အပန်းဖြေရာ အနားယူရာ

( 2 မှတ်ချက်)

4000 (ကျပ်)

တစ်ကိုယ်ရည်ကျန်းမာရေးသုခကို တိုးမြင့်ပေးမဲ့ ငြိမ်သက်အေးချမ်းခြင်းနဲ့ ရွှင်လန်းခြင်းကို ရရှိနိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာက အပန်းဖြေခြင်း အနားယူခြင်းပါ။

ကုစားခြင်း၊ မရပ်မနား တွေးတောခြင်းမှ သက်သာရာရခြင်း၊ မနှစ်မြို့စရာ အသံတွေကို အသွင်ပြောင်းခြင်း၊ လူသူဝေးရာ (တွင် ရှိနေခြင်း)၊ ငြိမ်းချမ်းခြင်း စတာ စတာတွေနဲ့ ပတ်သက်တဲ့ အပိုင်းကဏ္ဍတွေနဲ့အတူ How Relax မှာ သင် ဘယ်နေရာမှာ ရှိနေရှိနေ အပန်းဖြေခြင်း အနားယူခြင်းရဲ့ ကောင်းကျိုးတွေ ရရှိနိုင်ဖို့ ကူညီပေးနိုင်တဲ့ တွေးတောဆင်ခြင်စရာတွေ ပါဝင်ပါတယ်။

တွေးတောဆင်ခြင်တာက ကျန်းမာခြင်းသုခ၊ အထွေထွေကျန်းမာရေးနဲ့ အသက်ရှည်ခြင်းတို့ကို များစွာ အထောက်အကူပြုပေးကြောင်း သိပ္ပံနည်းကျလေ့လာမှုတွေက ညွှန်ပြနေပါတယ်။

How to Relax က နက်ရှိုင်းတဲ့ အပန်းဖြေခြင်း အနားယူခြင်း၊ စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းကြည်လင်မှုကို အသစ်တဖန် ရရှိဖို့အတွက် လမ်းညွှန်ချက်ရိုးရိုးရှင်းရှင်းကို လိုချင်သူတွေအတွက် ထူးခြားပြောင်မြောက်တဲ့ လက်ဆောင်တစ်ခုဖြစ်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်စဉ်တွေကို ကျင့်သုံးမဲ့သူတွေအတွက် တွေးတောဆင်ခြင်တာနဲ့ ပတ်သက်ပြီး အတွေ့အကြုံရင့်သန်သူပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် သင့်လျော်တဲ့ စာအုပ်တစ်အုပ်ပါ။

— Penguin Random House —

လူ့ဘဝက တောအုပ်တစ်ခုနဲ့ တူပါတယ်။ တောအုပ်ထဲ စဝင်လာချိန်က စပြီး ပြန်ထွက်သွားတဲ့အချိန်အထိ ရှင်သန်ခြင်း အတွက် လိုအပ်တာတွေကို နေ့စဉ်နဲ့အမျှ ရှာဖွေနေရင်း တောက်လျှောက် သွားလာနေကြရတာပေါ့ . . .

အလုပ်မှာ ပင်ပန်းလိုက်တာ၊ ပြန်ရောက်ရင်လဲ သေချာနားရတယ်လို့ကို မရှိဘူး ဆိုတဲ့ စကားမျိုး ကျွန်တော့်ပတ်ဝန်းကျင်မှာ မကြာခဏ ကြားမိပါတယ် . . . တကယ်တော့ အမောတကော ဟောဟဲလိုက်နေရတဲ့ စိတ်တွေကို အနားပေးဖို့ အပန်းဖြေရိပ်မြုံလေးတွေကို တကူးတက ဖန်တီးနေဖိို့ မလိုပါဘူး . . .

