ကိုယ်ရဲ့ချစ်လှစွာသော

( 2 မှတ်ချက်)

6500 (ကျပ်)

ယခု စာအုပ်မှာ စာရေးသူ၏ အဖြစ်အပျက်များ၊ ချစ်ခြင်းမေတ္တာရဲ့ လွဲချော်မှုများ၊ လူသဘောသဘာဝ၊လူ့စိတ်နေစိတ်ထားများအကြောင်းကို ဖွင့်ဟထားပါတယ်။ အချို့သောစကားပြေလေးမှာများ တွင် စာဖတ်သူများမှ လွတ်လပ်စွာတွေးခေါ်ပြီး အတွေးနယ်ချဲ့နိုင်မယ့် အကြောင်းအရာများပါဝင်တာကြောင့်… စာအုပ်လေးကိုဖတ်ရှုရင်း ကိုယ်ပိုင်ဇာတ်လမ်းလေးများကို စိတ်ကူးထဲမှာရေးဖွဲ့နိုင်စေမယ့် ရသ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ် ..။

စာမျက်နှာ

160

စာအုပ်အရွယ်အစား

6.1 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2023 အောင်တိုဘာလ (ဒုတိယအကြိမ် )

စျေးနှုန်းအပြောင်းအလဲ

13.10.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

ကိုယ်ရဲ့ချစ်လှစွာသော အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    ကိုယ့်ရဲ့ချစ်လှစွာသော…♡

    ဒီစာအုပ်လေးထဲမှာပါဝင်တဲ့ ဝတ္ထုတိုလေးတွေရယ်၊စကားပြေလေးတွေအားလုံးဟာ စကားလုံးတွေကနေတဆင့် ရင်ထဲထိ ခံစားသက်ဝင်မိစေပါတယ်။ဆရာခွန်းရဲ့ ဒီစာအုပ်လေးက ဒုကြိမ်ပြန်ထွက်ထားတာလေးပါ။မျက်နှာဖုံးပန်းချီနဲ့တင် အရမ်းသဘောကျစရာလေး ဖြစ်နေတာရယ်🥰💜 ဖတ်ကြည့်လိုက်ရင်လည်း ရသအစုံကို တစ်အုပ်တည်းနဲ့ ပြည့်ပြည့်ဝဝ ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။

    #အပြာရောင်ဟူဒီ

    “အဲ့ဒီကောင်းကင်ရောင် အကျီလေးကို
    ကျွန်တော်မြှောက်ပြီး ဖမ်းယူတဲ့အခါတိုင်းလည်း နွေးထွေးတဲ့ အိမ်မက်တွေ ရရှိတယ်။အကျီတစ်ထည်ဟာ အိမ််မက်ဖမ်းသူ ဖြစ်နိုင်လားဆိုရင် ဖြစ်နိုင်တယ်လို့ ကျွန်တော်ပြောရမှာပါပဲ။”

    #သော့ခလောက်များ
    “ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ခတ်လို့မရတဲ့ အဆိပ်သင့်ကမ္ဘာမှာ ကျွန်တော်တို့ကို လိုအပ်နေဦးမှာပါ။”

    သော့ခလောက်တစ်လုံးရဲ့ ဖြစ်တည်မှုနေရာကနေ ရေးပြသွားတာ အရမ်းမိုက်ပါတယ်။

    #ရှေးရှေးတုန်းကခရုခွံလေးတွေအကြောင်း

    “လူတွေဟာ လူလားမြောက်ပြီး အဓိပ္ပါယ်ရှိလာပြီ ဆိုတာနဲ့ သူတို့ရဲ့ အရင်ဘဝတွေကို လွမ်းဆွတ်တောင့်တကြတယ်။ငါတို့တွေ အရင်က ဘယ်လောက်တောင် လွတ်လပ်ပေါ့ပါးကြပါသလဲလို့ပေါ့။အဲ့ဒီလို အရင်က အရင်ကဆိုတဲ့ စကားလုံးတွေကို ပြန်ငေးရင်း ဆက်ပြီး
    လမ်းတွေ လျှောက်ရတော့တာ”

    ဒီအပုဒ်လေး ဖတ်ပြီးတော့ ပြန်မရနိုင်တဲ့
    အရင်တုန်းကလေ… ဆိုတဲ့အချိန်တွေကို
    လွမ်းမိပါသေးတယ်🤎

    #အရောင်လွင့်သွားတဲ့ထီးလေးတွေ

    မိုးချင်ယောင်ဆောင်သော၊အရောင်မဲ့သွားသော၊ချောင်ထိုးခံရ ကျိုးပဲ့ပျက်စီးသွားသော ထီးကလေးတွေရယ်လို့ လူ့ဘဝရဲ့ ဆင်းရဲဒုက္ခတွေကို ထီးလေးတွေနဲ့ ခိုင်းနှိုင်းရေးပြသွားတာ တကယ်ကို
    ဝမ်းနည်းစရာ၊ စိတ်မကောင်းဖြစ်စရာ
    ကောင်းတဲ့ အဖြစ်တွေရယ်ပေါ့…။

    #တတိယအကြောင်းတရားများ

    “ရတာမလို လိုတာမရ”ဖြစ်တတ်တဲ့ လူ့သဘော မနောတွေကို မြင်သာထင်ဟပ်စေတဲ့အပုဒ်လေးပါ။လူတွေရဲ့
    အမြင်တွေ၊အတွေးတွေကို တလှည့်စီ
    ဖော်ပြပေးသွားတာ အရမ်းမိုက်ပါတယ်။

