အချစ်မြစ်ပြင်က မေတ္တာရေကြည်လေးတွေ

( 2 မှတ်ချက်)

4000 (ကျပ်)

ဒီစာအုပ်မှာ တင်ပြထားတဲ့ ချစ်ခြင်းမေတ္တာက ချစ်သူသမီးရည်းစားကြားက ချစ်ခြင်းမေတ္တာတင်မကဘဲ မိဘနဲ့သားသမီးကြား ၊ ညီအစ်ကိုမောင်နှမကြား ၊ သူငယ်ချင်းမိတ်ဆွေကြား ၊ မြေးအဘွားကြား ၊ လူသားတစ်ဦးနဲ့ တစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေအတွက်ပါ ရည်ရွယ်ထားပါတယ် ..

ချစ်ခြင်းမေတ္တာနဲ့ပတ်သက်တဲ့ တွေးစရာ ၊ သတိပြုစရာ ၊ ဆင်ခြင်စရာလေးတွေက စပြီး နေ့စဉ်ဘ၀မှာ ပြုမှုနေကြတဲ့ အပြုအမှုတွေ ၊ လုပ်ဆောင်နေကြရတဲ့ ဆက်ဆံရေးတွေ ၊ ခံစားနေကြတဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းကျောင်းလေ့ကျင့်သင့်လဲ ဆိုတာအထိ ရိုးရှင်းပြေပြစ်တဲ့ အရေးအသားနဲ့ ဝေမျှထားပါတယ် ..

သစ်နတ်ဟန်က အားအကောင်းဆုံး လူ့စိတ်ခံစားချက်တွေထဲက တစ်ခုဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို
(၁) ကိုယ့်ကိုယ်ကိုယ်အတွက် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ခံစားမိမှ အခြားသူကို ချစ်ပေးနိုင်မယ်
(၂) ချစ်ခြင်းမေတ္တာ ဆိုတာ နားလည်မှုပါ
(၃) နားလည်မှုဟာ စာနာသနားမှု (ကရုဏာ) ကို ဖြစ်စေနိုင်တယ်
(၄) လေးလေးနက်နက် နားထောင်ပေးခြင်းနဲ့ ချစ်မေတ္တာပါတဲ့ စကားတွေဟာ ချစ်ခြင်းမေတ္တာကို ပြသနိုင်တဲ့ သော့ချက်နည်းနာတွေပါဆိုတဲ့ ပဓာနကျတဲ့အချက် လေးချက်အဖြစ် ခွဲထုတ်ပြခဲ့ပါတယ် ..

” How to ” စီးရီးမှာ လူကြိုက်အများဆုံး ရေပန်းအစားဆုံးစာအုပ် ၊ အကြွင်းမဲ့စိတ်ခံစားချက်အတွက် ဇင်ပညာရှိတစ်ဦးက ပေးထားတဲ့ အကြံဉာဏ်တွေ ၊ အလေ့အကျင့်တွေနဲ့ အတွေးအစာအာဟာရတွေ ပါ၀င်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် …..

စာမျက်နှာ

109

စာအုပ်အရွယ်အစား

5.2 × 0.2 × 7.5 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဇွန်လ(ပထမအကြိမ်)

6 in stock

အချစ်မြစ်ပြင်က မေတ္တာရေကြည်လေးတွေ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat –

    အချစ်မြစ်ပြင်က မေတ္တာရေကြည်လေးတွေ♡

    စာအုပ်နာမည်လေးနဲ့ အတွင်းမှာ ပါတဲ့စာလေးတွေက လိုက်ဖက်မှုရှိလွန်းလှတယ်။
    မူရင်းနာမည်ကတော့ “How to love” တဲ့….။

    ချစ်ခြင်းမေတ္တာ အကြောင်းဆိုပေမဲ့
    Relationship ရှိသူတွေအတွက်သာ ရည်ရွယ်ထားတဲ့ စာအုပ်မျိုး မဟုတ်ပါဘူး။ကျွန်မတို့ရဲ့ မိသားစုဝင်အချင်းချင်းကြားမှာဖြစ်စေ၊မိတ်ဆွေအပေါင်းအသင်းတွေကြားမှာဖြစ်စေ အေးချမ်းတဲ့ စိတ်နေစိတ်ထားနဲ့ ဘဝကိုဖြတ်သန်းနိုင်စေဖို့ ရည်ရွယ်ရေးသားထားတဲ့ စာအုပ်လေးပါ။

