊ ကိုယ့်စိတ်ဆန္ဒ အပြည့်အဝနဲ့ တစ်ခါလောက်များ ရှင်သန်ခွင့် ရရှိနိုင်ပါ့မလား။ (ချစ်သက်ညီ၊ ကျော်ဇင်ကိုကို)
    __________________________

    🪽 “ရွှေတောင်ပံတို့ဖြင့် ဖွဲ့တည်သော …” ဆိုတဲ့ စာအုပ်လေးက ဆရာခွန်းညိုသွေးရဲ့ နောက်ဆုံးထွက်ထားတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်လေးထဲမှာ အဓိကဇာတ်ကောင်း ၆ ဦးပါဝင်ပြီး သူတို့က သူတို့ရဲ့ဘဝတွေကို အမျိုးမျိုး ငြီးငွေ့နေကြတဲ့ သူတွေက အများစုပါ။ ဒါကြောင့် သူတို့လိုချင်တဲ့ ဘဝမျိုးလေးတွေ ရရှိနိုင်ဖို့ တစ်ဦးနေရာတစ်ဦး ရောက်သွားတဲ့အခါ အရင်က သူတို့ရဲ့ အလုပ်အကိုင်နဲ့ လက်ရှိရောက်နေရတဲ့ ဘဝနဲ့ အလုပ်အကိုင်အပေါ်မှာ သူတို့က ဘယ်လိုမျိုး လိုက်လျောညီထွေ ဖြစ်အောင် နေသွားကြမလဲ၊ လက်ရှိ ရလိုက်တဲ့ ဘဝအပေါ်မှာရော ကျေနပ်နှစ်သိမ့်မှုရှိလား၊ အခက်အခဲတွေ ရှိမလားဆိုတာကို ဖတ်ရှုရမယ့် ဇာတ်လမ်းလေးပါ။

    🪽 ဒီထဲမှာ ဇာတ်ကောင်တွေရဲ့ ပရော်ဖက်ရှင်နယ် အလုပ်တွေအလိုက် လူအများရှုမြင်တဲ့ ကောင်းမွန်တဲ့ ဘက်အခြမ်းတွေ ရှိသလို ကိုယ်တိုင် လုပ်ကိုင်ရတဲ့အခါ အဲဒီအလုပ်တွေရဲ့ မကောင်းတဲ့ ဘက်အခြမ်းတွေကိုလည်း ပေါ်လွင်အောင် မီးမောင်းထိုး ရေးသားပြသထားပါတယ်။

    🪽 လူအများ အားကျတဲ့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက် ဖြစ်လာဖို့ ပေးဆပ်ခဲ့ရတာတွေ၊ စွန့်လွှတ်လိုက်ရတာတွေ …
    🪽 အဆိုတော်တွေရဲ့ဘဝနဲ့ အချင်းချင်း တိုက်ခိုက်မှုတွေ၊ အောင်မြင်မှုနဲ့ ပရိသတ်ကို အသုံးချ ခြေထိုးခံတာတွေ …
    🪽 ဆရာဝန်တွေရဲ့ဘဝနဲ့ လူနာတွေရဲ့ ဆရာဝန်တွေအပေါ် မြင်တတ်တဲ့ မကောင်းတဲ့ အမြင်တွေအပြင် ဆေးပညာအကြောင်းတွေပါ အနည်းငယ် ထည့်သွင်းပြောပြထားပါ။ …
    🪽 LGBT တွေရဲ့ စိတ်နေသဘောထား၊ လူတွေက သူတို့အပေါ်အမြင်နဲ့ လူတို့ရဲ့အမြင်ကို အတိုက်အခံလုပ်ပြီး ကိုယ်ယုံကြည်ရာ၊ ကိုယ့်တိမ်းညွှတ်မှုကို မဆုတ်မနစ် လုပ်ကိုင်ရတဲ့ အခက်အခဲတွေ …