    #ကိုယ့်ရဲ့ချစ်လှစွာသော

    စကားပြေအခွဲလေးတွေ(၆)ခုဖော်ပြ ရေးသားထားပါတယ်။စာဖတ်သူအတွက်
    ချစ်လှစွာသော(၇)ကို ကိုယ်တိုင်ခံစားပြီး
    ရေးလို့ရအောင်လည်း စီစဥ်ထည့်သွင်းထားတဲ့ စိတ်ကူးလေးက ချစ်စရာကောင်းပါတယ်💜

    တကယ်တော့ ခံစားမိသလောက်ရယ်၊သဘောကျမိတာလေးတွေရယ် အနည်းငယ်စီသာ ရေးသား မျှဝေထားတာပါ။ထည့်မရေးဖြစ်တဲ့ တံခါး၊အသားညှပ်ပေါင်မုန့်၊ စိတ်ကူးယဥ်ရုပ်ရှင်၊နေဝင်ချိန်၊ဆရာဝန်ကို မုန်းတဲ့မိန်းမ၊လူတစ်ယောက်ရဲ့ မြစ်၊သူစိမ်းကမ္ဘာ စတဲ့ အခြားသော ဝတ္ထုတိုလေးတွေကလည်း ရသတစ်မျိုးစီ ရစေတဲ့ ဝတ္ထုတိုလေးတွေ ဖြစ်ပါတယ်။
    အဖုံးလှလှလေးရယ်၊ ရသမြောက်တဲ့ စာလေးတွေ ပါဝင်တဲ့ ဒီစာအုပ်လေးကို ဖတ်ခွင့်ရတဲ့အတွက် ဆရာခွန်း Khoon Nyo Thway ကိုလည်း ကျေးဇူးတင်ပါတယ်🤗💜

    #ကိုယ့်ရဲ့ချစ်လှစွာသော
    #ခွန်းညိုသွေး
    #ဒုတိယအကြိမ်
    #reviewby하은
    #22Oct2023

  2. Htet Htet Tin Zar

    🤍 ဆရာခွန်းညိုသွေးရဲ့ ကိုယ့်ရဲ့ချစ်လှစွာသောဆိုတဲ့ ဒီစာအုပ်လေးက ထူးခြားတဲ့ အရေးအသား၊ နူးညံ့တဲ့ စကားလုံးတွေကတဆင့် ရင်ထဲရောက်‌စေမယ့် ဝတ္ထုတိုလေးတွေပါ။ ဇာတ်လမ်းဇာတ်အိမ်ဆိုတာထက် စာရေးသူခံစားရတဲ့ တစ်စုံတစ်ရာအပေါ် အတွေးနယ် ဖြန့်ကျက်ထားတဲ့ အကြောင်းအရာလေးတွေ ပါဝင်သလို ဇာတ်လမ်းတစ်ကွက်စာလောက်အပေါ်မှာပဲ ဇာတ်ကောင်ရဲ့ ထင်မြင်ချက်၊ ခံစားမှုတွေကို ဖော်ကျူးထားတာမျိုး၊ နောက်ပြီး အရာဝတ္ထုပစ္စည်းတစ်ခုက ကမ္ဘာလောကကြီးအပေါ်၊ လူတွေအပေါ် ဘယ်လိုထင်ဟပ်သက်ရောက်မှု ရှိစေသလဲဆိုတဲ့ ခံစားမှုဆိုင်ရာ အတွေးလေးတွေ ဖြန့်ကျက်သွားနိုင်မယ့် ဝတ္ထုတိုမျိုးလေးတွေပါ။ စာအုပ်ထဲမှာ ဝတ္ထုတို (၁၅) ပုဒ်ပါပါတယ်။
    __________________________

    💚 အခုလို အမှာစာရေးပေးဖို့ ခွန်းညိုသွေးရဲ့ ဝတ္ထုတိုလေးတွေကို ဖတ်ရတော့ ပြုံးမိတယ်။ စောစောက ပြောထားတဲ့ အချက်တွေ တစ်ချက်မှ မတွေ့ရပဲကိုး။ ဝတ္ထုတိုရေးသားတင်ပြပုံဟာ သူ့ခေတ်နဲ့သူ ပြောင်းလဲခဲ့ပါပြီ။

    မြန်မာဝတ္ထုတိုဟာ ကျောင်းတော်ကြီးဟောင်းရဲ့ စံသတ်မှတ်ချက်တွေကနေ သွေဖီပြီး လမ်းသစ်ဖောက်ဖို့ ကြိုးစားလာခဲ့တာ ကြာပါပြီ။ ကျွန်တော်တို့ စာမရေးခင် ကတည်းကပါ။

    ကျွန်တော်တို့ ရေးသားခဲ့တဲ့ (၉၀)ခုနှစ် ဝန်းကျင်ကာလ (၂၀၀၀) ပြည့်နှစ် တစ်ဝိုက်ကာလများမှာလည်း ငြင်းသံ၊ ခုံသံ ဆူဆူညံညံနဲ့ ဖြတ်သန်းခဲ့ရတယ်။ ဒီဘက်ခေတ်ကျတော့လည်း လူငယ်ခေတ်ပေါ်စာရေးဆရာတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်စံ၊ ကိုယ်ပိုင်ဟန်တွေနဲ့ ဆက်လက်ချီတက်နေကြဆဲပါပဲ။

