ဘဝသမုဒ္ဒရာထဲက အစာအာဟာရ

( 2 မှတ်ချက်)

4000 (ကျပ်)

ဒီစာအုပ်လေးဟာ အစာစားခြင်းနဲ့ပတ်သက်ပြီး လူတွေ မသိသေးတဲ့ ၊ သတိမပြုမိသေးတဲ့ အကြောင်းလေးတွေနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်လေးပါ ..

ဘာသာပြန်သူရဲ့ အမှာအတိုင်း ပြန်တင်ပြရရင်
“ကိုယ်ခန္ဓာက စားနေပေမဲ့ စိတ်က ရှိမနေတဲ့အခါ အစာစားတာက ကိုယ့်အတွက် ရာနှုန်းပြည့် အထောက်အပံ့ မပေးတော့ပါဘူး .. ဒါကြောင့် အစာစားတာကို ပြီးစလွယ် စားလိုက်တာမျိုး မဟုတ်ဘဲ ပြည့်ပြည့်၀၀ စားသုံးခြင်းဖြစ်အောင် အလေ့အကျင့်လုပ်ဖို့ လိုတာပေါ့ ..

ဒီအလေ့အကျင့်အတွက် လိုအပ်တာတွေ ၊ နည်းလမ်းတွေကို ခဲရာခဲဆစ် လိုက်မရှာရအောင် သစ်နတ်ဟန်က ဒီစာအုပ်ထဲမှာ ပြေပြေပြစ်ပြစ် ရိုးရိုးရှင်းရှင်း တင်ပြထားပါတယ် ..
အစာစားတာ ၊ အစာနဲ့ပတ်သက်ပြီး ရှိသင့်တဲ့ အသိ သတိနဲ့ ကျေးဇူးတင်စိတ် ၊ ကိုယ်က၀၀လင်လင် လွယ်လွယ်ကူကူ အစာစားလို့ ရနေချိန်မှာ အစာတစ်ခု ရဖို့ ခက်ခဲနေတဲ့ လူတွေ ၊ နေရာတွေအတွက် ဆင်ခြင်ကြည့်တာတွေထိပါ ဆက်စပ်ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ ..”

ကောင်းမွန်တဲ့ ဘ၀နေနည်းရဖို့ ကြိုးစားနေသူတွေ သဘောကျနှစ်ခြိုက်မယ့် စာအုပ်လေးတစ်အုပ်လည်း ဖြစ်ပါတယ် ..

စာမျက်နှာ

110

စာအုပ်အရွယ်အစား

5.2 × 0.2 × 7.5 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဩဂုတ်လ(ပထမအကြိမ်)

19 in stock

ဘဝသမုဒ္ဒရာထဲက အစာအာဟာရ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    ဒီစာအုပ်လေးအကြောင်း မပြောခင် ကျွန်မတို့တွေ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ပြန်မေးကြည့်ရအောင်….။

    အစာစားနေတဲ့အချိန်မှာ အဲ့ဒီအစားအစာကို အမှန်တကယ် စားသုံးနေတာလား၊
    ဒါမှမဟုတ် အတွေးတွေ၊ပူပန်စရာတွေ၊
    စိတ်ဖိစီးမှုတွေကို စားသုံးနေမိတာလားလို့ပေါ့။

    ဒီစာအုပ်လေးကတော့ စာရေးသူ “Thich Nhat Hanh”ရဲ့ How to Eat ဆိုတဲ့ စာအုပ်လေးကို ဆရာ ထက်ဘုန်းရှိန်က “ဘဝ သမုဒ္ဒရာထဲက အစာအာဟာရ”ဆိုပြီး မြန်မာဘာသာပြန်ဆိုထားတာပဲ ဖြစ်ပါတယ်။

    ဒီစာအုပ်လေးထဲမှာ…
    ◇အစာစားတာနဲ့ပက်သတ်တဲ့ မှတ်စုလေးတွေ
    ◇အစာစားတာအတွက် အာရုံပြုဆင်ခြင်စရာလေးတွေ