ရပ်တန့်ဖို့ ခက်ခဲနေတတ်တဲ့ ဒီလူသားတွေအတွက် သစ်နတ်ဟန်က ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတွေကို How to Relax မှာ မျှဝေပေးခဲ့တာ ကျွန်တော် တွေ့မိတာကြောင့် ဖတ်ကြည့်ပြီး လက်တွေ့ကျင့်သုံးကြည့်တဲ့အခါ တကယ်အသုံးတည့်နေတာကို တွေ့ရပါတယ် . . .

စာမျက်နှာ

104

စာအုပ်အရွယ်အစား

5.2× 0.2×7.4 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 နိုဝင်ဘာလ (ပထမအကြိမ်)

14 in stock

အပန်းဖြေရာ အနားယူရာ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Andrich Zan

    ကျွန်တော်တို့ဟာ ပူပန်စရာ၊ ပင်ပန်းစရာတွေနဲ့ နေ့စဉ်ကြုံတွေ့ ရုန်းကန်နေရတာပါ။ အဲ့လိုအရာတွေ ပြေပျောက်ဖို့အတွက် ကိုယ့်ကိုကိုယ်အနားပေးဖို့၊ အနားယူဖို့ လိုအပ်ပါတယ်။ အနားယူဖို့အတွက် အရိုးရှင်းဆုံးနှင့် အကောင်းမွန်ဆုံးနည်းလမ်းလေးကို ဆရာထက်ဘုန်းရှိန်က ရိုးရိုးရှင်းရှင်းလေးပဲ ဘာသာပြန်ပေးထားပါတယ်။ အေးအေးဆေးဆေးအနားယူဖို့အတွက် အလွန်ကို အသုံးဝင်ပါတယ်။ ဝယ်လိုက်လို့ နောင်တရစရာမရှိမယ့် စာအုပ်မျိုးပဲ ဖြစ်ပါတယ်။

    #ထက်ဘုန်းရှိန်
    #အပန်းဖြေရာအနားယူရာ

  2. Htet Htet Tin Zar

    🌳 ဆရာထက်ဘုန်းရှိန် ဘာသာပြန်တဲ့ “အပန်းဖြေရာ အနားယူရာ” ဆိုတဲ့ ဒီစာအုပ်လေးက ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Thich Nhat Hanh ရေးသားထားတဲ့ Mindfulness Essentials series ထဲက How to Relax စာအုပ်လေး ဖြစ်ပါတယ်။ လူသားတွေ နေ့စဉ် ဘဝကို ဖြတ်သန်းကြတဲ့အခါ စိတ်အပန်းပြေဖို့ အနားယူဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အချိန်သီးသန့်ကြီး ပေးဖို့မလိုသလို၊ နေရာ ပစ္စည်းတွေလည်း မလိုအပ်ဘဲနဲ့ အနားယူ အပန်းဖြေနိုင်မယ့် နည်းလမ်းလေးတွေကို လမ်းညွှန်ပြသထားတဲ့ စာအုပ်လေးပါ။

    🌳 စာအုပ်ထဲမှာ “အနားယူအပန်းဖြေတာနဲ့ ပတ်သက်တဲ့ စာစုလေးတွေ” နဲ့ “အနားယူခြင်း အပန်းဖြေခြင်းအတွက် တရားမှတ်စရာလေးတွေ” ဆိုပြီး နှစ်ပိုင်း ခွဲထားကာ အပုဒ်ရေ စုစုပေါင်းကတော့ (၇၇) ပုဒ် ပါဝင်ပါတယ်။
    __________________________