    သူတို့ရဲ့ “အားထုတ်မှု” တွေဟာ ဇာတ်ကောင်စရိုက်တွေ ဇာတ်လမ်း ဇာတ်အိမ် ခိုင်ခံ့မှုတွေအပေါ် အာရုံစိုက်ချင်မှ စိုက်ပါတော့မယ်။ ဒါပေမယ့် လစ်လျူရှူလို့ မရနိုင်အောင်လို့ ဝတ္ထုတိုကို သေသေချာချာ အားထုတ်ရေးဖွဲ့ခဲ့တဲ့အတွက် သီးခြား ပုံသဏ္ဍာန်တစ်ခုနဲ့ လင်းလက်နေပါတော့တယ်။ (~ ဆရာမင်းခိုက်စိုးစံ၏ အမှာစာမှ)

    🤍 ဒီစာအုပ်ကို ကျွန်တော် “အထပ်ထပ်အခါခါ” ရဲ့ အရိပ်အောက်ကနေ တတ်နိုင်သလောက် ရုန်းထွက်ထားပါတယ်။ စာဖတ်သူကို မတူတဲ့ရသလေးတွေ ပေးချင်တာတော့ စာရေးသူတွေရဲ့ စေတနာပဲဖြစ်မယ်လို့ ကျွန်တော်ခံယူပါတယ်။ စာအုပ်မှာ ကျွန်တော်ရေးနေကျ အဖွဲ့အနွဲ့ရသအပြင် ပေးချင်တဲ့ message လေးတွေလည်း ရှိတာကြောင့် အဖွဲ့အနွဲ့ဘက်သွားတဲ့ စကားပြေတွေ၊ အကြောင်းအရာဘက်၊ ပေးချင်တဲ့ message ဘက်သွားတဲ့ စကားပြေတွေကို မျှပြီးထည့်ထားပါတယ်။ ကျွန်တော် စာစရေးခါစ ၂ဝ၁၄ ခုနှစ်က ရေးထားတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကို (ငယ်လက်ရာလေး လိုအပ်ချက်တွေ ရှိနိုင်ပေမယ့်) အမှတ်တရ ထည့်သွင်းထားဖြစ်တယ်။ ရင်အခုန်ရဆုံးကတော့ ငယ်ဘဝရဲ့ အလွှမ်းမိုးဆုံး စာရေးဆရာအစ်ကိုဆီကနေ အမှာစာ တောင်းဖြစ်ပါပဲ။ ကျွန်တော့်မှာ အင်အားတစ်ခု ဖြစ်ရပါတယ်။
    __________________________

    💚 အပြာရောင်ဟူဒီ 🤍

    ❝သိရဲ့လား အချစ်ရေ …
    သိမ်းဆည်းထားချင်လွန်းလို့၊
    ကမ္ဘာမြေပေါ် မကျလိုက်ရတဲ့ မျက်ရည်တွေ …❞

    အမြဲ‌နွေးထွေးစေဖို့ဆိုတဲ့ အထိမ်းအမှတ်နဲ့ သူ့မွေးနေ့မှာ ကောင်မလေး ပေးခဲ့တဲ့ အပြာရောင်ဟူဒီ (ခေါင်းစွပ်အနွေးထည်) လေးက သူ့အတွက်တော့ ဟူဒီကို ဝတ်ထားရင် တစ်ယောက်ယောက်က ပွေ့ဖက်ထားသလို ခံစားချက်မျိုး ရစေတဲ့ အင်္ကျီလေး၊ သူနဲ့ ကောင်မလေးအကြား ဆက်သွယ်မှုပေးတဲ့ အရာလေး၊ လက်နှစ်ဖက်ကို အင်္ကျီလေးထဲ ထိုးထည့်ပြီး လမ်းလျှောက်တဲ့အခါ နွေးထွေးမှုကို ခံစားရစေတဲ့ အင်္ကျီလေး စသဖြင့် လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တဲ့အတွက် သာမန်အင်္ကျီလေးတစ်ထည်ကပဲ သာမန်အင်္ကျီလေးတစ်ထည်ထက် ပိုနေခဲ့တဲ့ အကြောင်းလေး။

    🤍 တံခါး 💚

    ❝မင်းကို လေးနက်မိသမျှ
    ဘဝက ပေါ့ရွှတ်လာတယ်
    အကြိမ်ကြိမ် ခုန်ချပြီး မသေတဲ့ ဝဋ်ဆင်းရဲမျိုး‌ပေါ့
    ငါ့စိတ်တွေ …❞

    လောင်မြိုက်ခံရဖို့ ဂရုမစိုက်ဘဲ အလင်းကို တဟုန်ထိုးပျံသွားတဲ့ ပိုးစုန်းကြူးလေးတွေ လောင်ကျွမ်းပျောက်ကွယ်သွားပြီးနောက်မှာ ကမ္ဘာအသစ်နဲ့ သိပ်ကို နေပျော်ကြတော့မှာ ကိုယ်လည်း ကိုယ့်ကမ္ဘာသစ်ကို သွားမယ့် တံခါးတစ်ချပ်ကို လိုက်ရှာမိတယ်။

    💚 သော့ခလောက်များ 🤍

    ❝ဘုရားသခင်က ယုံကြည်မှုတရားနဲ့
    လူတွေကတော့ သော့တူတစ်ချောင်းနဲ့
    ကမ္ဘာပေါ်က သော့ခလောက်တွေကို ပြိုင်တူဖွင့်ကြတယ်။
    ဘယ်သူ့ရဲ့သော့က အရင်ပွင့်မှာလဲ။❞

