နံနက်ခင်းမှာသီချင်းတွေမရှိတော့ရင်
6500 (ကျပ်)
“နံနက်ခင်းမှာ သီချင်းတွေ မရှိတော့ရင်…”ဒီစာအုပ်လေးဟာ စာရေးသူ ဆရာခွန်းညိုသွေးရဲ့ လုံးချင်းဝတ္ထုအသစ်ဖြစ်ပြီး ဒီစာအုပ်လေးထဲမှာ သီချင်းတွေကို ချစ်မြတ်နိုးတဲ့ လူငယ်လေးတစ်ဦးနဲ့ သူ့ရဲ့ သံယောဇဉ်နွယ်မိသော မေတ္တာရပ်ဝန်းမှ အမျိုးသမီးငယ်လေးတစ်ဦးတို့အကြောင်းကို ဇာတ်အိမ်တည်ကာ ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
ဒီစာအုပ်ထဲက ဇာတ်ကောင်လူငယ်လေးဟာ မမျှော်လင့်ဘဲ အိပ်မက်တွေ ကျပျောက်သွားရတဲ့အခါ၊ ငယ်ဘဝရဲ့ဒဏ်ရာတွေကို ပြန်အထိနာလာရတဲ့အခါ ၊ သူ ရွေးချယ်လိုက်မိတဲ့ အချစ်နဲ့ အမုန်း၊ အရှုံးနဲ့အနိုင် စတဲ့ တသတ်မတ်တည်းမရှိနိုင်တဲ့ လူ့စိတ်အဇ္ဈတ္တရဲ့ အနိမ့်အမြင့်၊ အလင်းအမှောင်တွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။
“အသစ်ရောက်ရှိလာတဲ့ နံနက်ခင်းမှာ နှစ်သက်လှစွာသော သီချင်းတစ်ပုဒ် မရှိနေခဲ့ဘူးဆိုရင် ဒါဟာ ဘယ်လို ဝမ်းနည်းဖွယ်ရာများပါလိမ့်”တဲ့ ။ ကျွန်တော်တို့ အားလုံးလည်း အသစ်ရောက်လာတဲ့ မနက်ခင်းတိုင်းမှာ ကိုယ် နှစ်သက်လှစွာသောအရာတွေကို အနားမှာ အစဉ်အမြဲရှိနေစေဖို့ ဆန္ဒပြုမျှော်လင့်မိပါတယ်။
| စာမျက်နှာ | 252 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.6 x 8 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2023 မေလ(ပထမအကြိမ်) |
4 in stock





Aeri Myat (verified owner) –
ဆရာခွန်း Khoon Nyo Thway စာတွေဆိုရင် ကဗျာ၊စကားပြေတွေသာဖတ်ဖူးပြီး သဘောကျခဲ့ရတယ်။လုံးချင်း ဝတ္ထုတွေထွက်လာတာ သိပေမဲ့လည်း ဖတ်ခွင့်မကြုံတော့ မဖတ်ဖြစ်ဘူး။
အခုစာအုပ်လေးကတော့ နာမည်လေးမြင်ကတည်းက စိတ်ဝင်စားမိသလို ဖတ်ချင်မိတဲ့ စာအုပ်လေးဖြစ်နေတာပါပဲ။
စကားပြေအရေးအသား နူးညံ့၊ချောမွေ့သူရဲ့ ဝတ္ထုမို့ထင်ပါရဲ့…ရေးထားတာ
အရမ်းကို သဘောကျစရာကောင်းပါတယ်။သာမန် အချစ်ဇာတ်လမ်းလေးလို့
အစပိုင်း ထင်ရပေမဲ့ တကယ်တမ်းဖတ်ကြည့်တော့ မထင်ထားတဲ့ အလှည့်အပြောင်းလေးတွေလည်း ပါတာမို့ ဖတ်ရတာ အရမ်းမိုက်ပါတယ်။
