တမန်တော်မြတ်မိုဟာမတ်

( 0 မှတ်ချက်)

18000 (ကျပ်)

တမန်တော်မိုဟာမက်ရဲ့ ထင်ရှားတဲ့ အဆိုအမိန့် နှစ်ရပ် ရှိပါတယ်။ ပထမအဆိုအမိန့်က ပညာရှာဖို့ လိုအပ်ပါက တရုတ်ပြည်အထိ သွားရောက် ပညာရှာဖွေရမည် ဆိုတာပါ။ ဒုတိယအဆိုအမိန့်က လူ့အကျိုးပြုစာပေတွေကို လေ့လာဆည်းပူးသင်ယူပြီး ဖြန့်ဖြူးသင်ပြသူတွေရဲ့ ကလောင်သွားပေါ်က မှင်စက်ဟာ ဂျီဟတ်အာဇာနည်တွေရဲ့ သွေးစက်တွေထက် ပိုတန်ဖိုးကြီးမားတယ် ဆိုတာပါပဲ။
ဒါဟာ အစ္စလာမ့်လမ်းစဥ်ပါ။ အစ္စလာမ်တွေရဲ့ လမ်းစဥ်ဆိုတာ တမန်တော်ရဲ့ လမ်းညွှန်မှုပါပဲ။
——————————–

အေဒီ (၆) ရာစုဟာ ကမ္ဘာဟောင်း ပျက်စီးချိန်ပါ။ အလုံးစုံ ပျက်စီးပြီး မျှော်လင့်ချက်ကင်းမဲ့နေတဲ လူ့လောကဟာ လမ်းမှန်ကို ထိန်းကြောင်းပြသနိုင်တဲ့ ပြုပြင်ရေးဝါဒီတွေလည်း ပေါ်ထွက်လာခြင်း မရှိသလို လမ်းကြောင်းဟောင်းကနေ ခွဲထွက်ပြီး လမ်းသစ်ကို ပုံစံအသစ် ညွှန်ကြားပြသမယ့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေလည်းပေါ် ထွက်မလာပါ။ အဲ့ဒီ့အချိန်….. အာရေဗျမှ အစ္စလာ့မ်တမန်တော်ကို မွေးဖွားခဲ့ပါတယ်။

အာရေဗျဆိုတာ အဲ့ဒီ့အချိန်အထိ အင်ပါယာဒါမှမဟုတ် နိုင်ငံတစ်ခုအဖြစ် မရပ်တည်ကြပါဘူး။ မျိုးနွယ်စုများစွာ ပြန်ကျဲနေထိုင်ရာ ဒေသတစ်ခုပါ။ ပတ်လည်က ဂရိအင်ပါယာ၊ ပါရှားအင်ပါယာတို့ကလည်း သဲကန္တရကြီးကို စိတ်မဝင်စားကြပါ။ ဒါကြောင့် အာရေဗျဟာ လွတ်လပ်ရာဒေသကြီးတစ်ခုပါ။

အာရေဗျက မျိုးနွယ်စုတွေဟာ ရိုးဖြောင့်ကြပေမဲ့ ကြမ်းတမ်းပါတယ်။ ကုန်သွယ်ကြသူတွေ ဖြစ်သလို သေသောက်ကျူးပြီး ကာမ ဂုဏ်လည်း အရမ်းလိုက်စားကြပါတယ်။ လောင်းကစားလည်း ဝါသနာ ထုံပါတယ်။ ဒါပေမဲ့ အာရေဗျဟာ တမန်တော်များစွာနဲ့ ဆက်စပ်ရာ ဒေသ၊ ပရောဖက်နဲ့ အနာဂတ္တိကျမ်းများ မွေးဖွားရာဒေသပါ။