    မိသားစုက ခတ်နှိပ်ပေးလိုက်တဲ့ ဘာသာတရား ကိုးကွယ်ယုံကြည်မှု သော့‌ခလောက်တွေကြောင့် လပြည့်နေ့ဆို ဘုရားသွား၊ သောကြာနေ့တွေမှာ ဝတ်ပြုဆုတောင်းရ၊ တနင်္ဂနွေနေ့တွေမှာ ဘုရားသခင်နဲ့ တွေ့ဆုံရတယ်။ မိရိုးဖလာဝါဒတွေက မိန်းကလေးအများစုကို ဗိုင်းကောင်းကျောက်ဖိဆိုပြီး ကန့်သတ်လိုက်တဲ့ သော့‌‌ခလောက်၊ ယောက်ျားလေးဆို မငိုရဘူးဆိုတဲ့ ခံစားမှုဖွင့်ထုတ်ပိုင်ခွင့်ကို ခတ်ပစ်တဲ့ သော့ခလောက်၊ လက်ထပ်စာချုပ်ဆိုတာ လူနှစ်ယောက်ကို စာရွက်တစ်ရွက်နဲ့ ချည်နှောင်လိုက်တဲ့ သော့ခလောက် စသဖြင့် သော့ခလောက် ဖြစ်တည်မှုတွေအကြောင်း။

    🤍 ရှေးရှေးတုန်းက ခရုခွံလေးတွေအကြောင်း 💚

    ❝ပျော်ရွှင်ရတဲ့ အခိုက်အတန့်တွေဆို ရှိစေချင်ခဲ့တာ
    တစ်ခုခုတိုင်ပင်ဖို့ ဖြစ်လာတဲ့အခါ
    စာရွက်ပေါ်မှာ ချရေးလိုက်တယ်။
    လေယာဉ်ပျံလေးချိုးပြီး ပြတင်းပေါက်က လွှတ်လိုက်တယ်။❞

    Give and take တွေကို သဘောမကျတဲ့ လူတစ်ယောက်အကြောင်း။ ကောင်မလေးနဲ့ ခရီးထွက်လာပြီး သူပြောတဲ့စကားက “အခု အစ်ကို ညီမကို ဖြူစင်ပေးလိုက်တဲ့အခါ တစ်ချိန်က ဒီကမ်းခြေကို တစ်ယောက်ယောက်နဲ့ လိုက်ပါခဲ့ဖူးတဲ့ သူတစ်ယောက်ဟာ ဖြူဖြူစင်စင် ဆက်ဆံခံရလိမ့်တယ်လို့ Give and Take သဘောတရားဆန်ဆန်တွေ သူ့ဆီမှာ မဖြစ်ပေါ် မကျရောက်ခဲ့ဘူးလို့ အစ်ကို မျှော်လင့်တယ်။ ယုံကြည်တယ်။” တဲ့။

    💚 သူတို့က ကျွန်မကို ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးမိန်းမလို့ ခေါ်ကြတယ် 🤍

    ❝‌ပြောတဲ့စကားက အဆိပ်မဟုတ်ပါဘူး
    ရင်ခွဲကြည့်မှ ဘဝသေသွားတယ်❞

    ၆၄ပေါင်ထက် မပိုတဲ့ ကိုယ်အလေးချိန်နဲ့ သာမန်ထက်သေးတဲ့ လစ်ဇီကို မကောင်းဆိုးဝါးတစ်ကောင်လို လူတွေက ကြည့်ကြတယ်။ အထက်တန်းတက်နေချိန်မှာ ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးမိန်းမလို့ ခေါင်းစဉ်ပေးပြီး သူမရဲ့ဗီဒီယို တစ်စုံတစ်ယောက်က အင်တာနက်တင်လိုက်ချိန်မှာ ကွန်မန့်ထောင်ချီမှာ ရေးထားတဲ့ မန့်တစ်ခုက –
    “လစ်ဇီရယ် ကမ္ဘာကြီးကို အခွင့်အ‌ရတစ်ခု ပေးလိုက်ပါ။
    ကမ္ဘာကြီးကို ကယ်တင်လိုက်ပါလားဟင်
    သေနတ်တစ်လက်ယူပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်ပါလား” တဲ့။
    စတဲ့ လစ်ဇီရဲ့ ခံစားချက်တွေနဲ့ အပြင်ပန်းသဏ္ဌာန်ကိုပဲ ကြည့်ပြီး ပြုမူဆက်ဆံတဲ့ လူတွေရဲ့အကြောင်း။

    🤍 လူသေတစ်ယောက်ရဲ့ ဘေးမှာ ခုံပုလေးတစ်ခုံလဲနေတယ် 💚

    ❝ကိုယ်ခံအားပါရမီကလည်း နည်းတယ် မေမေ
    ဝမ်းနည်းဝမ်းသာဆေးကို ကဗျာတွေနဲ့ ဖော်ခဲ့ရ
    တိတ်ဆိတ်တဲ့ စကားလုံးတွေ
    ကိုယ့် ခေတသိက်ထဲထည့်ပြီး ဖောက်ခွဲခဲ့ရ
    ကမ္ဘာမြေပေါ်က ငှက်ကလေးတွေ ရယ်ရယ်မောမော
    ကျွန်တော်လည်း ရယ်ရယ်‌မောမောပေါ့❞