    ဖတ်ပြီး နားလည်လိုက်တာကတော့
    ကျွန်မတို့တွေ အရင်ဦးဆုံး ကိုယ့်ကိုယ်ကိုယ် မေတ္တာထားတတ်ဖို့ လိုတဲ့အကြောင်းပါပဲ။ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး ချစ်ခင်မြတ်နိုးတတ်မှ သူတစ်ပါး အပေါ်မှာလည်း လေးစားတန်ဖိုးထားတတ်လာမယ်မဟုတ်လား…။ဒါမှသာ သူ့အခက်အခဲ ကိုယ့်အခက်အခဲတွေကိုပါ မျှဝေခံစားတတ်လာမှာ ဖြစ်ပါတယ်။

    “ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ စွမ်းအင်မထုတ်နိုင်တော့တဲ့အခါ တခြားသူတစ်ယောက်ရဲ့ စွမ်းအင်ကို လိုအပ်တယ်လို့ ထင်ကြတော့တာပဲ” (စာ-၅၅)

    “အမှားမလုပ်ဘဲနဲ့တော့ သင်ယူနိုင်ဖို့ ဘာနည်းလမ်းမှ မရှိပါဘူး။သင်ဟာ အမှားတွေကနေ သင်ခန်းစာယူနိုင်ရင် အမှိုက်တွေကို ပန်းကလေးအဖြစ် ပြောင်းလဲလိုက်တာပါပဲ” (စာ-၆၂)

    “လူတိုင်းဟာ သူတို့ကိုယ်သူတို့ ကုစားပြီး အတွင်းစိတ်ထဲမှာ နွေးနွေးထွေးထွေး နေဖို့ လိုအပ်ပါတယ်” (စာ-၆၅)

    “တစ်နေရာရာကို ရောက်ရမယ်ဆိုတဲ့ ပန်းတိုင်မျိုး မရှိဘဲ ခြေလှမ်းတိုင်းကို စစ်မှန်တဲ့ သတိနဲ့ လျှောက်လှမ်းမယ်ဆိုရင် ပျော်ရွှင်မှုဆိုတာ အလိုအလျောက် ဖြစ်ပေါ်လာမှာပါ” (စာ-၇၉)

    “ချစ်ခြင်းမေတ္တာဟာ တစ်ဖက်လူကို ပျော်ရွှင်စေဖို့နဲ့ သူတို့ရဲ့ ခံစားနာကျင်မှုတွေအတွက် စိတ်နှလုံးအေးချမ်းစရာလေးတစ်ခု ပေးကမ်းလိုက်ဖို့ပဲ ဖြစ်ပါတယ်” (စာ- ၈၅)

    မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ
    တရား စတာတွေကိုလည်း အကျယ်တဝင့် ရှင်းလင်းဖော်ပြပေးထားတဲ့အပြင်
    အာရုံတစ်ခုခုကို မတုံ့ပြန်ခင်မှာ သတိလေး ကပ်ဖို့၊ မေတ္တာအလင်းစက်လေးတွေ မျှဝေနိုင်ဖို့ မေတ္တာပွားနည်းလေးတွေကိုပါ အသေးစိတ် ရေးထားတဲ့စာအုပ်လေး ဖြစ်ပါတယ်။တထိုင်တည်း ဖတ်တာထက် ဖတ်ရင်း တွေးရင်း ကိုယ့်ကိုယ်ကိုယ် reflect ပြန်လုပ်နိုင်မဲ့ စာအုပ်လေးမို့ ဖတ်ကြည့်စေချင်ပါတယ်။ကျွန်မတော့ ဖတ်ပြီး အရမ်းသဘောကျနေရောပဲ🤗
    ဘာသာပြန်ဆိုပေးတဲ့ ဆရာထက်ဘုန်းရှိန်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်💙