    ဆိုပြီး အပိုင်း(၂)ပိုင်းပါဝင်ပါတယ်။

    သတိကပ်ပြီး အစာစားတယ်ဆိုတာ
    ထင်သလောက် မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ဒီစာအုပ်လေးဖတ်နေတဲ့အချိန်မှာ
    ဒရာမာဇာတ်လမ်းတွဲ၊Social Media
    ကိုမကြည့်ဘဲနဲ့ ထမင်းစားကြည့်ဖြစ်ပါတယ်။ထမင်းစားချိန် ၁၁မိနစ်ကျော်အတွင်းမှာ သတိနဲ့ဖြည်းဖြည်းချင်း
    စားကြည့်တဲ့အခါ အရသာကို ပိုပြီးခံစားမိစေပါတယ်။
    နောက်ပြီး ဗိုက်ပြည့်ဖို့အတွက် လုံလောက်တဲ့ ပမာဏထက်ကျော်ပြီး စားနေမိတာမျိုးကိုလည်းထိန်းပြီးသား ဖြစ်စေပါတယ်။

    “အတွေးတွေ မတွေးဘဲ အစာစားတာက
    လွတ်လပ်စွာ စားသုံးခြင်းပါပဲ။”

    “အစာကိုပဲ ဝါးပါ။ပူပန်စရာတွေကို မဝါးပါနဲ့။”

    “လိမ္မော်သီးစားနေချိန်အတွင်းမှာ လိမ္မော်သီးကို စားနေတာက သင့်ဘဝအတွက်
    အရေးကြီးဆုံးပါပဲ။”

    နောက်ပြီး ကျွန်မတို့ စားသုံးကြတဲ့
    အစာအာဟာရတွေက သေဆုံးခဲ့တဲ့ လူတွေရဲ့အရိုးတွေ၊တိရစ္ဆာန်အရိုးတွေ၊အရွက်ခြောက်၊ပိုးမွှားတိရစ္ဆာန်လေးတွေကနေ ဖြစ်လာတဲ့ မြေဆီလွှာကနေတဆင့်
    ဖြစ်ပေါ်လာတယ်ဆိုတာကို သတိပြုမိရပါတယ်။ဒီစာအုပ် မဖတ်မိခင်ထိ
    တခါမှ မတွေးဖြစ်ခဲ့တဲ့ အရာပါပဲ။
    မြေဆီလွှာ၊နေရောင်ခြည်၊တိမ်လွှာ၊တောင်တန်း၊သစ်ပင်စတဲ့ သဘာဝတရားကြီးဟာလည်း ကျွန်မတို့အတွက် ကျေးဇူးတင်ဖို့ကောင်းတဲ့အရာတွေ ဖြစ်တယ်ဆိုတာကိုပေါ့…။

    အစာအာဟာရအကြောင်း ဆိုပေမဲ့လည်း
    နေ့စဥ်လုပ်ဆောင်ဖြစ်တဲ့ ပန်းကန်ဆေးတာ၊ချက်ပြုတ်ပြင်ဆင်တာ အစရှိတဲ့ကိစ္စတိုင်းမှာ သတိပဌာန်တရား ထားတတ်ဖို့ ပြောပြပေးထားတဲ့ စာအုပ်လေးပါ။

    ဒီစာအုပ်လေး ဖတ်ကြည့်ပြီးရင်တော့ အစာစားတဲ့အခါ ခံစားချက်တွေ၊လောဘ၊ဒေါသ၊မောဟတွေကို မစားသုံးဘဲ
    တကယ့်အစားအစာကို အပြည့်အဝ မဟုတ်တောင် သတိလေးကပ်ပြီး
    စားဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်။
    ကျွန်မအတွက်လည်း အစာစားတဲ့အခါအစာပေါ်မှာပဲ သတိကပ်မိအောင် remindလုပ်ဖြစ်လာတဲ့အတွက်
    ဘာသာပြန်ဆိုသူ ဆရာထက်ဘုန်းရှိန်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

    #HowToEat
    #ThichNhatHanh
    #ထက်ဘုန်းရှိန်
    #ဘဝသမုဒ္ဒရာထဲကအစာအာဟာရ
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #21Oct2023