    ကြိုးကွင်းစွပ်ပြီး အောက်က ခုံပုလေးကို ကန်ထုတ်ပြီး သတ်သေတဲ့ လူတွေအပေါ် ခံစားပြီး ရေးထားတဲ့ အကြောင်းလေး။ ““ငါ မပျော်ဘူးကွာ”လို့ ပြောလာတုန်းက မင်း အဲဒီလူဆီကို ဖုန်းဆက်ဖြစ်လား။ မအားတဲ့ကြားကဖြစ်ဖြစ် ခဏလောက်တွေ့ဖြစ်ကြလား။ အတူတူ ခရီးထွက်ကြမယ် ပြောတော့ရော ပြောတော့ရော အလုပ်အကြောင်းပြပြီး မင်း မလိုက်ဖြစ်ခဲ့ဘူး မဟုတ်လား။ တကယ်တော့ သေဆုံးတဲ့သူဘေးက ခုံပုလေးကသာ သူ့ဘဝကို စာနာပေး နားလည်ပေးခဲ့တာ။ သူ တားဆီးလို့မရနိုင်တော့တဲ့ လူတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်မှာ ကြေကြေကွဲကွဲ ကြည့်နေပေးခဲ့၊ ပြိုလဲခဲ့ရတာ။ လူမှုကွန်ရက်ပေါ်က ငြိမ်းချမ်းစွာ အနားယူပါတော့ဆိုတဲ့ စကားကို ငါ ကျေးဇူးမတင်ပါဘူး။”

    💚 အသားညှပ်ပေါင်မုန့် 🤍

    ❝ရွေး‌ကောက်ပွဲတွေတိုင်း ငါ့မဲကို ပယ်ပါ
    အနိုင်ရသူတွေတိုင်း လက်ဆွဲနှုတ်ဆက်ပါ
    မာသာထရီဇာအကြောင်းပြောပါ
    ဗိုလ်ချုပ်အောင်ဆန်းကို ပြန်လည်ရှာဖွေပါ
    အနားနားရောက်လာတဲ့ စံပယ်ပန်းသည်ကလေးကို
    အော်ငေါက်ပစ်လိုက်တယ်။
    သွားစမ်း
    ငါ ဒီမှာ လူသားဆန်မှုအကြောင်း ဆွေးနွေးနေတယ်။❞

    ကောင်မလေးနဲ့ ရုပ်ရှင်ကြည့်တဲ့အခါ အတူတူ စားဖို့ ဟမ်ဘာဂါ ဝယ်နေတုန်း ဆွဲခြင်းအဟောင်းလေး ကိုင်ထားတဲ့ တစ်တန်း၊ နှစ်တန်းအရွယ် ကောင်လေးတစ်ယောက်က ဆာလောင်စွာ ကြည့်နေတယ်။ ဒီကလေးကို မြင်တော့ ငယ်ငယ်က သူ့ဘဝကို မြင်ယောင်ပြီး အဲဒီကလေးနေရာ သူရောက်သွားတယ်။ ဒါပေမဲ့ ဟမ်ဘာဂါလေးကိုတော့ ငေးနေတဲ့ ကလေးကို မပေးခဲ့ဘူး။ သူတောင်မှ အလုပ်သမားခေါင်းဆီက ကြိုထုတ်လာတဲ့ ငွေတစ်သောင်းနဲ့ ကောင်မလေးကို ရုပ်ရှင်ပြဖို့ လောက်အောင် သုံးရမှာကိုး။ ရုပ်ရှင်ရုံမှာ ကောင်မလေးကို စောင့်နေတုန်း Facebook က သတင်းတစ်ပုဒ်မှာ ရုပ်ရှင်မင်းသမီး ဆယ်လီတစ်ယောက်က ကိုရီးယားသွားပြီး မျက်နှာခွဲစိတ်သတဲ့။ သူဝင်ပေးလိုက်တဲ့ ကွန်မန့်က “သေရင်ပုပ်မယ့် ရုပ်ကိုများကွာ ပြင်နေရသေးတယ်။ တကယ်ဆို လိုအပ်မယ့် နေရာတွေကို လှူပါလား။ မရှိဆင်းရဲသားတွေကို လှူပါလား။ အဲလောက်လေးတောင် လူစိတ်မရှိဘူးလား။ ကိုယ့်ရှိတဲ့အထဲက နည်းနည်းဖဲ့လှူတော့ ဘာဖြစ်မှာမို့လဲ။ ငါ ိုးတဲ့မှပဲ” တဲ့။ ဖြစ်ရပ်နှစ်ခုအပေါ် နှိုင်းယှဉ်ရေးပြထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။

    🤍 စိတ်ကူးယဉ်ရုပ်ရှင် 💚

    ❝ခံစားရတယ် နာကျင်ရတယ်ဆိုလည်း
    ကိုယ် ချစ်မက်ရာ
    ကိုယ်ရွေးချယ်ခဲ့ရာပါပဲ

    ချစ်ခြင်းမေတ္တာဟာ လုပ်မယူခဲ့သမျှ
    ချစ်ခြင်းမေတ္တာဟာ နှစ်ပေါင်းများစွာ
    ချစ်ခြင်းမေတ္တာဟာ ကောင်းကင်ကြီးလို ပြာ

    သတိရခြင်း မခံရပေမယ့်
    မပြောင်းလဲတတ်ခြင်းတွေနဲ့

    တစ်နေ့နေ့ နီးမှာလား
    တစ်နေ့နေ့ရော ဝေးကြမှာလား
    အဲဒီတစ်နေ့နေ့ကို ကန့်သတ်မထား