သီချင်းတွေကို ချစ်တတ်တဲ့၊အဆိုဝါသနာပါတဲ့ “မင်းထက်မောင်”
သူ့ရဲ့ချစ်သူရည်းစားတွေက သူ့အိမ်မက်ကို အထင်သေးတယ်၊အနာဂတ်မရှိဘူးလို့ တွေးကြပေမဲ့ သူ့အနားမှာ အမြဲရှိနေပေးတဲ့ အားပေးဖော် သူငယ်ချင်းမလေး “ရွှေကျေးငယ်”
သူငယ်ချင်းကနေ ချစ်သူဖြစ်လာပြန်တော့လည်း သူတို့နှစ်ယောက်ရဲ့ နေ့ရက်တွေဟာ သံစဥ်တွေကြားမှာ လှပစွာ
ရှင်သန်နေခဲ့ကြပါတယ်။
ရွှေကျေးဖေဖေရဲ့ ဒုတိယ အိမ်ထောင်ဖြစ်တဲ့ အန်တီမေကလည်း တကယ်ကို
လေးစားဖွယ် အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ရွှေကျေး ဖခင်ဦးဟန်စည်ကို
မချစ်ဘဲ ယူလိုက်ရပေမဲ့ ရွှေကျေးအပေါ်မှာတော့ အမေရင်းသဖွယ် ဂရုစိုက်စောင့်ရှောက်ပေးတာတွေကြောင့် “မိထွေး”ဆိုတဲ့ စကား အသုံးအနှုန်းနဲ့တောင် မညွှန်းပြရက်စရာပါပဲ။
အန်တီမေ(ခေါ်)မေပိုးသံသာ ရဲ့
အတိတ်က “ညိုမင်းသူ”ဆိုတဲ့ ချစ်ဦးသူ
အကြောင်းဖတ်ရတာလည်း ရင်နင့်စရာ🥺ချစ်ပေမဲ့လည်း မပေါင်းဖက်လိုက်ရတဲ့ ဇာတ်လမ်းလေး ဖြစ်နေခဲ့တာပေါ့။
ဒီစာအုပ်လေးထဲမှာ သီချင်းတွေ တော်တော်များများပါတယ်။မင်းထက်မောင်က အဆိုဝါသနာပါတဲ့အတွက် သီချင်းတွေ သီဆိုတယ်။ဒီသီချင်းတွေကြားမှာပဲ ပျော်ရွှင်ကြည်နူးစရာတွေရော ဒဏ်ရာအနာတရတွေပါ စီးဝင် ပျံ့နှံ့နေခဲ့ပါတယ်။
“Hello…. အတိတ်တွေလား
ကိုယ်ဖွင့်ထားတဲ့ သီချင်းသံထဲ ဝင်ပါ
သာယာစွာ နာကျင်ပျော်မွေ့ဖွယ် ဖြစ်ပါ။အချိန်တွေဟာ သာယာနာပျော်ဖွယ် ဖြစ်လာ
အဲ့ဒီသီချင်းဟာ pain
အဲ့ဒီသီချင်းဟာ pain killer”
ဖခင်တစ်ယောက်ရဲ့ အတ္တကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေလို့ပဲ ဆိုရမလား၊လွဲမှားစွာ ထားမိတဲ့ ဒေါသ၊မာန်မာနတွေကြောင့် ချစ်ခြင်းမေတ္တာနဲ့
သူတို့တတွေ လမ်းလွဲခဲ့တာလား…။
နံနက်ခင်းမှာ သီချင်းတွေမရှိတော့ရင်…
ဘဝထဲမှာ ချစ်ခြင်းမေတ္တာမရှိတော့ရင်…💔💔💔
Ps:စာအုပ်လေး လက်ဆောင်ပေးတဲ့ အစ်မထက်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ် 🤗❤️
#ခွန်းညိုသွေး
#နံနက်ခင်းမှာသီချင်းတွေမရှိတော့ရင်
#reviewby하은
#8Oct2023