သမ္မာကျမ်းစာပါ တမန်တော် အာဗြဟံ(အီဗရာဟင်)ဟာ တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်ပြီး နတ်ဘုရားအများ ကိုးကွယ်မှုကို ဆန့်ကျင်သူပါ။ သူဟာ ဖန်ဆင်းရှင်ဘုရားအတွက် ကျောင်းတော်ကို အာရေဗျက မက္ကာဟ်မြို့မှာ တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ ဒီကနေ့ မွတ်ဆလင်တွေ ဟာ့ဂျ်ပြုနေတဲ့ ကာအ်ဗဟ်ကျောင်းတော်ပါပဲ။ ဒါပေမဲ့ ကာလကြာလာတဲ့အခါ တစ်ဆူတည်းသောဘုရားကျောင်းဟာ နတ်ရုပ်ပေါင်းများစွာနဲ့ နတ်ကွန်းကြီး ဖြစ်လာပါတယ်။ တမန်တော်မိုဟာမက်ခေတ်မှာ အာရပ်တွေဟာ ကာအ်ဗဟ်ကျောင်းတော်ထဲ နတ်ရုပ်ပေါင်း (၃၆၀) လောက် ထားရှိပြီး ကိုးကွယ်နေကြတာပါ။

မိုဟာမက်ဟာ အာရေဗျရဲ့ ကြမ်းတမ်းတဲ့ လူ့အဖွဲ့ အစည်းထဲ ရိုးဖြောင့်စွာ ဖြတ်သန်းခဲ့သူပါ။ သူ့ရဲ့မိဘတွေဟာ ငယ်စဥ်ကတည်းက ဆုံးပါးခဲ့ပြီး မိဘမဲ့အဖြစ် အဖိုးဖြစ်သူ၊ ဦးလေးဖြစ်သူတွေရဲ့ လက်ထဲ ကြီးပြင်းခဲ့ပါတယ်။ သူဟာ ဘာစာပေမှ ရေးတတ် ဖတ်တတ်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အာရပ်တွေအားလုံးဟာ မိုဟာမက်ကို သစ္စာရှင်အဖြစ် အသိအမှတ်ပြုရတဲ့အထိ ဖြောင့်မတ်သူပါ။

မိုဟာမက်တမန်တော်အဖြစ် ဗျာဒိပ်ရရှိပြီး ကုရ်အန်ကျမ်း စတင်ရရှိချိန်ကစလို့ တစ်ဆူတည်းသော ဖန်ဆင်းရှင်ကို ကိုးကွယ်ဖို့ သာသနာပြုပါတယ်။ ဖန်ဆင်းရှင် အလ္လာဟ်ကို ကိုးကွယ်ပြီး မိုဟာမက်ကို အလ္လာ့ဟ်တမန်တော်အဖြစ် လက်ခံသူတွေဟာ မွတ်ဆလင်တွေဖြစ်လာပါတယ်။

ဒီလို ဘာသာတရားတစ်ခု ပေါ်ထွန်းလာမှုကို မက္ကာဟ်မြို့သား ကုရိုင်းရှ်တွေက မကျေမနပ် တိုက်ခိုက်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ နတ်ရုပ်ထုကိုးကွယ်တဲ့ သာသနာကို ကာကွယ်တာပါပဲ။ ဒါကြောင့် တမန်တော်ဟာ လျှိုဝှက်သာသနာပြုခဲ့ပေမဲ့ အစ္စလာမ်ကို သက်ဝင်ယုံကြည်သူတွေ တစ်စတစ်စ တိုးပွားလာခဲ့ပါတယ်။ ဒါကြောင့် ကူရိုင်းရှ်တွေဟာ မွတ်ဆလင်တွေကို ဖိနှိပ်ညှင်းပန်း၊ စီးပွားရေးပိတ်ဆို့ရုံတင်မက သတ်ဖြတ်တဲ့အထိ ကျုးလွန်လာကြပါတယ်။

နောက်ဆုံး တမန်တော်ကိုပါ လုပ်ကြံသတ်ဖြတ်ဖို့ လုပ်လာချိန်မှာတော့ တမန်တော်ဟာ အစ္စလာမ်သာသနာကို လက်ခံတဲ့ မဒီနာဟ်မြို့ကို တိမ်းရှောင်ခဲ့ရပါတယ်။ အစ္စလာမ်ကို လက်ခံသူ မက္ကာဟ်မြို့သားတွေလည်း မဒီနာဟ်မှာ လာစုစည်းကြပါတယ်။

ဒါကြောင့် မဒီနာဟ်ဟာ ပထမဆုံး အစ္စလာမ်မြို့တော် ဖြစ်လာပါတယ်။ အစ္စလာမ်သက္ကရာဇ် ဟစ်ဂျရီဟာ အဲ့ဒီ့အချိန်က စတင် ရေတွက်ပါတယ်။
——————————-