    ချစ်ခြင်းမေတ္တာဟာ ကောင်းကင်ကြီးလို ပြာ❞

    စိတ်ရဲ့အိမ်လေးထဲက ရုပ်ရှင်တစ်ကားရဲ့ ပိတ်ကားထက်မှာ အမှတ်တရ စာတန်းတွေ ထိုးနေတယ်။ ကိုယ်ရဲ့ နေ့စဉ် ဘဝဝတ္ထုနဲ့ မတူတဲ့ စိတ်ကူးယဉ်ရုပ်ရှင်လေးပေါ့။ ချစ်ခြင်းတရားက အနိမ့်အမြင့် အတက်အကျလှိုင်းတွေမှာ ဆိုရင်ဖြင့် ကိုယ့် စိတ်ကူးသင်္ဘောလေးက ဖြတ်သန်းခုတ်မောင်းသွားခဲ့တယ်။ ဘဝတစ်ခုစာ စီးခဲ့တဲ့ ရေအလျဉ်ထဲ အရာအားလုံးကို ဖန်ဆင်းခဲ့သော အကြည်ဓာတ်ကလေးဟာ မင်းဖြစ်တယ်။ ရင်မှာ အေးမြစေသောအရာအားလုံး ဒါမှမဟုတ် အေးခဲသွားစေသော အကြောင်းတရားများ ဇာတ်သိမ်းမှာ အကျိုးဖြစ်ထွန်းပါစေ။ ဒီစိတ်ကူးယဉ်ရုပ်ရှင်ထဲ ကိုယ် အရည်တွေ ပျော်ကုန်တယ်ဆိုတဲ့ စိတ်ကူးယဉ်ရုပ်ရှင်။

    💚 နေဝင်ချိန် 🤍

    ❝တစ်ချိန်ချိန် နစ်မြုပ်မှာကိုပဲ ကိုယ်တို့တွေက
    ခမ်းခမ်းနားနား ကြည့်နေခဲ့ကြတာ မဟုတ်လား။
    နောက်ပြီးတော့
    ဝမ်းပန်းတနည်းနဲ့ပေါ့။❞

    နာကျင်တဲ့ဝေဒနာတွေကို ကြိတ်မှိတ်သည်းခံရမယ့်အချိန်တွေ၊ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ကျွတ်ကျဲပါးလျားသွားမယ့် ဆံပင်တွေ၊ အစားအသောက် ပျက်လာလို့ ချောင်ကျသွားမယ့် နားထင်နားရင်း ချိုင့်ခွက်ခွက်တွေက သူ့အနေနဲ့ ကောင်မလေးကို နေဝင်ချိန်မဟုတ်ကြောင်းနဲ့ သူ့နေဝင်ချိန်ကို ကောင်မလေးကို မကြည့်စေချင်တဲ့ ချစ်သူကောင်လေးရဲ့ ခံစားမှုတွေ။

    🤍 ဆရာဝန်ကိုမုန်းတဲ့ မိန်းမ 💚

    ❝ခိုက်တုန်လွန်းတဲ့ အေးစက်မှုတွေမှာ
    ရထားဟာ ဆွဲဆွဲငင် နှုတ်ဆက်
    ရပ်ငေးနေသူကို မတူမတန်ကြည့်လို့
    တနင်္ဂနွေဘူတာကနေ ပြေးထွက်တယ်။

    ရှုံးရသူရဲ့ အိပ်မက်မှာ
    အကြိမ်ကြိမ် ပြန်ပေးပါလို့
    ဖွက်ထားခံရတဲ့ မြေအိုးပုတ်လေးလို
    သိမ်သိမ်ငယ်ငယ် ကိုယ် ဆိုဖူးပါတယ်။❞

    ဆရာဝန်ကို ချစ်သူတော်ထားပြီး ဆရာဝန်တွေက ပညာဂုဏ်မောက်တယ် စသဖြင့် ဆရာဝန်အသိုင်းအဝိုင်းကို ချစ်သူရှေ့ မကောင်းကြောင်းပြောတဲ့ ဆရာဝန်ကို မုန်းတဲ့ မိန်းမတစ်ယောက်အကြောင်း။

    💚 လူတစ်ယောက်ရဲ့မြစ် 🤍

    ❝အချစ်က
    ကိုယ် ဘယ်လောက်ပြိုလဲခဲ့ရတယ်ဆိုတဲ့
    မြုပ်နေတဲ့ ထုထည်တွေ အပေါ်မှာမှ
    မင်းဘက်က ချစ်မက်စရာ မြင်ရရုံလေးရှိတဲ့
    ရေခဲတောင်ရဲ့ ထိပ်ဝလေးပါပဲ❞

    မြစ်ထဲက ငါးလေးတစ်ကောင် ရှင်သန်နေမှု၊ ကူးခတ်မှုတွေ၊ မှီခိုရှင်သန်ရာ တည်နေရာ စသဖြင့် အတွေးနယ်ချဲ့နိုင်စေမယ့် အကြောင်းလေး။

    🤍 အရောင်လွင့်သွားတဲ့ ထီးလေးတွေ 💚

    ❝မြတ်နိုးတွယ်တာခြင်း‌တွေ သစ္စာတရားတွေ
    ဂရုတစိုက်ပေးနေတဲ့ကြားထဲမှာ
    ချစ်ခြင်းမေတ္တာဟာ အသက်ပါမလာ …❞