  2. Htet Htet Tin Zar

    💙 ဆရာထက်ဘုန်းရှိန် ဘာသာပြန်တဲ့ “ဘဝသမုဒ္ဒရာထဲက အစာအာဟာရ” ဆိုတဲ့ ဒီစာအုပ်လေးက ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Thich Nhat Hanh ရေးသားထားတဲ့ Mindfulness Essentials series ထဲက How to Love စာအုပ်လေး ဖြစ်ပါတယ်။ လူသားတွေ နေ့စဉ်ဘဝမှာ စားတဲ့ အစားအစာတွေကနေ အစားအသောက်ကနေ ရရှိတဲ့ အာဟာရတန်ဖိုး အပြည့်အဝ ရရှိဖို့အတွက် မှန်ကန်စွာ စားသောက်ခြင်းအကြောင်းကို ညွှန်ကြားပြသထားတာ ဖြစ်ပါတယ်။

    💙 လူအများစုက အစားစားတဲ့အခါ social media တစ်ခုခုသုံးနေတာ၊ ဂိမ်းဆော့တာ၊ အလုပ်တစ်ခုခု လုပ်ရင်း စားတာ၊ တစ်ခုခုကို တွေးတောနေတာ စသဖြင့် အစားအစာအပေါ်မှာ အာရုံမရှိဘဲ ပြီးစလွယ်စားတတ်ကြတာမို့ ပြည့်ပြည့်ဝဝ စားသုံးခြင်းဖြစ်အောင် ‌လေ့ကျင့်သင့်တဲ့ ပုံစံလေးတွေကို ပြောပြထားပါတယ်။ စာအုပ်ထဲမှာ “အစာစားတာနဲ့ ပတ်သက်တဲ့ မှတ်စုလေးတွေ” နဲ့ “အစာစားတာအတွက် အာရုံပြုဆင်ခြင်စရာလေးတွေ” ဆိုပြီး နှစ်ပိုင်း ခွဲထားကာ အပုဒ်ရေ စုစုပေါင်းကတော့ (၈၇) ပုဒ် ပါဝင်ပါတယ်။
    __________________________

    💙 ဘာသာပြန်သူ၏ အမှာစာ 💙

    အစာစားတဲ့အချိန်မှာ တစ်ခါတလေ စိတ်တွေ တောင်ရောက်မြောက်ရောက် ဖြစ်နေတာကိုလဲ ကြုံဖူးကြမှာပါ။ ‌YouTube, Facebook, Instagram, Film ကြည့်ရင်း၊ Game ဆော့ရင်း၊ မပြီးပြတ်သေးတဲ့ အလုပ်တစ်ခုခု လုပ်ရင်း အစာစားတာမျိုးလဲ ရှိလိမ့်မယ်။ ဒီအခြေအနေတွေကိုတော့ စားတဲ့နေရာမှာ အပြည့်အဝ ရှိမနေခြင်းလို့ ခေါ်ပါတယ်။ အပြည့်အဝ ရှိမနေတဲ့အခါ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာက စားနေပေမဲ့ စိတ်က ရှိမနေတဲ့အခါ အစာစားတာက ကိုယ့်အတွက် ရာနှုန်းပြည့် အထောက်အပံ့ မပေးတော့ပါဘူး။ ဒါကြောင့် အစာစားတာကို ပြီးစလွယ် စားလိုက်တာမျိုး မဟုတ်ဘဲ ပြည့်ပြည့်ဝဝ စားသုံးခြင်း ဖြစ်အောင် အလေ့အကျင့်လုပ်ဖို့ လိုတာပေါ့။

    ဒီအလေ့အကျင့်အတွက် လိုအပ်တာတွေ၊ နည်းလမ်းတွေကို ခဲရာခဲဆစ် လိုက်မရှာရအောင် သစ်နတ်ဟန်က ဒီစာအုပ်ထဲမှာ ပြေပြေပြစ်ပြစ် ရိုးရိုးရှင်းရှင်း တင်ပြထားပါတယ်။ အစာစားတာ၊ အစာနဲ့ပတ်သက်ပြီး ရှိသင့်တဲ့ အသိသတိနဲ့ ကျေးဇူးတင်စိတ်၊ ကိုယ်က ဝဝလင်လင် လွယ်လွယ်ကူကူ အစာစားလို့ ရနေချိန်မှာ အစာတစ်ခု ရဖို့ ခက်ခဲနေတဲ့လူတွေ၊ နေရာတွေအတွက် ဆင်ခြင်ကြည့်တာတွေထိပါ ဆက်စပ်ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။

