ငါမမြင်ဖူးတဲ့…မင်း ငါမမြင်ဖူးတဲ့…ငါ

( 1 မှတ်ချက်)

5000 (ကျပ်)

မမြင်ရပေမဲ့ မြင်ကွင်းတွေအကြောင်း ပြောပြမယ်…
တစ်ယောက်ယောက်ကမေးတယ်၊
ဒါပေမဲ့ အဖြေကို မရှာပါနဲ့…
မူမှန်ခြင်း၊ ပုံသဏ္ဍာမှန်ခြင်းနဲ့ မူမမှန်ခြင်း၊ ပုံသဏ္ဍာန်မမှန်ခြင်း..
ငါ မင်းကို မမြင်ဖူးဘူး၊ ပြီးတော့ ငါ ငါ့ကိုယ်ငါ မမြင်ဖူးဘူး…
အခြားသူတွေ သတ်မှတ်ချက်အရ ငါ ငါ့ကိုယ်ငါ မမြင်နေရတာလား…
တကယ့်တကယ်မှာ ငါက မြင်နေရသူတစ်ယောက်လား…
မုန်းဝိုင်းတစ်ချပ်ရဲ့ စိတ်ဖြာထားတဲ့ အစိတ်အပိုင်းတွေထဲ ဘယ်လို ပါဝင်
ပစ္စည်းတွေ ပါနေမလဲ…။

ဒီစာအုပ်ထဲက စာရုပ်ပုံတွေကို မဖတ်ခင်မှာ တစ်ခုတွေးကြည့်စေချင်ပါတယ်။ မိမိတို့ လူမှုအသိုက်အဝန်းမှာ အများလက်ခံထားကြတဲ့ မူမှန်ခြင်း၊ ပုံသဏ္ဌာန်မှန်ခြင်းနဲ့ မူမမှန်ခြင်း၊ ပုံသဏ္ဌာန်မမှန်ခြင်းတွေကို ဘယ်လိုစံနှုန်း၊ ဘယ်လိုပေတံနဲ့များ တိုင်းတာသတ်မှတ် တန်ဖိုးဖြတ်ကြသလဲ ဆိုတဲ့ အချက်လေးပါပဲ။ စာရုပ်ပုံတွေကို အစပျိုးခြင်း၊ အပိုင်းကြီး ၃ ပိုင်း၊ အဆုံးသတ်နဲ့ ဖွဲ့စည်းထားပုံမှာ တစ်ပိုင်းစီရဲ့ ရေးဟန်က တစ်မျိုးစီ ဖြစ်ပါတယ်။

အဖြစ်အပျက်ကို အသေးစိတ် ပုံဖော်ပေးသွားတာလဲ ရှိမယ်၊ ဝင်သက်ထွက်သက်တွေကို မေးခွန်းပေါင်းများစွာနဲ့ ဖျစ်နေတာတွေလဲ ရှိမယ်၊ အဝတ်တစ်ထည်ကို ရေကုန်ကုန်စင်အောင် ညှစ်ချထားသလို ပကတိအသားချည်း ကျန်နေတဲ့ အတွေးတင်ပြမှုတွေလဲ ရှိမယ်။

ဒီတော့ တစ်ပိုင်းကနေ နောက်တစ်ပိုင်းကို ကူးရာမှာ ရေးဟန်အရ လုံးဝ ပြောင်းသွားတာကို တွေ့ရလိမ့်မယ်၊ ရေးဟန်အရ ချိတ်ဆက်မှု လုံးဝ မရှိသလောက်ပဲ။ ဒါပေမဲ့ အကြောင်းအရာ စီးဆင်းမှုကို ချိတ်ထားတာက အပိုင်းတစ်ခုရဲ့ အခွဲတစ်ခုစီမှာ ပါတဲ့ ဝါကျတွေက အခြားအပိုင်းက တစ်နေရာမှာ ဆက်စပ်နေတာမျိုးပါ။ ဒီတော့ နည်းနည်းတော့ မောလိမ့်မယ်။ တစ်ရစ်ချင်း တွေးရင်းနဲ့မှ တစ်ကွက်ချင်း ပေါ်လာမယ်၊ အဲဒီကနေမှ ဇာတ်အိမ်က ချိတ်ဆက်လာပြီး ဇာတ်လမ်းရဲ့ မြင်ကွင်းတွေ ထင်းလာမှာမျိုးလို့ ဆိုရပါမယ်။

မနက်၊ နေ့၊ ည ဒီအချိန်ကို ဒီဝေါဟာရတွေနဲ့မခေါ်ဘဲ အခြားဘယ်လိုများ ခေါ်လို့ ရနိုင်ပါသလဲ။ ဘယ်အရည်အသွေးတွေနဲ့ သတ်မှတ်ပြီး “လူ” လို့ သတ်မှတ်ကြပါသလဲ။

လူလို့ စဖြစ်လာချိန်ကနေ ယခု လက်ရှိအချိန်အထိ ကိုယ့်ရှေ့မှာရှိနေတဲ့ အရာကို ရှိနေမှန်း သိသိရက်၊ မြင်နေရက်နဲ့ မမြင်ရဘူး၊ ကိုယ်တိုင် ကြုံလိုက်ရတဲ့ အဖြစ်အပျက်ကို မြင်လိုက်သိလိုက်ရပေမဲ့ မမြင်ခဲ့ရသလို၊ မသိခဲ့ရသလို ခံစားမိတဲ့ အခြေအနေမျိုး ကြုံခဲ့ဖူးလားလို့ အချိန်ကာလတစ်ခုလုံးကို ဆန်းစစ်ကြည့်ပြီး လိုက်ရှာကြည့်တဲ့အခါ တစ်ခုခုကို တွေ့ရပါလိမ့်မယ်။