    #အချစ်မြစ်ပြင်ကမေတ္တာရေကြည်လေးတွေ
    #ထက်ဘုန်းရှိန်
    #စာရိပ်မြိုင်စာပေ
    #howtolove
    #thichnhathanh
    #reviewby하은
    #23OCT2023

  2. Htet Htet Tin Zar –

    🧡 ဆရာထက်ဘုန်းရှိန် ဘာသာပြန်တဲ့ “အချစ်မြစ်ပြင်က မေတ္တာရေကြည်လေးတွေ” ဆိုတဲ့ ဒီစာအုပ်လေးက ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Thich Nhat Hanh ရေးသားထားတဲ့ Mindfulness Essentials series ထဲက သုံးအုပ်မြောက်အဖြစ် ရေးသားထားတဲ့ How to Love စာအုပ်လေး ဖြစ်ပါတယ်။ လူသားတွေက နေ့စဉ်ဘဝမှာ ချစ်ခြင်းမေတ္တာအကြောင်းတွေကို ဘယ်လိုလေ့ကျင့်ပျိုးထောင်သင့်တယ်ဆိုတာကို ဖတ်ရှုနားလည်ရ လွယ်ကူတဲ့ စကားပြေအရေးအသားနဲ့ ပြေပြစ်ကျစ်လျစ်စွာ ရေးသားထားတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

    🧡 ချစ်ခြင်းမေတ္တာကို နားလည်မှုရှိပြီး လေးစားရိုသေတတ်လာအောင်၊ အချစ်စစ်မေတ္တာမှန်ကို သတိပြုမိအောင်၊ ချစ်ခြင်းမေတ္တာကို ဥပမာပေး ခိုင်းနှိုင်းပြောဆိုမှုတွေ၊ ချစ်ခြင်းမေတ္တာနဲ့ သက်ဆိုင်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဆိုတာ ဘယ်လိုအရာတွေ စသဖြင့် အရင်ဆုံး နားလည်သဘောပေါက်အောင် ပြောပြပေးပြီးနောက်မှ ဒီစိတ်ကလေး ဖြစ်ပေါ်အောင် ဘယ်လိုလေ့ကျင့်ပျိုးထောင်သင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို စစ်ဆေးမေးမြန်းသင့်ပြီး ကျင့်ကြံနေထိုင်သင့်တယ်ဆိုတာတွေအထိ ရေးပြညွှန်ပြထားတဲ့ စာအုပ်လေးပါ။ စာအုပ်ထဲမှာ “အချစ်ရေး မေတ္တာရေး မှတ်စုလေးများ” နဲ့ “စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို အာဟာရဖြည့်ပေးဖို့ အလေ့အကျင့်တွေ” ဆိုပြီး နှစ်ပိုင်း ခွဲထားကာ အပုဒ်ရေ စုစုပေါင်းကတော့ (၉၀) ပါဝင်ပါတယ်။
    __________________________

    🧡 ဘာသာပြန်သူ၏ အမှာစာ 🧡

    ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ တွေးစရာ၊ သတိပြုစရာ၊ ဆင်ခြင်စရာလေးတွေက စပြီး နေ့စဉ်ဘဝမှာ ပြုမူနေကြတဲ့ အပြုအမူတွေ၊ လုပ်ဆောင်နေကြရတဲ့ ဆက်ဆံရေးတွေ၊ ခံစားနေကြတဲ့ စိတ်ခံစားချက်တွေကို ဘယ်လို ထိန်းကျောင်းလေ့ကျင့်သင့်လဲဆိုတာအထိ ရိုးရှင်းပြေပြစ်တဲ့ အရေးအသားနဲ့ ဝေမျှပေးထားပါတယ်။ ဒဿနဆိုင်ရာနဲ့ ဘာသာရေးနှီးနွယ်တဲ့ အတွေးအမြင်တွေဟာ လေးတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ အသင်အပြကောင်းတဲ့ ဆရာတစ်ယောက်က စာသင်သားတွေကို ပြန်ပြီး ပြောပြရှင်းပြနေတဲ့ပုံစံနဲ့ ဆရာတော် သစ်နတ်ဟန်က ရေးသားထားပါတယ်။ ဒီစာအုပ်မှာ တင်ပြထားတဲ့ ချစ်ခြင်းမေတ္တာက ချစ်သူသမီးရည်းစားကြားက ချစ်ခြင်းမေတ္တာတင်မကဘဲ မိဘနဲ့ သားသမီးကြား၊ ညီအစ်ကိုမောင်နှမကြား၊ သူငယ်ချင်းမိတ်ဆွေကြား၊ မြေးအဘွားကြား၊ လူသားတစ်ဦးနဲ့တစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေအတွက်ပါ ရည်ရွယ်ထားပါတယ်။