    🌳 ဘာသာပြန်သူ၏ အမှာစာ 🌳

    အလုပ်မှာ ပင်ပန်းလိုက်တာ၊ ပြန်ရောက်ရင်လဲ သေချာနားရတယ်လို့ကို မရှိဘူးဆိုတဲ့ စကားမျိုး ကျွန်တော့်ပတ်ဝန်းကျင်မှာ မကြာခဏ ကြားမိပါတယ်။ တကယ်တော့ အနားယူခြင်းကို တကယ်နားလည်ထားလား၊ တကယ်ရော အနားယူတတ်ရဲ့လား ဆိုတဲ့အချက်ကို ကျွန်တော်တို့ သေချာလေး စဉ်းစားကြည့်ဖို့ လိုတာပေါ့။ ရှင်သန်ရင်းနဲ့၊ အသက်ရှူရှိုက်နေရင်းနဲ့ အနားယူလို့ရတယ် ဆိုတာကို ကောင်းကောင်း သဘောမပေါက်ထားတော့ ကိုယ့်ကိုယ်ကိုယ် နားနေတယ်လို့ ထင်နေရင်တောင် စိတ်နဲ့ကိုယ်က တကယ် အနားမယူနေရတာမျိုးတွေ ကြုံနေကြရတာပေါ့။ တကယ်တော့ အမောတကော ဟောဟဲလိုက်နေရတဲ့ စိတ်တွေကို အနားပေးဖို့ အပန်းဖြေရိပ်မြုံလေးတွေကို တကူး တက ဖန်တီးနေဖို့ မလိုပါဘူး။

    ရပ်တန့်ဖို့ ခက်ခဲနေတတ်တဲ့ ဒီလူသားတွေအတွက် သစ်နတ်ဟန်က ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတွေကို How to Relax မှာ မျှဝေပေးခဲ့တာ ကျွန်တော် တွေ့မိတာကြောင့် ဖတ်ကြည့်ပြီး လက်တွေ့ကျင့်သုံးကြည့်တဲ့အခါ တကယ်အသုံးတည့်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် Mindfulness Essentials စီးရီးမှာ ကျွန်တော် တတိယမြောက်အနေနဲ့ How to Relax စာအုပ်ကို ဘာသာပြန်ဖြစ်ပါတယ်။ အစကတော့ ရှင်သန်ခြင်းတောအုပ်ထဲက အပန်းဖြေရိပ်မြုံလေးတွေလို့ ခေါင်းစဉ်ပေးမယ် တွေးခဲ့ပေမဲ့ အပန်းဖြေရာ အနားယူရာ ဆိုတဲ့ အခုပေးထားတဲ့ ခေါင်းစဉ်နဲ့ဆိုရင် ပိုပြီး အဆင်ပြေမယ် တွေးမိတာနဲ့ ဒါကိုပဲ ရွေးလိုက်ပါတယ်။ ခေါင်းစဉ်လဲ ပိုပြီး တိုသွားရှင်းသွားတာပေါ့။

    🌳 စာရေးသူအကြောင်း 🌳

    သစ်နတ်ဟန်က ကမ္ဘာကျော် စာရေးဆရာ၊ ကဗျာဆရာ၊ ဒဿနပညာရှင်နဲ့ ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါတယ်။ သူ တည်ထောင်ခဲ့ တဲ့ ပြင်သစ်နိုင်ငံက ဘုန်းတော်ကြီးကျောင်းမှာ အများဆုံး နေထိုင်ခဲ့ပါတယ်။ နယူးယော့ခ်တိုင်းမ် (New York Times) ရဲ့ အရောင်းရဆုံးတစ်အုပ် ဖြစ်တဲ့ “ဒေါသစိတ်” (Anger), ဂန္ထဝင်လက်ရာတစ်အုပ်ဖြစ်တဲ့ “သတိပဋ္ဌာန်ရဲ့ အာနိသင်“ (The Miracle of Mindfulness) နဲ့ အခြားစာအုပ်များစွာကို ရေးသားခဲ့ပါတယ်။ သစ်နတ်ဟန်ဟာ ကမ္ဘာတစ်ဝန်းမှာ လူထုအလုပ်ရုံ ဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ တရားစခန်းတွေကို ဦးစီးဦးဆောင် ပြုလုပ်ပေးခဲ့ပါ တယ်။ ၁၉၆၇ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အဆိုပြုခြင်းခံခဲ့ရပါတယ်။
    __________________________