    စသဖြင့် ဇာတ်ကောင်တွေ ပါဝင်တဲ့ နယ်ပယ်အသီးသီး အကြောင်းအရာအချို့ကိုပါ ဗဟုသုတရဖွယ်ရာ လှစ်ပြဖော်ပြထားတာ တွေ့ရပါတယ်။
    __________________________

    ❝မြဝတ်ရည်❞
    🪽 တဖျတ်ဖျတ်လက်နေတဲ့ ကင်မရာမီးရောင်တွေအောက်မှာ ဟန်မပျက်ပြုံးနေရပေမယ့် အဖျားသွေးတွေက တရှိန်ရှိန် တက်နေတဲ့ “မြဝတ်ရည်” သူမ လိုချင်တဲ့ သရုပ်ဆောင်ဘဝက ဒီလိုမျိုးမဟုတ်။ ဇာတ်ရုပ်တစ်ခုကို အသေအချာလေ့လာ ဇာတ်လမ်းတစ်ကားတည်းကိုပဲ အာရုံစိုက်ထားတဲ့ ဇာတ်ကောင်နဲ့တစ်သားတည်းကျတဲ့ မင်းသမီးတစ်ယောက် ဖြစ်ချင်တာ။ ဒါပေမဲ့လည်း မိခင်ဖြစ်သူကြောင့် သူမ ဝါသနာပါတာထက် ဇာတ်ကားအရေအတွက် အများအပြားကို ပိုပြီးလက်ခံထားရတယ်။

    🪽 ငယ်ငယ်တည်းက ဉာဏ်ထက်ပြီး စာတော်တဲ့ သူမက အမှန်တကယ် ဖြစ်ချင်ခဲ့တာက ဆရာဝန် ဆိုပေမဲ့ အမေလုပ်သူက အလှအပဘက်ကို ဦးစားပေးပြီး မင်းသမီးပဲ လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ မင်းသမီးဖြစ်လာတော့လည်း အမေလုပ်သူ လမ်းကြောင်းချပေးတဲ့အတိုင်း အလုပ်တွေ အဆက်မပြတ် လုပ်ကိုင်နေရပြီး မွန်းကြပ်စွာ ရှင်သန်နေရတဲ့ သူမဘဝ။

    ❝ကျော်သိင်္ခ❞
    🪽 သီချင်းဆိုပြိုင်ပွဲမှာ ဆုရထားပြီး သီချင်းတွေကို ရူးသွပ်တဲ့ “ကျော်သိင်္ခ” ဆရာဝန်တွေရဲ့ ပေါ့လျော့အချိန်ဆွဲမှုကြောင့် အစ်ကို ဆုံးပါးခဲ့လို့ ဆရာဝန်တွေအပေါ် စိတ်နာနေသူ။ မိဘတွေ ဦးစီးလုပ်ကိုင်နေတဲ့ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်လေးက နှစ်ခန်းတွဲကနေ တစ်ခန်းပဲ ကျန်တော့တာကြောင့် အိမ်ရဲ့စီးပွားရေးကို ပြန်လည်တည့်မတ်ဖို့ သူယူထားတဲ့ နည်းပညာဘွဲ့နဲ့ သင်္ဘောတက်ခဲ့ရတယ်။ အဲဒီကတည်းက သီချင်းမညည်းမိအောင် ထိန်းပြီး သီချင်းတွေကို လုံးဝမထိတွေ့ခဲ့ဖူးသူ တစ်ယောက်လို နေပါတယ်။ ဒီလိုနဲ့ အရောင်းဆိုင်လေးလည်း နှစ်ခန်းတွဲ ပြန်ဖြစ်လာချိန်မှာ မိခင်ဖြစ်သူက သူဝါသနာပါရာ လုပ်ဖို့ ပြန်လာခဲ့ဖို့ ပြောတာနဲ့ သူလည်း ပြန်လာခဲ့တော့တယ်။