    🧡 စာအုပ်အကြောင်း 🧡

    “စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို လှပမှု၊ လန်းဆန်းမှု၊ ခိုင်ခံ့မှု၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုတွေကို ပေးစွမ်းပါတယ်”

    ဘယ်လိုချစ်ရမလဲဆိုတာ သဘောထားကွဲလွဲစရာ မေးခွန်းပါ။ ဒီမေးခွန်းရဲ့အဖြေကို သစ်နတ်ဟန်က သူ့ရဲ့ကိုယ်ပိုင် လက္ခဏာရပ်တွေဖြစ်တဲ့ ကြည်လင်ပြတ်သားမှု၊ အကြင်နာမေတ္တာနဲ့ ဟာသဉာဏ်တွေနဲ့အတူ ယူလာပေးခဲ့ပါတယ်။ ဒီစာတွေကတော့ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုတွေ၊ ရင်းနှီးတဲ့ ဆက်ဆံရေးတွေနဲ့ ပတ်သက်တဲ့ ချစ်ရေးချစ်ရာ အတွေးအမြင်တွေ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်နှလုံးကို ဖွင့်ဟပြီး လောကကို ဘယ်လို ထွေးပွေ့ပေးရမလဲ ဆိုတဲ့အကြောင်း သစ်နတ်ဟန်က ကျွန်တော်တို့ကို ပြသပေးထားပါတယ်။

    🧡 စာရေးသူအကြောင်း 🧡

    သစ်နတ်ဟန်က ကမ္ဘာကျော် စာရေးဆရာ၊ ကဗျာဆရာ၊ ဒဿနပညာရှင်နဲ့ ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါတယ်။ သူ တည်ထောင်ခဲ့ တဲ့ ပြင်သစ်နိုင်ငံက ဘုန်းတော်ကြီးကျောင်းမှာ အများဆုံး နေထိုင်ခဲ့ပါတယ်။ နယူးယော့ခ်တိုင်းမ် (New York Times) ရဲ့ အရောင်းရဆုံးတစ်အုပ် ဖြစ်တဲ့ “ဒေါသစိတ်” (Anger), ဂန္ထဝင်လက်ရာတစ်အုပ်ဖြစ်တဲ့ “သတိပဋ္ဌာန်ရဲ့ အာနိသင်“ (The Miracle of Mindfulness) နဲ့ အခြားစာအုပ်များစွာကို ရေးသားခဲ့ပါတယ်။ သစ်နတ်ဟန်ဟာ ကမ္ဘာတစ်ဝန်းမှာ လူထုအလုပ်ရုံ ဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ တရားစခန်းတွေကို ဦးစီးဦးဆောင် ပြုလုပ်ပေးခဲ့ပါ တယ်။ ၁၉၆၇ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုခြင်းခံခဲ့ရပါတယ်။
    __________________________

    🧡 မတ်ေတာဆိုတာ 🧡

    စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ပထမအခြေခံသဘောတရားကတော့ မေတ္တာတရားပါ။ မေတ္တာရဲ့ အနှစ်သာရဟာ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်ခြင်း ဖြစ်ပါတယ်။ သင်ဟာ အခြားလူတစ်ယောက်အတွက် နေရောင်ခြည်တန်းကလေး ဖြစ်နိုင်ပါတယ်။ သင်ကိုယ်တိုင် ပျော်ရွှင်မှုကို မရမချင်း သင်ဟာ အခြား လူတွေကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်အောင် သင်ယူဖို့ အိမ်ကလေးတစ်လုံး ဆောက်လိုက်ပါ။ သင့်ကိုယ်ပိုင် အာဟာရဓာတ်အတွက် ပျော်ရွှင်မှုနဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးနိုင်တဲ့ နည်းလမ်းကို သုံးပြီး သတိပဋ္ဌာန် အလေ့ကျင့်နည်းကို လေ့လာပါ။ ဒါဆိုရင် အခြားလူအတွက် ဆောင်ကြဉ်းပေးစရာ တစ်ခုခု သင့်မှာ ရှိလာပါလိမ့်မယ်။