    လူ့ဘဝကို အရောင်စုံထီးလေးတွေနဲ့ ကိုယ်စားပြုထားတဲ့ ဝတ္ထုလေး …
    ဘဝနေဝင်ချိန်မှာ ဇနီးဖြစ်သူရဲ့ တရားစာရွတ်ဖတ်သံ၊ နူးညံ့တဲ့ ဖေးမလက်တစ်စုံရဲ့ ယုယမှုအောက်မှာ အေးချမ်းစွာ ထွက်ခွာသွားနိုင်ခဲ့ပြီး လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ အေးမြခဲ့တဲ့ ထီးတစ်ချောင်းရဲ့အရိပ် …
    မွေးစတည်းက အုပ်မိုးပေးခြင်း မခံရတဲ့ ကရုဏာထီးတွေ ရှိခွင့်မရတဲ့ မိဘငယ်ကလေးငယ်ဘဝတွေ …
    သွေးလွန်ပြီး သေသွားနိုင်တဲ့ ကောင်မလေးထက် ကလေးရမှာကို ပိုပြီးစိုးရိမ်ကြီးနေတဲ့ ကောင်လေးရဲ့ မိုးချင်ယောင်ဆောင်တဲ့ အရိပ်‌ပေးချင်ယောင်ဆောင်တဲ့ထီး
    စတဲ့ အရောင်လွင့်သွားတဲ့ထီးတွေ၊ ချောင်ထိုးခံရတဲ့ထီးတွေ၊ ကျိုးပဲ့ပျက်စီးသွားတဲ့ ထီးတွေအကြောင်း။

    💚 တတိယအကြောင်းတရားများ 🤍

    ❝သိကြပါသလား
    နာကျင်မှုတွေကုန်ဆုံးရင် ဘဝသေသွားမယ်လို့
    ချို့ချို့တဲ့တဲ့ အပြုံးတွေကို
    ရှုံးတဲ့သူချင်းသာ နားလည်ပါတယ်❞

    ဆေးပစ္စည်း မိတ်ဆက်ပွဲတစ်ခုမှာ အမှတ်မထင် ပြန်ဆုံတွေ့ခဲ့ကြတဲ့ ကျောင်းနေဘက်သူငယ်ချင်း သုံးယောက်။
    အထူးကုသမား တော်ကြီး မြင့်မြတ်သာ
    ဒီဆေးကုမ္ပဏီရဲ့ ဆေးကြော်ငြာ‌တွေကို ပင်တိုင်ရိုက်ကူးပေးနေတဲ့ အဆိုတော်မင်းသား စိမ်းသူရကို
    ပွဲက မန်နေဂျာနဲ့ ခင်မင်ပြီး ယနေ့ မိတ်ဆက်တဲ့ ဆေးများထဲက သွေးတိုးကျဆေးတစ်ခုအကြောင်း သိလိုတာကြောင့် တက်ရောက်တဲ့ သူဌေးရွှေမြမောင်
    အပြင်ပိုင်းမှာ တစ်ဦးကိုတစ်ဦး ဖော်ရွေစွာ နှုတ်ဆက်နေကြပေမဲ့ ကိုယ်စီဘဝတွေရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်တွင်းကနေ ထုတ်ဖော်ပြောပြပြီး အပြင်ပိုင်း ဟန်လုပ်ပျော်နေရတဲ့ တစ်ယောက်ဘဝကိုတစ်ယောက် အားကျနေကြတဲ့ သူတို့။

    🤍 သူစိမ်းကမ္ဘာ 💚

    ❝နိုင်သလောက်ပေါ့
    မေတ္တာတရားပေါ့
    ရှင်သန်ခြင်းပေါ့
    မျှော်လင့်ချက်ပေါ့
    ကမ္ဘာမြေပေါ်က ကိုယ့်ကို
    လူတွေ မေ့သွားကြမယ့်ရက် မတိုင်ခင်လေး …
    ကိုယ့် မျက်လုံးတွေ မမှိတ်ခင်လေး …❞

    ဖြတ်သွားဖြတ်လာလုပ်နေရင်း အခန်းတံခါးဝလေးကို ငေးကြည့်ခွင့်ရှိလား။
    မသက်ဆိုင်တော့တဲ့ နယ်မြေတစ်ခုကို ပြန်ပြီးအလည်လာမိတာဟာ ကိုယ့်စိတ်ဆန္ဒ တွေကပဲ ထူးဆန်းတာလား။ ကိုယ့်အိမ်လေးဟာ အရင်လို သစ်သားအိမ် ခပ်ပုပုလေး၊ စိမ်းစိုနေတဲ့ သီးပင်စားပင်တွေနဲ့ ခြံဝန်းလေး။
    ဒီအချိန်ဆို သမီးလေးကျောင်းသွားတာ အိမ်ပြန်လာခါနီးပြီ။ ကိုယ် ဒီနေ့ သမီးလေးရဲ့ကျောင်းကို အရင်ဝင်ကြည့်တော့ သမီးဟာ ကိုယ့်ကို မှတ်မိပုံမရဘူး။ သမီးဟာ ကိုယ့်မျက်စိရှေ့မှာတင် အရွယ်ရောက်လာလိုက်တာ၊ ဒါပေမယ့် သမီးလေးက ကိုယ့်ကို သူစိမ်းတစ်ယောက်လိုပဲ။
    တစ်ဖက်ကလည်း ကိုယ်နဲ့ အကျွမ်းတဝင်မရှိတဲ့ကမ္ဘာမှာ ကိုယ် ဘယ်လောက်ထိ ကြာရှည်နေနိုင်မှာလဲ။ ကိုယ် ဒီကမ္ဘာမှာ ဘယ်လိုကြာရှည်စွာ နေနိုင်ပါ့မလဲ။ အစိမ်းသက်ဆုံးရနံ့တွေ ဖုံးအုပ်နေတဲ့ နေရာမှာ ကိုယ်မပျော်ပိုက်ပါဘူး။
    စသဖြင့် ဇာတ်လမ်းလေးက ဘယ်လိုလဲဆိုတာ စာဖတ်သူကို အတွေးနယ်ချဲ့စေတဲ့ ဇာတ်လမ်းမျိုးလေး။