    ❝ရဲရင့်‌အောင်❞
    🪽 သူက ဆေးရုံကြီးတစ်ခုက လက်ထောက်ဆရာဝန်လေး။ ညနေဘက်တွေနဲ့ ဆေးရုံကြီးမှာ နိုက်ဂျူတီဆင်းရတဲ့ ညတွေရဲ့ မနက်ပိုင်းတွေမှာဆို ဆင်ခြေဖုံး ရပ်ကွက်လေးတစ်ခုမှာ ဖွင့်ထားတဲ့ ဆေးခန်းကို ဘတ်စ်ကားတိုးစီးပြီး သွားထိုင်တယ်။ လူနာမည်ကသာ အဆိုတော်နာမည်နဲ့ တူနေတာ။ သီချင်းဆိုလိုက်ရင် သူ့အသံက လုံးဝမကောင်းဘူး။ ကီးဝင်အောင် မဆိုနိုင်လို့ သူငယ်ချင်းတွေက သူ့ကို ကိုကောင်ကြီး (ကီးကြောင်) လို့ နာမည်ပေးထားတယ်။

    ❝ကျော်ဇင်ကိုကို❞
    🪽 လူပျိုဖော်ဝင်စ အချိန်ကနေစပြီး သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို သူပြန်သိလိုက်ရတဲ့အခါ ချောက်နက်ထဲ အကြိမ်ကြိမ် ပြုတ်ကျခဲ့ရသူ။ သူဟာ မိသားစုထဲ သိုးမည်းတစ်ကောင်။ သူ့အစ်ကိုက သူ့ Facebook account ကို ဟက်ပြီး စင်္ကာပူရောက်နေတဲ့ သူ့ရဲ့ယောက်ျားလေးချစ်သူနဲ့ ပြောဆိုထားတာတွေကို အိမ်ကို တိုင်လိုက်တော့ အဖေနဲ့ ဦးလေးတို့က ထိုးကြိတ်ရိုက်နှက်ကြတယ်။ သူအမှားတွေ လုပ်တိုင်း ရှေ့ကနေ ကာကွယ်ပေးတတ်ခဲ့တဲ့ အမေကလည်း ဒီတစ်ခါတော့ သူ့ဘက်က မရပ်တည်ပေးတော့။ ဒီလိုနဲ့ သူအိမ်ကနေ ထွက်ပြေးပြီး ခုံးကျော်တံတားတစ်ခုရဲ့ အလယ်လောက်မှာ ရပ်နေတယ်။

    ❝ထားခင်❞
    🪽 ၁၃နှစ်အရွယ်တည်းက ပဲပြုတ်တောင်း ခေါင်းရွက်ပြီး မိသားစုကို ထောက်ပံ့ကျွေးမွေးလာတဲ့ သူမ။ အမေ ဒေါ်မြမေက ကုန်စိမ်းသည်။ အဖေက လေဖြတ်ထားတဲ့ လူမမာ။ မောင်လေး ဇွဲထူးက မွေးရာပါ သွေးရောဂါသည်ဖြစ်ပြီး သွေးသွင်းမှ အသက်ဆက်နေရတာမို့ မကြာခဏ ဆေးရုံတက်ပြီး သွေးသွင်း‌နေရတယ်။

    ❝ချစ်သက်ညီ❞
    🪽 ချစ်ရတဲ့ အမျိုးသမီးလေး ဖယောင်းကြွေနဲ့ လက်ထပ်ဖို့အတွက် အလှဆင်ထားတဲ့ ကားကြီးပေါ်မှာ သူနဲ့ သတို့သမီးလေး။ သူက သာမန်မိသားစုက ပေါက်ဖွားလာသူ။ ခိုးကူးခွေရောင်းတာ၊ ထီရောင်းတာ စသဖြင့် အလုပ်ပေါင်းစုံ လုပ်ခဲ့တယ်။ နောက်တော့ နိုင်ငံခြားသွားပြီး အလုပ်ကြိုးစားခဲ့တယ်။ အတော်အတန် စုမိတော့ ပြန်လာပြီး စီးပွားရေးလောကထဲ ဝင်ခဲ့တယ်။ အတော်အတန် ကြွယ်ဝလာတော့ သူ့ကို ငြင်းခဲ့ဖူးတဲ့ ချစ်ရတဲ့ မိန်းကလေး ဖယောင်းကြွေက လက်ခံပြီး ဒီနေ့မှာ မင်္ဂလာဆောင်ကြတော့မယ်။