ဟစ်ဂျရီသက္ကရာဇ် (၆) ခုနှစ်မှာ တမန်တော်ဟာ သူ့မွေးရပ်မြေ မက္ကာဟ်မြို့ကို သာဝက (၁၄၀၀) နဲ့အတူ ဘုရားဖူးခရီး ထွက်လာပါတယ်။ မြို့အနီးရောက်ချိန် သံတမန်တစ်ယောက်စေလွှတ်ပြီး ညှိနှိုင်းစေပါတယ်။ ဒါပေမဲ့ ကူရှိင်းရှ်တွေဟာ လုံးလုံး လက်မခံပါဘူး။ သံတမန်အဖြစ်လာသူ “အူစမန်း”တစ်ယောက်ကိုပဲ ကာအ်ဗာဟ်ကျောင်းတော်ထဲ ဝင်ခွင့်ပြုပါတယ်။

တမန်တော်မိုဟာမက်ဟာ နောက်တစ်ကြိမ် ကြိုးစားတဲ့အနေနဲ့ ထပ်မံညှိနှိုင်းစေပါတယ်။ “မိမိလာတာဟာ စစ်တိုက်ဖို့မဟုတ်၊ ငြိမ်း ချမ်းရေးတည်ဆောက်ဖို့သာဖြစ်တယ်၊ ထာဝရဖြစ်ဖြစ်၊ ယာယီဖြစ်ဖြစ် ငြိမ်းချမ်းလိုတယ်၊ ကျောင်းတော်မှာ ဝတ်ပြုပြီးရင် ပြန်ပါမယ်။ ဒါမှမဟုတ် ကူရိုင်းရှ်တို့ဘက်က စစ်ပွဲမှတစ်ပါး ရွေးချယ်စရာ မရှိဘူးဆိုရင်တော့ စစ်တိုက်ကြဖို့သာ ရှိတော့တယ်”လို့ နောက်ဆုံးအကြိမ် ကမ်းလှမ်းလိုက်ပါတယ်။

တကယ်တမ်းစစ်တိုက်ရင် ကူရိုင်းရှ်တွေဟာ မွတ်ဆလင်တွေကို မနိုင်ပါဘူး။ ရှုံးမှာပါပဲ။ ဒါကြောင့်
ကူရှိင်းရှ်တွေဟာ တမန်တော်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီးဆွေးနွေးကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ
မဖြစ်နိုင်တာတွေ၊ မတရားတောင်းဆိုတာတွေနဲ့ ဆွေးနွေးပွဲ ပျက်အောင် ဖန်တီးကြပါတယ်။ တမန်တော်ဟာ အားလုံးနီးနီး လိုက်လျောပြီး စာချုပ်ချုပ်ဆိုစေပါတယ်။ အဲ့ဒီစာချုပ်ကို “ဟူဒိုင်ဘီယာစာချုပ်” လို့ အမည်တွင်ပါတယ်။

တမန်တော်ရဲ့ လိုက်လျောမှုတွေကြောင့် သာဝကတွေဟာ စိတ်မသက်မသာဖြစ်စွာနဲ့ “ဒါဟာ အောင်ပွဲလား …..”လို့ မေးတဲ့အခါ တမန်တော်ဟာ “မှန်တယ်၊ ရင်ဆိုင်တိုက်ခိုက်ပြီးမှ အောင်ပွဲရတယ်လို့ ပုံသေယူဆ၍ မဖြစ်”လို့ မှတ်ချက်ပေးပါတယ်။ တကယ်လည်း ဒီငြိမ်းချမ်းရေးဟာ မွတ်ဆလင်တွေရဲ့ အောင်ပွဲဖြစ်လာပြီး နောက်ထပ် (၂) နှစ်အကြာမှာ မက္ကာဟ်ကို အောင်နိုင်ခဲ့ပါတယ်။

ယခုစာအုပ်ဟာ အခန်းပေါင်း (၃၀) နဲ့ တမန်တော်မိုဟာမက်ရဲ့အတ္ထုပ္ပတ္တိကို ပြည့်စုံစွာ ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

301

စာအုပ်အရွယ်အစား

7.4x 0.4 x 10.3 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2024 ဂျူလိုင်(ပထမအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တမန်တော်မြတ်မိုဟာမတ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိုကိုလေး စာအုပ်များ