    💚 ကိုယ့်ရဲ့ ချစ်လှစွာသော 🤍

    ❝အရာရာ ဖြစ်လွယ်လွန်း
    ပျက်လွယ်လွန်းတဲ့ကြားထဲမှာ
    ကိုယ် ခိုမိတဲ့ တံစက်မြိတ်လေးပါ အချစ်ရေ …
    အေးပါရစေ
    နွေးပါရစေ။❞

    စာရေးသူရဲ့ ချစ်ခြင်းမေတ္တာအပေါ် ခံယူချက်တွေကို ကိုယ့်ရဲ့ချစ်လှစွာသော ခေါင်းစဉ်နဲ့ ၁ ကနေ ၆ အထိ စကားပြေအနေနဲ့ ရေးသားထားပြီး ၇ကိုတော့ စာဖတ်သူတွေကို ရေးဖို့ စာရွက်လွတ်လေး ထည့်ပေးထားပါတယ်။

    “ကိုယ့်ရဲ့ ပဋိစ္စသမုပ္ပါဒ်က ရှင်းပါတယ်။ မင်းက မင်းဖြစ်နေလို့ကို ချစ်ရပြီး ကိုယ်က ကိုယ် ဖြစ်နေလို့ကိုလွမ်းရတာ။”

    “မင်းက “မချစ် တော့ပါဘူး” လို့ ပြောတဲ့အချိန်မှာ ကိုယ်က “တစ်သက်စာမခွဲဘူး” လို့ ပြန်ဖြေနေမိတဲ့ အခိုက်အတန့်တွေပေါ့။”

    “အတူတူရောက်တတ်တဲ့ နေရာလေးတွေကို တစ်ယောက်တည်း သွားမယ်။ စာအုပ်တွေကို နှစ်အုပ်စီ ဝယ်ပြီး တစ်အုပ်ကို မင်းနာမည်ထိုးပြီး သိမ်းထားဖြစ်မယ်။ ဘယ်အခါများ မင်းကို ပေးခွင့်ရှိမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့လား။ အင်း …. ဟုတ်လောက်ပါတယ်။ ဒါပေမယ့် ကိုယ့်စာအုပ်စင်လေးပေါ်မှာ ဆင်တူစာအုပ်လေးတွေ များများလာတာပဲ ဖြစ်လာလိမ့်မယ်။”

    “ဆောင်းခိုငှက်တွေဟာ သိပ်အေးလွန်းတဲ့ အအေးဒဏ်ကနေ ရှောင်ရှားဖို့ ဟိုး အေးစက်လွန်းရာ အရပ်ဒေသကနေ သူတို့အတွက် နွေးထွေးစေမယ့် အရပ်ဒေသဆီ ပျံသန်းပြီး ဆောင်းကို ရှောင်ကြတယ်။ သိပ်မအေးတဲ့ မြို့ပြတစ်ခုရဲ့ဆောင်းမှာ အေးစက်နေတဲ့ အငွေ့အသက် အခိုက်အတန့်တွေကို ကိုယ် ဘယ်လိုရှောင်ရှားရမလဲ တွေးလို့ မရသေးဘူး။ ကိုယ်ကိုယ်တိုင်ကလည်း အဲဒီဆောင်းကို မရှောင်ခွာချင်သေးတာလို့ ဝန်ခံပါတယ်။”

    “ကိုယ့်ဘက်ကို လှည့်မကြည့်ခြင်းအားဖြင့် မင်း အဆင်ပြေပါစေ။ ကိုယ့်ကို မေ့ပျောက်ထားခြင်းအားဖြင့် မင်းပျော်ရွှင်နေပါစေ။ ချစ်ခဲ့ခြင်းဆိုတာ အမုန်းတွေ ပျိုးဖို့မှ မဟုတ်ဘဲ။ ကိုယ်ဟာ မင်းဘဝနဲ့ အံဝင်ခွင်ကျ မဟုတ်သူမို့၊ ကိုယ်ဟာ ရှေးဘဝက ကုသိုလ်ရေစက်တွေ နည်းခဲ့လို့ မင်းနဲ့ဝေးတယ်။ ချစ်ခြင်းမေတ္တာက ဘုန်းကံတစ်ပါးဆိုရင် ကိုယ်ဟာ လက္ခဏာရေး ပါးလျားသူတစ်ယောက်သာ ဖြစ်တယ်။ ဒီလောက်ပါပဲ။”

    “ဒီလိုပိတ်ရက်တွေဆို လူရှင်းတဲ့ ကော်ဖီဆိုင်လိုမျိုး အထူးသဖြင့် မင်းနဲ့ သွားဖူးတဲ့ ကော်ဖီဆိုင်လေးတွေမှာ ကိုယ်သွားထိုင်ဖြစ်တယ်။ ကိုယ်ဘာတွေကိုများ မက်မက်စက်စက် သွားရောက်ရှာဖွေမိပါသလဲ။ အဖျက်ခံလိုက်ရတဲ့ငြမ်းက တောက်ပသစ်လွင်တဲ့ အဆောက်အဦကို ဝန်းရံခြင်းဟာ စိတ်အနှောက်အယှက်ဖြစ်စရာပဲ နေမှာပါ။”

    🤍💚🤍💚🤍💚

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ခွန်းညိုသွေး စာအုပ်များ