    🪽 လွတ်လပ်တဲ့ ဘဝကို လိုချင်တဲ့ မင်းသမီး မြဝတ်ရည်က စောင့်ကြည့်တဲ့ မျက်လုံးတွေမရှိဘဲ လွတ်လပ်တဲ့ ပဲပြုတ်သည်မလေး ဖြစ်လာတဲ့အခါ …
    🪽 ချမ်းသာမှုကို အားကျငေးမောတတ်တဲ့ ပဲပြုတ်သည်မလေး ထားခင်က နုရွလှပပြီး တီဗီထဲ နေ့တိုင်း စောင့်ကြည့်ခဲ့ရတဲ့ မင်းသမီး ဖြစ်လာတဲ့အခါ …
    🪽 သီချင်းဆိုပြိုင်ပွဲမှာ ဆုရထားပြီး ဆရာဝန်တွေကို နာကျည်းနေပါတယ်ဆိုတဲ့ အဆိုတော်လုပ်ဖို့ ကြိုးစားနေတဲ့ ကျော်သိင်္ခက လက်ထောက်ဆရာဝန်တစ်ယောက် ဖြစ်လာတဲ့အခါ …
    🪽 ဆရာဝန်ပေမဲ့ ကားလေးတောင် မရှိဘဲ အသံကလည်း ကီးကြောင်နေတဲ့ လက်ထောက်ဆရာဝန် ရဲရင့်အောင်က နာမည်ရစ အဆိုတော်ဖြစ်လာတဲ့အခါ …
    🪽 ချစ်ရတဲ့သူနဲ့ အတူနေရတော့မှာမို့ ပျော်ရွှင်နေတဲ့ ချစ်သက်ညီက လိင်တူစိတ်ဝင်စားတဲ့ ကောင်လေးတစ်ဦး ဖြစ်လာရတဲ့အခါ …
    🪽 လိင်တူစိတ်ဝင်စားပြီး မိသားစုပစ်ပယ်ခံထားရတဲ့ ကျော်ဇင်ကိုကိုက လောလောလတ်လတ် အိမ်ထောင်ကျထားတဲ့ ကုမ္ပဏီပိုင်ရှင် အမျိုးသားတစ်ဦး ဖြစ်လာတဲ့အခါ …

    🪽 သူတို့ရဲ့ ပြောင်းလဲသွားတဲ့ ဘဝအသီးသီး အပေါ်မှာ သူတို့တွေ ဘယ်လိုဆက်ပြီး ရှင်သန်ရပ်တည်ကြမလဲဆိုတာ ~
    __________________________