စာမျက်နှာ

110

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဇွန်လ (ပထမအကြိမ်)

10 in stock

ငါမမြင်ဖူးတဲ့…မင်း ငါမမြင်ဖူးတဲ့…ငါ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat –

    ပထမဆုံး သူ မွေးဖွားလာတယ်။
    နောက်ပြီး မွေးဖွားလာခြင်းအပေါ် သူ့အမြင်….သန္ဓေသားဘဝကို တခြားကမ္ဘာလေးလို့ သူသတ်မှတ်ထားတယ်။ မွေးဖွားလာခြင်းက သူ့ရဲ့ နောက်ထပ်ကမ္ဘာအသစ်တစ်ခု။
    သူစသိတဲ့ အသိက မေမေ၊ ဖေဖေ၊ကိုကို။
    သူ့မှာ … အမြင်အာရုံမရှိဘူး။
    သူ့အတွေးလေးနဲ့သူ စူးစမ်းချင်တယ်၊ သိချင်တာတွေလည်း များတဲ့ ကောင်လေး ဖြစ်တယ်။
    သူ့ဘဝထဲက ဖေဖေထွက်ခွာသွားတဲ့နောက်….တနည်းပြောရရင် သူ့မေမေက သားဖေဖေ ခရီးသွားနေတယ်လို့ သူ့ကို အသိပေးထားပြီးတဲ့နောက်…
    မေမေရယ်၊ ကိုကိုရယ်၊ ဒိုဒိုဆိုတဲ့ ခွေးကလေးရယ် နောက်ပြီး နေသာဆိုတဲ့
    သူစိမ်းတစ်ယောက်ရယ်က သူ့ဘဝထဲမှာ
    ဆက်လက်တည်ရှိနေခဲ့တယ်။
    သူ အိမ်က အိပ်ရာပေါ်မှာ ရှိနေတုန်းက တစ်ခါ၊သစ်ရိပ်ဥယျာဥ်ဟောင်းထဲက ခုံမှာ နေသာ့ကို ထိုင်စောင့်နေတုန်းကတစ်ခါ…. ကြားရတဲ့ အသံ အပိုင်းအစတွေကရော ဘာတွေဖြစ်မလဲ?
    နေသာ ခေါ်လိုက်တဲ့ ရောင်နီဆိုတာကရော သက်ရှိလား?
    ပဝါစည်းထားတယ်ဆိုတာ ဖုံးကွယ်ထားတဲ့ ခံစားချက်အတု၊ မျက်နှာဖုံးအတု တစ်ခုနဲ့ ရှင်သန်နေထိုင်ခြင်း တမျိုးရယ်ပေါ့။ လူ့အဖွဲ့အစည်းထဲက လူတွေရဲ့ ရှင်သန်နေထိုင်ခြင်းကို ရည်ညွှန်းတယ်လို့ ခံစားမိပါတယ်။
    စာအုပ်ခေါင်းစဥ်လေးက
    ငါ မမြင်ဖူးတဲ့… မင်း
    ငါ မမြင်ဖူးတဲ့… ငါ
    ခံစားချက်အသေးစိတ်အထိ ရေးထားတာမို့ ဆရာ့အတွက် ပိုပြီး လက်ဝင်မယ်လို့ ထင်မြင်ယူဆမိပါတယ်။ နောက်ပြီး အဆုံးထိ ဖတ်လိုက်ပြီးခါမှ စာဖတ်သူ သိချင်နေတဲ့ မေးခွန်းတွေအတွက် သေချာ ပြန်ဖြည်ပြမထားဘူး။ဒါကလည်း ဆရာ့ရဲ့ စာဖတ်သူအပေါ် လွတ်လပ်စွာ တွေးခွင့်ပေးထားခြင်းဖြစ်မယ်လို့ သုံးသပ်မိပါတယ်။
    ဒေဘာ့အတွေးတွေနောက် လိုက်ရတာ နည်းနည်း မောပေမယ့် အရမ်းကြီးတော့ မွန်းကြပ်မနေခဲ့ဘူး။
    “မင်း ထင်နေတဲ့
    မင်း တွေးထားတဲ့
    မင်း ကြားလိုက်တဲ့
    မင်း ဖတ်လိုက်တဲ့
    အမှန်တွေဆိုတဲ့ သတ်မှတ်ချက်က
    လူမှုအသိုက်အဝန်းကြီးရဲ့ ပြည်ဖုံးကားချထားခံရတဲ့
    လိမ်လည်မှုတွေ ဖြစ်နေခဲ့ရင်…။”
    ဖတ်ပြီး အဖြေရှာကြည့်ရင်း အတွေးတွေဆက်ပြီး ကျန်ခဲ့ရတဲ့ စာအုပ်လေးပါ။
    ဆရာက အတွေးတွေကို လွှတ်ထားပေးတာမို့ ဘာဖြစ်သွားလဲဆိုတာမျိုး အပြည့်အဝ သိခွင့်ရမှာ မဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် စီးမျောလို့ ရစေမှာပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ထက်ဘုန်းရှိန် စာအုပ်များ