    💙 စာရေးသူအကြောင်း 💙

    သစ်နတ်ဟန်က ကမ္ဘာကျော် စာရေးဆရာ၊ ကဗျာဆရာ၊ ဒဿနပညာရှင်နဲ့ ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါတယ်။ သူ တည်ထောင်ခဲ့ တဲ့ ပြင်သစ်နိုင်ငံက ဘုန်းတော်ကြီးကျောင်းမှာ အများဆုံး နေထိုင်ခဲ့ပါတယ်။ နယူးယော့ခ်တိုင်းမ် (New York Times) ရဲ့ အရောင်းရဆုံးတစ်အုပ် ဖြစ်တဲ့ “ဒေါသစိတ်” (Anger), ဂန္ထဝင်လက်ရာတစ်အုပ်ဖြစ်တဲ့ “သတိပဋ္ဌာန်ရဲ့ အာနိသင်“ (The Miracle of Mindfulness) နဲ့ အခြားစာအုပ်များစွာကို ရေးသားခဲ့ပါတယ်။ သစ်နတ်ဟန်ဟာ ကမ္ဘာတစ်ဝန်းမှာ လူထုအလုပ်ရုံ ဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ တရားစခန်းတွေကို ဦးစီးဦးဆောင် ပြုလုပ်ပေးခဲ့ပါ တယ်။ ၁၉၆၇ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုခြင်းခံခဲ့ရပါတယ်။
    __________________________

    💙 တွေးမနေဘဲ စားမယ် 💙

    စားသောက်နေတဲ့အခါမှာ ကျွန်တော်တို့က တွေးလေ့ရှိကြတယ်။ အစာစားတဲ့အခါ မတွေးဘဲ နေတာမျိုးကို လေ့ကျင့်ထားမယ်ဆိုရင် စားချင်သောက်ချင်စိတ် ပိုပြီးရှိလာနိုင်မှာပါ။ ကျွန်တော်တို့ဟာ အစားအစာကိုပဲ သတိထားလိုက်လို့ ရပါတယ်။ တစ်ခါတလေမှာ ကိုယ် ဘာစားနေတာလဲ ဆိုတာကို မသိဖြစ်တတ်ကြပါတယ်။ စိတ်က စားနေတဲ့ဆီမှာ မရှိ။ စိတ်က ရှိမနေတော့ ကြည့်နေပေမဲ့ မမြင်ရ၊ နားထောင်နေပေမဲ့ မကြားရ၊ စားနေပေမဲ့ အစား အစာရဲ့အရသာကို မသိရပါဘူး။ ဒါဟာ မေ့လျော့ခြင်းအခြေအနေ၊ သတိပဋ္ဌာန် ကင်းမဲ့ခြင်း အခြေအနေတစ်ခုပါပဲ။ စားတဲ့နေရာမှာ အမှန်တကယ် ရှိနေနိုင်ဖို့ဆိုရင် အတွေးတွေကို ရပ်တန့်လိုက်ရပါမယ်။ ဒါက အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါပဲ။

    💙 ဒီအရာနှစ်ခုကိုပဲ အာရုံစိုက်ပါ 💙

    အစာစားနေချိန်မှာ ကျွန်တော်တို့ စားနေတဲ့ အစားအစာရယ်၊ အတူထိုင်ပြီး စားနေတဲ့ မိတ်ဆွေသူငယ်ချင်းရယ်ဆိုတဲ့ အရာနှစ်ခုအပေါ်မှာပဲ ကြိုးစားပြီး အာရုံစိုက်ထားနိုင်ပါတယ်။ ဒီအပြုအမူကို အစားအစာ သတိပဋ္ဌာန်နဲ့ အစုအဖွဲ့ သတိပဋ္ဌာန် လို့ ခေါ်ပါတယ်။ သတိကပ်ပြီး အစားစားရင်းနဲ့ ကျွန်တော်တို့ဟာ ကိုယ့်ဆီကို အစားအစာ သယ်ဆောင်လာဖို့အတွက် သုံးလိုက်ရတဲ့ စွမ်းအင်နဲ့ အလုပ်တွေအားလုံးကို သတိပြုမိလာတယ်။ ရှုပ်ထွေးပွေလီလှတဲ့ ဘဝမှာ ထမင်းတစ်နပ်ကို အခြားသူတွေနဲ့အတူ စားမယ်ဆိုရင် ဒီလို အေးအေးဆေးဆေး အတူတူထိုင်စားဖို့ အချိန်ကလေးတစ်ခု ကျွန်တော်တို့မှာ ရှိနေတာက ဘယ်လောက်တောင် အံ့ဩစရာကောင်းလဲဆိုတာကို သတိပြုမိနိုင်ပါတယ်။ သတိလေး ကပ်ပြီး မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ အသက်ရှူနိုင်တဲ့အခါ၊ ထိုင်နိုင်တဲ့အခါ၊ အစာစားနိုင်တဲ့အခါ ဒါကို စစ်မှန်တဲ့ အသိုက်ဝန်းတည်ဆောက်မှုလို့ ခေါ်ပါတယ်။