    🧡 ကရုဏာဆိုတာ 🧡

    စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ ဒုတိယအခြေခံသဘောတရားကတော့ ကရုဏာတရားပါ။ ကရုဏာဆိုတာ ကိုယ်ကိုယ်တိုင်နဲ့ အခြားလူတွေရဲ့ ဒုက္ခကို နားလည်ပေးနိုင်တဲ့ စွမ်းရည်တစ်မျိုးပါ။ ကိုယ့်ဒုက္ခကို နားလည်နိုင်ရင် သူ့ဒုက္ခကိုလဲ နားလည်နိုင်အောင် ကူညီပေးပါတယ်။ ဆင်းရဲဒုက္ခကို နားလည်ခြင်းဟာ ကရုဏာတရားကို ဖြစ်စေတယ်၊ သက်သာရာ ရစေပါတယ်။ သင်ဟာ သင့်ရဲ့ ဆင်းရဲဒုက္ခကို အသွင်ပြောင်းလဲနိုင်ပြီဆိုရင်တော့ နက်နဲစွာ ရှုမြင်ခြင်းနဲ့ သတိပဋ္ဌာန် ကျင့်စဉ်တို့ကို အသုံးပြုပြီး အခြားလူရဲ့ ဆင်းရဲဒုက္ခပါ အသွင်ပြောင်းလဲနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

    🧡 မုဒိတာဆိုတာ 🧡

    စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့ တတိယအခြေခံသဘောတရားကတော့ နှစ်သက်ဝမ်းမြောက်မှုကို ပေးစွမ်းနိုင်ခြင်း (မုဒိတာတရား) ပါ။ သင်ဟာ ပျော်ရွှင်မှုကို ဘယ်လိုဖန်တီးရမလဲဆိုတာ သိလာတဲ့အခါ အဲဒီလို သိလာခြင်းက သင့်ကို စိတ်အာဟာရဖြစ်စေပြီး အခြားလူကိုလဲ စိတ်အာဟာရ ဖြစ်စေပါတယ်။ သင်ကိုယ်တိုင် မုဒိတာဖြစ်နေခြင်းဟာ လတ်ဆတ်တဲ့လေထုလို ဒါမှမဟုတ် နွေဦးပန်းကလေးတွေလို ဒါမှမဟုတ် တောက်ပတဲ့ အပြာရောင်ကောင်းကင်လို လက်ဆောင်ကောင်းတစ်ခုပဲပေါ့။

    🧡 ဥပေက္ခာဆိုတာ 🧡

    စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့စတုတ္ထအခြေခံသဘောတရားကတော့ တန်းတူညီမျှ သဘောထားခြင်း (ဥပေက္ခာတရား) ပါ။ အားလုံးပါဝင်နိုင်ခြင်း ဒါမှမဟုတ် ခွဲခြားဆက်ဆံမှုမရှိခြင်းလို့လဲ ခေါ်ဆိုနိုင်ပါတယ်။ နက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခုမှာဆိုရင် သင်နဲ့ အခြားလူတစ်ယောက်ရဲ့ကြားမှာ နယ်သတ် မျဉ်းဆိုတာ မရှိတော့ပါဘူး။ သင်က သူ၊ သူက သင်ပါပဲ။ သင့်ဒုက္ခက သူ့ဒုက္ခပါပဲ။ သင့်ကိုယ်ပိုင် နာကျင်မှုဝေဒနာကို ကိုယ်တိုင်နားလည်ထားတာက သင် ချစ်ရသူကို နာကျင်ခံစားရ ပိုပြီး သက်သာစေပါတယ်။ ဥပေက္ခာတရားမှာ နာကျင်မှုနဲ့ ပျော်ရွှင်မှုတို့ဟာ သီးခြားကိစ္စတွေ မဟုတ်ကြတော့ပါဘူး။ သင် နာကျင်နေရရင် သင် ချစ်ရသူလဲ နာကျင်နေရလိမ့်မယ်။ သင်ပျော်ရွှင်ရင် သင်ချစ်ရသူလဲ ပျော်ရွှင်နေပါလိမ့်မယ်။