    🌳 ဝင်လေထွက်လေနောက်ကို လိုက်ပါခြင်း 🌳

    သတိပဋ္ဌာန်နဲ့ အာရုံစူးစိုက်မှုကို တိုးပွားလာစေဖို့အတွက် ဝင်လေထွက်လေ သွားရာလမ်းကြောင်းအတိုင်း ဖြည်းဖြည်းငြိမ့်ငြိမ့်လေး လိုက်ပါသွားလိုက်ပါ။ ထိုင်နေရင်း ဝင်လေထွက်လေ ရှူရှိုက်ခြင်းကို ခြေရာကောက်ကြည့်တာက ရွှင်လန်းခြင်းတွေ၊ ပြေပျောက်ခြင်းတွေ အများကြီးကို ဆောင်ကြဉ်း ပေးနိုင်တာပေါ့။

    🌳 နေ့စဉ်ဘဝထဲက သတိပဋ္ဌာန် 🌳

    သတိပဋ္ဌာန်ဆိုတာ နေ့စဉ်ဘဝထဲက အခိုက်အတန့်တိုင်းကို လေးလေးနက်နက် ထိတွေ့ရင်းနဲ့ စဉ်ဆက်မပြတ် လေ့ကျင့်နေတာပါ။ အသိသတိရှိနေဖို့ဟာ ကိုယ့်စိတ်၊ ကိုယ့်ခန္ဓာနဲ့အတူ အမှန်တကယ် ရှိနေဖို့၊ ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ဟန်ချက်ညီနေစေဖို့၊ ကိုယ့်အနီးအနားက အရာတွေနဲ့ သဟာဇာတမျှစေဖို့ပါပဲ။ ဒီလိုလုပ်နိုင်ဖို့အတွက် နေ့စဉ်ဘဝထဲကနေ သီးသန့်အချိန်တစ်ခု ဖယ်ပေးထားဖို့တော့ မလိုပါဘူး။ မီးဖိုချောင်ထဲ၊ ရေချိုးခန်းထဲ၊ ဥယျာဉ်ထဲ ရှိနေတဲ့ နေ့တစ်နေ့ရဲ့ အခိုက်အတန့်တိုင်းနဲ့ တစ်နေရာကနေ တစ်နေရာကို သွားနေရင်းမှာ သတိပဋ္ဌာန်ကို လေ့ကျင့်နေလို့ ရတာပေါ့။ လမ်းလျှောက်တာ၊ ထိုင်တာ၊ အလုပ်လုပ်တာ၊ စားတာ စတဲ့ ကိုယ်လုပ်နေကျ အရာတွေကို လုပ်နေလိုက်နိုင်ပါတယ်။ ကိုယ်လုပ်နေတဲ့ အရာအပေါ် အသိသတိရှိတဲ့ စိတ်အသိကို ကပ်ထားရင်းနဲ့ပေါ့။ စိတ်ဟာ လုပ်ဆောင်ချက် အပြုအမူတွေနဲ့အတူ ရှိနေတာပါ။

    🌳 အနားယူနေတဲ့ အနေအထား 🌳

    သင့်အတွက် အနားယူလို့ အကောင်းဆုံး အနေအထားက ဘာပါလဲ။ လှဲလျောင်းနေမှပဲ အနားယူလို့ ရနိုင်တယ်လို့ တစ်ခါတလေ တွေးတတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တဲ့ထိုင်လျက် အနေအထားနဲ့ အနားယူနိုင်ပါတယ်။ သင့်အနေအထားက မတ်နေနိုင်တယ်၊ တောင့်တောင့်ကြီးတော့ မဟုတ်ဘူး။ ပခုံးတွေကို ဖြေလျှော့ထားလိုက်ပါ။ သင့်ခန္ဓာကိုယ်ဆီမှာ တင်းအားတွေ ရှိမနေဘဲ ထိုင်နေနိုင်တာကို မြင်ကြည့်လိုက်ပါ။