    💙 တီဗီပိတ်လိုက်ပါ 💙

    တစ်ခါတရံမှာ လူတွေဟာ တီဗီကြည့်ရင်းနဲ့ အစာစားကြတယ်။ ဒါပေမဲ့ တီဗီကို ပိတ်လိုက်ပြီဆိုရင်တောင် သင့်စိတ်ထဲမှာတော့ တီဗီကို ဆက်ပြီး ကြည့်နေဆဲပဲ။ ဒါကြောင့် သင့်ခေါင်းထဲမှာ တီဗီအကြောင်း တွေးနေတာကို ရပ်ထားရပါမယ်။ သင့်စိတ်ထဲမှာ တွေးစရာတွေ ရှိနေသေးတယ်ဆိုရင် သင်ဟာ ပျံ့လွင့်သွားပါလိမ့်မယ်။ အစာစားနေတဲ့ နေရာမှာ အမှန်တကယ် ရှိနေနိုင်ဖို့အတွက် သင့်အိမ်မှာ ရှိနေတဲ့ ရုပ်မြင်သံကြား ဒါမှမဟုတ် ရေဒီယိုကို ပိတ်လိုက်ရုံတင်မကဘဲ သင့်ခေါင်းထဲက စကားပြောခန်းတွေနဲ့ ပုံရိပ်တွေကိုပါ ပိတ်ပစ်လိုက်ဖို့ လိုအပ်ပါတယ်။

    💙 အချိန်ယူလိုက်ပါ 💙

    အစာစားတဲ့ အချိန်က သိပ်ကို ပျော်စရာကောင်းတဲ့ အချိန်ဖြစ်တာကြောင့် အစာစားဖို့ အချိန်တစ်ခု ယူတာက ကောင်းမွန်တဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ မနက်စာ၊ နေ့လယ်စာ၊ ညစာတွေကို သေချာ စားနိုင်ဖို့ အချိန်ပေးပါ။ ကောင်းကောင်းစားလိုက်ပါ။ အတွေးတွေကို ရပ်လိုက်ပြီး စိတ်ရောကိုယ်ပါ အပြည့်အဝ ရှိနေပါစေ။

    💙 အစာကို ဝါးပါ၊ ပူပန်စရာတွေကို မဝါးပါနဲ့ 💙

    တစ်ခါတလေမှာ အစာစားနေပေမဲ့ အစားအသောက်အကြောင်း မတွေးနေမိတာမျိုး ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့က အတိတ် ဒါမှမဟုတ် အနာဂတ်အကြောင်း တွေးနေမိကြတယ်။ ဒါမှမဟုတ်ရင် စိုးရိမ်စရာတွေ၊ ပူပန်မှုစရာတွေအကြောင်း ထပ်ခါတလဲလဲ အချိန်ယူ စဉ်းစားနေမိကြတယ်။ ဒါကြောင့် အလုပ်အကြောင်း၊ ရုံးအကြောင်း ဒါမှမဟုတ် အခုလက်ရှိမှာ ဖြစ်ပျက်မနေတဲ့ ကိစ္စတွေအကြောင်း တွေးနေတာကို ရပ်လိုက်ပါ။ ပူပန်စရာတွေ၊ အကြောက်တရားတွေ ဒါမှမဟုတ် ဒေါသတွေကို ဝါးစားမနေပါနဲ့။ သင့်ရဲ့ အစီအစဉ်တွေ၊ ပူပန်စရာတွေကို ဝါးစားနေမယ်ဆိုရင် အစားအစာ တစ်ခုချင်းစီအတွက် ကျေးဇူးတင်စိတ်ထားတတ်ဖို့ သင့်အတွက် ခက်ခဲနေပါလိမ့်မယ်။ အစာကိုပဲ ဝါးပါ။