    🧡 မာန 🧡

    မကြာခဏဆိုသလိုပဲ ကျွန်တော်တို့ အကူအညီတောင်းခံမဲ့ လမ်းမှာ ကျွန်တော်တို့ရဲ့မာနက လာခံနေတတ်ပါတယ်။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမှာ မာနတွေ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ဖို့ပါပဲ။ သင့်ရဲ့ဒုက္ခတွေကို သင်ချစ်တဲ့လူကို မပြောပြရင် သင် ယုံကြည်ရလောက်တဲ့အထိ ဒီလူကို မချစ်ဘူးလို့ ဆိုလိုလိုက်တာပါပဲ။ ဒီလူက သင့်ကို ကူညီပေးဖို့ အကောင်းဆုံးလူ ဖြစ်တယ်ဆိုတာ သင် နားလည် သဘောပေါက်ထားရပါမယ်။ ကျွန်တော်တို့ဟာ ကိုယ်ချစ်ရတဲ့သူဆီက အကူအညီရအောင် စွမ်းဆောင်နိုင်ဖို့ လိုပါတယ်။

    🧡 အိမ်ကို ရှာဖွေခြင်း 🧡

    ကျွန်တော်တို့အားလုံးက အိမ်အစစ်ကလေးတစ်လုံးကို ရှာတွေ့နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ကျွန်တော်တို့ထဲက အချို့က ရှာဖွေနေကြတုန်းပေါ့။ ကျွန်တော်တို့အတွက် အိမ်အစစ်ကလေးက ကျွန်တော်တို့ရဲ့စိတ်အတွင်းမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိတဲ့ ကျွန်တော်တို့ ချစ်ခင်ရသူတွေဆီမှာလဲ အဲဒီအိမ်ကလေး ရှိနေပါတယ်။ အချစ်ရေးမှာ သင်နဲ့ သင့်ချစ်သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်အတွက် စစ်မှန်တဲ့ အိမ်ကလေး ကိုယ်စီဖြစ်လာနိုင်ပါတယ်။ ဗီယက်နမ်ဘာသာစကားမှာ လူတစ်ဦးရဲ့ဘဝလက်တွဲဖော်အတွက် နာမည်ပြောင်က “ငါ့ရဲ့အိမ်” ပါတဲ့။ ဥပမာအနေနဲ့ ယောက်ျားတစ်ယောက်က “မင်းရဲ့မိန်းမ ဘယ်မှာလဲ” လို့ အမေးခံရရင် “ငါ့ရဲ့အိမ်က အခု စာတိုက်မှာ ရှိတယ်” လို့ ဖြေနိုင်ပါတယ်။ ဧည့်သည်တစ်ယောက်က အမျိုးသမီးတစ်ဦးကို “ဒီညစာက အရသာရှိလိုက်တာ။ ဘယ်သူ ချက်တာလဲဟင် ”လို့ မေးရင် “ငါ့ခင်ပွန်းက ချက်ပေးထားတာပါ” လို့ အဓိပ္ပာယ်ရတဲ့ “ငါ့ရဲ့အိမ်က ညစာပြင်ပေးထားတာပါ” ဆိုပြီး ပြောပါတယ်။