    🌳 အသက်ရှူလို့ ရတဲ့ အခန်းလေးတစ်နေရာ 🌳

    အိမ်မှာ အနားယူဖို့အတွက် သတ်မှတ်ထားတဲ့ နေရာလွတ်မျိုး ရှိပါသလား။ ဒီနေရာက ခပ်ကျယ်ကျယ် နေရာမျိုး ဖြစ်ဖို့တော့ မလိုပါဘူး။ (အိပ်ရာ မဟုတ်တဲ့) ထောင့်နေရာလေးတစ်ခု ဒါမှမဟုတ် ဝင်လေထွက်လေရှူဖို့နဲ့ အနားယူဖို့ ရည်ရွယ်သတ်မှတ်ထားတဲ့ အခန်းထဲက ဘယ်နေရာမဆို ဖြစ်နေနိုင်ပါတယ်။ ဒီနေရာက အစာစားဖို့၊ အိမ်စာလုပ်ဖို့၊ လျှော်ပြီးသား အဝတ်တွေ ခေါက်ဖို့၊ တစ်ခုခု ဆောက်ဖို့ နေရာတစ်ခု မဟုတ်ပါဘူး။ အစာစားဖို့၊ အိပ်ဖို့နဲ့ ရေချိုးဖို့ လုပ်ထားတဲ့ နေရာတစ်ခုလိုပဲ မရှိမဖြစ် အရေးပါတဲ့ နေရာတစ်ခုပါ။ အာရုံကြော အဖွဲ့အစည်းကို ဂရုစိုက်ပေးလို့ရမဲ့၊ ငြိမ်သက်ခြင်း၊ ငြိမ်းအေးခြင်းတွေကို ပြန်လည်ထိန်းသိမ်းပေးလို့ရမဲ့ နေရာသေးသေးလေးတစ်ခုကို ကျွန်တော်တို့ လိုအပ်တာပေါ့။

    🌳 လူသူဝေးရာ 🌳

    လူသူဝေးရာမှာနေတာက အနားယူနိုင်အောင် ကူညီပေးနိုင်ပါတယ်။ လူသူဝေးရာဆိုတာ ကိုယ့်ဘာသာ တစ်ယောက်တည်း နေဖို့၊ လူသားတွေနဲ့ ဝေးရာမှာ နေဖို့ ပြောတာ မဟုတ်ပါဘူး။ တကယ့် လူသူဝေးရာ ဆိုတာ လူစုကြောင့်၊ အတိတ်က သောကတွေကြောင့်၊ အနာဂတ်အတွက် စိုးရိမ်ပူပန်စရာတွေကြောင့်၊ လက်ရှိပစ္စုပ္ပန်က ပြင်းထန်တဲ့ စိတ်ခံစားမှုတွေကြောင့် သင်ဟာ သင့်ကိုယ်သင်နဲ့ ဝေးရာကို ရောက်မသွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အနေနဲ့ တည်ငြိမ်ခြင်းနဲ့ ငြိမ်းအေးခြင်းကို မဆုံးရှုံးရဘူး။ အသိသတိကပ်ပြီး ဝင်လေထွက်လေရှူရှိုက်ခြင်းဆီမှာ ခိုလှုံလိုက်ပြီး လက်ရှိအခိုက်အတန့်ဆီ ပြန်ရောက်လာတယ်၊ ကျွန်တော်တို့နဲ့အတူ ရှိနေတဲ့ ငြိမ်းအေးခြင်း ကျွန်းလေးဆီကို ပြန်ရောက်လာကြတယ်။ အချိန်တွေကို အခြားသူတွေနဲ့အတူ ခံစားကုန်ဆုံး ကြပေမဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုတွေဆီမှာ လမ်းပျောက်မနေကြပါဘူး။ ကျွန်တော်တို့ဟာ အလုပ်များတဲ့ ဈေးကွက်တစ်ခုမှာတောင် ပြုံးပြပြီး ကိုယ်ကိုယ်တိုင်ဆိုတဲ့ သီးခြားကျွန်းလေးမှာ နေထိုင်ရင်း ငြိမ်းငြိမ်းအေးအေးလေး အသက်ရှူလိုက်နိုင်တာပေါ့။