    ❝ရွှေတောင်ပံတွေ ရိုက်ခတ်လွန့်လူးခဲ့စဉ်က …❞

    🪽 ကျွန်တော့် ပထမဆုံးလုံးချင်းဝတ္ထုလေး မထွက်ခင် နတ်သမီးတောင်ပံ စာအုပ်ထဲက ဇာတ်ကောင် ခြောက်ယောက်ကို မှတ်မိကြမယ် ထင်ပါတယ်။ သူတို့ကို ကျွန်တော် အပြင်က သက်ရှိလူသားတွေလိုပဲ သဘောထားတယ်။ ခံစားမိတယ်။ သူတို့အကြောင်းရေးခဲ့တုန်းက ဝတ္ထုတိုလေးမျှသာပါပဲ။ ကျွန်တော် လုံးချင်းဝတ္ထုတွေ ရေးဖြစ်လာတော့ သူတို့ကို ပြန်သတိရတယ်။ သူတို့အတွက် တစ်ခုခု လုပ်ပေးချင်တယ်ပေါ့။ အဲဒီစိတ်က ရင်ထဲ ရှိနေတာ ကြာပါပြီ။ ဒါပေမယ့် ဘာလုပ်ရမယ်၊ ဘာရေးရမယ် မသိဘူး။ တည်ဆောက်ယူရတာမျိုးတွေလည်း ကျွန်တော်က မကြိုက်တော့ ရင်ထဲ တစ်ခုခု ရောက်လာခဲ့ရင်ပေါ့ ဆိုပြီး အဲဒီ ဆန္ဒကို သိမ်းထားခဲ့ပါတယ်။ အခု ၃ နှစ်ကျော်လောက် အကြာမှာ တစ်ရက်တော့ ကျွန်တော် လှည်းတန်းဘက် သွားနေရင်း ဘတ်စ်ပေါ်မှာ သူတို့အကြောင်း ရင်ထဲမှာ တစ်ခုခု ရလာတယ်။ အဲဒီကနေ ဆက်တွေးရင်း တွေးရင်း ဇာတ်ဝင်ခန်း တချို့ကို ဆက်တိုက်တွေးမိပြီး ကားပေါ်မှာ အသံထွက်အောင် ရယ်မိတဲ့အထိ ဖြစ်လိုက်သေးတယ်။ ငါ ဟာသလေး ရေးမယ်ပေါ့။ တကယ်တမ်းက ကျွန်တော်က စာဖတ်သူကို နင့်အောင် လုပ်နေတာများလို့ ပေါ့ပေါ့ပါးပါးပဲ ဟာသဘက်လေး ရေးချင်ခဲ့တာပါ။

    🪽 လက်တွေ့မှာ ရေးမိပြန်တော့လည်း … ။ အခု ဖတ်ခဲ့ရတဲ့ အတိုင်းပါပဲပေါ့လေ။ ကျွန်တော့်ထုံးစံကို ကျော်လို့ မရနိုင်ခဲ့ပါဘူး။

    🪽 ဒါပေမယ့် အရင်ဝတ္ထုတွေလို မဟုတ်ဘဲ ဘဝဆိုတဲ့ ဒုက္ခကြီးကို စိတ်လက်ပေါ့ပါးခြင်း ကြည်မွေ့ခြင်းတွေနဲ့ တစ်ခါလောက်လေး ပြန်ကြည့်နိုင်မယ်။ ကိုယ့် ရောက်ရှိတဲ့နေရာလေးမှာ မတတ်သာခဲ့ရင်တောင် အလိုက်သင့် ရှင်သန်နေထိုင်ဖို့ အင်အားတစ်ခုခု ဖြစ်စေမယ်လို့ ကျွန်တော် ပြင်းပြင်းပြပြ မျှော်လင့်မိပါတယ်။

    🪽 သင်တို့ရဲ့ ချစ်လှစွာသော 🪽
    __________________________

    🪽 “မိခင်တစ်ယောက်ရဲ့သောကဟာ ဘုရင်မတစ်ယောက်ကနေ ကုန်စိမ်းသည်မကြီးအထိ အတူတူပါပဲ အေတို့ရယ်” (~ စာ ၃၂)

    🪽 သားသမီးတစ်ယောက်ရဲ့ နောက်ဆုံးခံတပ်ဟာ အမေပါပဲ။ (~ စာ ‌၄၄)

    🪽 မိသားစုဆိုတာ မပြေလည်မှု အကျိုးအပဲ့လေးတွေကို ဝိုင်းဝန်းဖေးမရင်း မောင်းနှင်နေရတဲ့ ယာဉ်တစ်စီးပါပဲ။ (~ စာ ၅၂)

    🪽 မရှိသူဆီမှာ ရှိခြင်းကို ပြပြီး အနိုင်ယူတာဟာ သိပ်ရှက်ဖို့ ကောင်းပါတယ်။ (~ စာ ၁၀၁)

    🪽 လူဆိုတာ ကိုယ်တိုင် မခံစားရသရွေ့တော့ လူဆိုတာ ကိုယ်တိုင် ကိုယ်ချင်းစာတယ် ဆိုတာက ညာတာပါ။ (~ စာ ၁၈၅)

    🪽 🪽 🪽 🪽 🪽

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခွန်းညိုသွေး စာအုပ်များ