    💙 မှန်ကန်တဲ့ ပမာဏ 💙

    သတိကပ်ပြီး အစာစားခြင်းက ကျွန်တော်တို့အနေနဲ့ ဘာကို ဘယ်လို စားသင့်တယ်ဆိုတာကို သိဖို့ အကူအညီ ပေးနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်စားနိုင်သလောက်ပဲ ယူရပါမယ်။ ခြိုးခြံခြွေတာခြင်းစည်းမျဉ်းကို ကျွန်တော်တို့ လျစ်လျူရှုထားတတ်ကြတယ်။ လူအများစုဟာ နေ့စဉ် စားနေကျထက် လျှော့စားသင့်ပါတယ်။ အစာလျှော့စားတဲ့သူတွေက ပိုကျန်းမာပြီး ပိုပျော်ရွှင်ကြတာကို တွေ့ရပါတယ်။ အစာအများကြီး စားတဲ့သူတွေက တော်တော့်ကို ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ကျွန်တော်တို့သာ ဂရုတစိုက် ဝါးစားရင်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပဲ စားရင် အဖျားအနာတွေ ကျွန်တော်တို့ကိုယ်ထဲ၊ ကျွန်တော်တို့စိတ်ထဲကို ရောက်လာကြမှာ မဟုတ် တော့ဘူးလေ။

    💙 လူငယ်တွေအတွက် အစားအသောက်ဆိုင်ရာ ဆင်ခြင်တုံတရား ခြောက်ပါး 💙

    မိသားစုတွေအတွက်တော့ သတိကပ်ပြီး အတူတူထိုင်ရင်း စားရခြင်းရဲ့ပျော်ရွှင်မှုကို တွေ့ကြုံခံစားရတာက နှစ်သက်စရာ တကယ်ကောင်းပါတယ်။ ဒီဆင်ခြင်တုံတရား ခြောက်ပါးကို လူငယ်‌တွေအတွက် ရည်ရွယ်ပြီး မျှဝေရေးသားထားတာဆိုပေမဲ့ ဘယ်သူမဆို ဒီခြောက်ပါးကို လိုက်ပါလုပ် ဆောင်နိုင်ပါတယ်။

    ၁။ အစားအစာဟာ ကမ္ဘာမြေ၊ ကောင်းကင်၊ မိုးရေနဲ့ နေ ဆိုတဲ့စကြဝဠာကြီးတစ်ခုလုံးရဲ့ လက်ဆောင်ဖြစ်တယ်။

    ၂။ ဒီအစားအစာကို ဖန်တီးပေးခဲ့သူတွေ၊ အထူးသဖြင့် လယ်သမားကြီးတွေ၊ ရောင်းဝယ်ကြသူတွေနဲ့ ချက်ပြုတ်ပေးသူတွေကို ကျေးဇူးတင်ပါတယ်။

    ၃။ ကျွန်တော်/ကျွန်မတို့ စားနိုင်သလောက်ကိုပဲ ပန်းကန်ထဲ ထည့်ထားပါတယ်။

    ၄။ ကျွန်တော်/ ကျွန်မတို့ဟာ အစာကို ဖြည်းဖြည်းချင်း ဝါးစားချင်ပါတယ်။ ဒါမှပဲ အစာစားနေရတာကို နှစ်သက်ခံစားမိလာမှာပါ။

    ၅။ ပိုချစ်ပေးတတ်အောင်၊ ပိုနားလည်ပေးတတ်အောင် ကျွန်တော်/ ကျွန်မတို့ကို အစားအစာက လေ့ကျင့်ပေးပါတယ်။

    ၆။ ကျန်းမာဖို့၊ ပျော်ရွှင်ဖို့နဲ့ တစ်ယောက်ကိုတစ်ယောက် မိသားစုလို ချစ်တတ်ဖို့ ဒီအစားအစာကို ကျွန်တော်/ ကျွန်မတို့ စားသုံးပါတယ်။

    💙💙💙💙💙

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ထက်ဘုန်းရှိန် စာအုပ်များ