    🧡 အချစ်ကို ရှင်သန်စေဖို့ လိုအပ်တဲ့အရာ 🧡

    ချစ်ခြင်းမေတ္တာ အပါအဝင် ဘယ်အရာမှ အစာမရှိရင် မရှင်သန်နိုင်ဘူးလို့ ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာကို ဘယ်လိုအစာကျွေးမွေးရမလဲ မသိရင် အဲဒီချစ်ခြင်းမေတ္တာဟာ သေဆုံးသွားပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ချစ်ခြင်းမေတ္တာကို နေ့စဉ်ဘယ်လိုအစာကျွေးရမလဲ သိရင်တော့ ချစ်ခြင်း မေတ္တာက အချိန်ကြာကြာ ရှင်သန်နေပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာကို ပြုစုပျိုးထောင်ဖို့ နည်းလမ်းတစ်ခုကတော့ ကျွန်တော်တို့ စားသုံးတဲ့အရာကို သတိပြု မိခြင်းနဲ့ ပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အများစုက စားသုံးတဲ့ အစာနဲ့ပဲ နေ့စဉ်အာဟာရကို စဉ်းစားချင့်တွက်ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာ လေးမျိုး ရှိပါတယ်။ အဲဒါတွေကတော့ စားသုံးနိုင်တဲ့ အစားအစာ (ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကို အာဟာရဖြစ်စေဖို့ ခံတွင်းထဲ ထည့်ရတဲ့အရာ)၊ အာရုံခံနိုင်တဲ့ အစားအစာ (အနံ့၊ အကြား၊ အရသာ၊ ခံစားမှု၊ အထိအတွေ့)၊ စေတနာ (ကျွန်တာ်တို့ကို အားဖြည့်ပေးတဲ့ စိတ်လှုံ့ဆော်မှုနဲ့ ရည်ရွယ်ချက်) နဲ့ အသိသတိ (ကျွန်တော်တို့ရဲ့ တစ်ဦးချင်းအသိစိတ်၊ စုပေါင်းအသိစိတ်နဲ့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်တို့ ပါဝင်တယ်)တို့ ဖြစ်ပါတယ်။

    🧡 တရားထိုင်ခြင်း 🧡

    တရားထိုင်ခြင်းမှာ သတိပဋ္ဌာန်၊ အာရုံစူးစိုက်မှုနဲ့ ထိုးထွင်းသိမြင်နိုင်ခြင်းဆိုတဲ့ စွမ်းအင်သုံးမျိုး ပါဝင်ပါတယ်။ ဒီစွမ်းအင်သုံးမျိုးက ပျော်ရွှင်မှုကို အာဟာရဖြည့်တင်းဖို့နဲ့ နာကျင်စရာတွေကို ဂရုပြုပေးနိုင်တဲ့အစွမ်းကို ပေးနိုင်ပါတယ်။ တရားထိုင်တဲ့အခါ နာကျင်စရာတွေလဲ ရှိနိုင်တယ်။ ဒါပေမဲ့ သတိပဋ္ဌာန်၊ အာရုံစူးစိုက်မှုနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းတွေနဲ့ဆိုရင် ကျွန်တော်တို့ဟာ အဲဒီနာကျင်စရာတွေကို ကိုင်တွယ်ထိန်းကျောင်းနိုင်ရုံသာမက ပျော်ရွှင်မှုကိုပါ တစ်ပြိုင်နက် အာဟာရဖြည့်တင်းပေးနိုင်ပါတယ်။

    🧡 ပေးကမ်းခြင်း သို့မဟုတ် ချစ်ခြင်းမေတ္တာ 🧡

    ချစ်ခြင်းမေတ္တာဟာ တစ်ဖက်လူကို ပိုင်ဆိုင်ဖို့ ဒါမှမဟုတ် သူတို့ရဲ့စိတ် အာရုံနဲ့ ချစ်ခြင်းမေတ္တာတွေအားလုံးကို စားသုံးလိုက်ကြဖို့ မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာဟာ တစ်ဖက်လူကို ပျော်ရွှင်စေဖို့နဲ့ သူတို့ရဲ့ ခံစားနာကျင်မှုတွေအတွက် စိတ်နှလုံးအေးချမ်းစရာလေးတစ်ခု ပေးကမ်းလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ပြုစုပျိုးထောင်ဖို့အတွက် ကျွန်တော်တို့ သင်ယူရမဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။

    🧡🧡🧡🧡🧡

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ထက်ဘုန်းရှိန် စာအုပ်များ