    🌳 ဝင်လေထွက်လေဆိုတာ တံတားတစ်ခုပါ 🌳

    ဝင်သက်ထွက်သက်ဆိုတာ ခန္ဓာကိုယ်နဲ့ စိတ်ကို ချိတ်ဆက်ပေးတဲ့ တံတားတစ်ခုလိုပါပဲ။ နေ့စဉ်ဘဝတွေမှာ စိတ်ကတစ်နေရာ၊ ကိုယ်ကတစ်နေရာ ရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ စိတ်က အတိတ် ဒါမှမဟုတ် အနာဂတ်ကို ရောက်နေမိတာမျိုးပေါ့။ ဒါကို အာရုံထွေပြားတဲ့ အခြေအနေလို့ ခေါ်ပါတယ်။ ဝင်သက်ထွက်သက်ဟာ ခန္ဓာကိုယ်နဲ့ စိတ်အကြားက ဆက်သွယ်မှုတစ်ခုပါ။ အသိသတိကပ်ပြီး ဝင်လေထွက်လေ ရှူရှိုက်လိုက်တဲ့အခါ စိတ်က ခန္ဓာကိုယ်ဆီ ပြန်ရောက်လာပါတယ်။ ကိုယ်နဲ့ စိတ်က တစ်သားတည်းဖြစ်နေတာကို သတိပြုမိလာနိုင်ပြီး လက်ရှိကာလမှာ အပြည့်အဝ ရှိနေလာနိုင်မှာ၊ အပြည့်အဝ ရှင်သန်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီအခိုက်အတန့်မှာပဲ သင်ဟာ ဘဝကို လေးလေးနက်နက် ထိတွေ့နိုင်တဲ့ အနေအထားမှာ ရှိနေနိုင်ပါလိမ့်မယ်။ ဒါက ခက်ခက်ခဲခဲ လုပ်ရတဲ့အရာ မဟုတ်ပါဘူး။ လူတိုင်း လုပ်နိုင်တာပေါ့။

    🌳 အနားယူရင်း ထိုင်လိုက်ပါ 🌳

    တီဗွီထိုင်ကြည့်နေတဲ့အခါ သင့်အနေနဲ့ ဘာကိုမှ အားစိုက်ထုတ်စရာ မလိုပါဘူး။ အဲဒါကြောင့် သင်ဟာ အဲဒီနေရာမှာ အကြာကြီး ထိုင်နေနိုင်တာပေါ့။ ထိုင်တရားမှတ်တဲ့အခါ ရုန်းကန်ကြိုးစားနေရတာမျိုးဆိုရင်တော့ ကြာကြာထိုင်နိုင်မှာ မဟုတ်ပါဘူး။ ဧည့်ခန်းထဲမှာ ထိုင်နေသလိုမျိုး တုပကြည့်ပါ။ အားစိုက်မှု ကင်းမဲ့ခြင်းက အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။ မတိုက်ခိုက်ပါနဲ့။ ခက်ခက်ခဲခဲ မကြိုးစားပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ထိုင်ခွင့်ပေးလိုက်ပါ။ ဒီလို ထိုင်ရင်း အနားယူနည်းကလဲ စိတ်ကို အနားရစေပါတယ်။ သင့်ခန္ဓာကိုယ်ကို အနားယူခွင့်ပေးပြီး သက်တောင့်သက်သာ ဖြစ်နေစေပါ။

    🌳🌳🌳🌳🌳

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ထက်ဘုန်းရှိန် စာအုပ်များ