ဇီးကွက်ချောင်းတံတားပေါ်မှ အဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး

( 15 မှတ်ချက်)

9000 (ကျပ်)

“စာရေးသားခြင်းအတတ်ပညာ၊အနုပညာ၊စသဖြင့် စာတတ်ပေတတ်ပညာရှင်တွေပြောတဲ့ အရာတွေ ကျွန်တော့မှာမရှိပါ။ ကျွန်တော့မှာရှိတာက ခံစားတတ်တဲ့ ရင်ဘတ်တစ်ခုမျှသာ” …. ပါပီယွန်၏ နှလုံးသားခံစားချက်များကို အလှပဆုံး ရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။သစ်ရွက်ခြောက်တွေ မြေဆွေးတွေ တစ်ပိုင်းတစ်စ ဖုံးလွှမ်းနေတဲ့ ဗုံတီးနေတဲ့ အစွန့်ပစ်ခံ အဝါရောင် ဝက်ဝံရုပ်အကျိုးအပဲ့လေးဖြစ်မလာခင် အခိုက်အတန့်ကာလလေးကို ဇာတ်ကောင်များနှင့်အတူ ခံစားသက်ဝင်ရင်းစီးမြောဖတ်ရှုနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

127 (Woodfree Paper)

စာအုပ်အရွယ်အစား

5.5 x 0.2 x 7.5 inches

ပုံနှိပ်မှတ်တမ်း

ဝိုင်းမော်၊ 2025 ဇန်နဝါရီလ (တ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

6.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 9000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

9 in stock (can be backordered)

ဇီးကွက်ချောင်းတံတားပေါ်မှ အဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး အား ဝေဖန်သုံးသပ်မှု 15 ရှိပါသည်။

  1. Thet Paing Htwe –

    ကျွန်တော်ဖတ်ခဲ့တဲ့ စာအုပ်များထဲမှာ ဒီပါပီယွန်လေးကတော့ ဖတ်ပီးသွားသည်အထိတိုင်အောင် ကျွန်တော်အသိစိတ်ထဲမှာရော မသိစိတ်ထဲမှာပါ စကားလုံးတစ်ချို့ကို ဆူးဆူးစိုက်စိုက်ချန်ထားခဲ့တဲ့စာအုပ်လေးတစ်အုပ်ပါ။
    ကိုယ်ကိုယ်တိုင်ကလည်းစိတ်ခံစားမှုအပြည့်ထည့်ပီးဖတ်ခဲ့တာမလို့ရင်ထဲတကယ်ထိခဲ့ရတဲ့စာအုပ်လေးပါ။
    ဒီစာအုပ်လေးကလက်ဆောင်အဖြစ်ချန်ထားပေးခဲ့တဲ့ စကားလုံးလေးကတော့ ကျွန်တော့်မှာချစ်ရမယ့်သူတစ်တစ်ယောက်ရှိလာခဲ့ရင် သူ့အပေါ်မှာ မလိုအပ်ဘဲ ဝေးကွာသွားဖို့ကိုအစပြုစေမယ့် မာနတစ်ချို့ကိုမထားတော့ပါဘူးဆိုတဲ့စကားလက်ဆောင်လေးဘဲဖြစ်ပါတယ်ခင်ဗျား။?

  2. Amara –

    ပါပီယွန်ရဲ့ စာအုပ်တွေထဲ နာမည်ရှည်ပြီး ဝေဒနာရှည်ရှည် ပေးခဲ့တဲ့ စာအုပ်လေး ၁ အုပ်ပါပဲ
    ၃ ပုံ ၂ ပုံဖတ်ပြီး ဇာတ်သိမ်းနားရောက်မှ စာဖတ်သူမိမိကိုယ်ကို သနားငဲ့ညှာသောအားဖြင့် ဆက်မဖတ်ဖြစ်တော့ပါ…
    ခံစားလို့ ဆွေးလို့ ကောင်းပြီး ရသမြောက်တဲ့ စာအုပ်လေး၁အုပ်ပါပဲ
    အရေးအသားတွေ စကားလုံးအသုံးအနှုန်းတွေကတော့ အထူးပြောစရာမလိုတော့ပါ…

  3. Myo Thazin Tun –

    #ဇီးကွက်ချောင်းတံတားပေါ်ကအဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး
    #ပါပီယွန်

    ဆောင်းနှောင်းကာလရဲ့ ညခင်းတစ်ခုမှာ သိပ်မထူလှ
    တဲ့ အနွေးထည်နှစ်ထည်ကိုဝတ်ရင်း စာကြည့်စားပွဲမှာထိုင်လို့ တစ်နာရီခွဲလောက် အချိန်ပေးပြီး ဒီစာအုပ်ကို ဖတ်ခဲ့တယ်။ ဖတ်ပြီးပြီးချင်းပဲ စာအုပ်နဲ့ပတ်သက်တဲ့ ကိုယ့်အမြင်တွေ၊ ခံစားချက်တွေအကြောင်း တစ်ယောက်ယောက်ကို ပြန်ပြီး ရင်ဖွင့်ပြောပြချင်တဲ့စိတ်ဖြစ်လာလို့ review မဟုတ်တဲ့ ဒီစာကိုရေးပါတယ်။

    စာအုပ်ရဲ့အစ ဖြောင့်ချက်မှာ စာရေးသူဝန်ခံထားသလို
    ဒီစာအုပ်ထဲက အကြောင်းအရာတွေဟာ တကယ်ပဲ
    ဘယ်သူ့ရဲ့ဖြစ်ရပ်မှန်တွေများလဲ။
    ဇာတ်ကြောင်းပြောပုံစံ ဇာတ်လမ်းက ဇာတ်ဝင်ခန်း
    တိုင်းဟာ ရှင်းခနဲ လင်းခနဲနေအောင် ပီပြင်လွန်းတော့ စာရေးသူကိုယ်တိုင်လားလို့တော့ သံသယဖြစ်မိပါရဲ့။

    ဇာတ်ကောင်နှစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းမှာ ဇာတ်လမ်းအကြောင်း ပြောပြနေတဲ့ ကျွန်တော်…

    ကျွန်တော်က အသက်ကြီးမှ(စာရေးသူအဆို အရွယ်လွန်မှ) နိုင်ငံခြားကျောင်းက အလယ်အလတ်အဆင့် တက္ကသိုလ်တစ်ခုမှာ ပညာလာသင်ရတဲ့ကျောင်းသား။ အဲဒီကျွန်တော်မှာ လူငယ်ဆန်တဲ့စရိုက်တွေ အများကြီးတွေ့ရတယ်။ စာဖတ်သူတစ်ယောက်အနေနဲ့ ခန့်မှန်းရသလောက် တဇွတ်ထိုးတဇောက်ကန်းနဲ့ သူမလုပ်ရဲတာ မရှိသလောက်ဖြစ်နေတဲ့ လူစားမျိုး။ စိတ်ကောင်းလေးရှိပေမယ့် ဂျစ်ကန်ကန် ပေတိပေစုတ်ပုံစံနေတတ်တဲ့သူမျိုး။ ကိုယ့်ကျောင်းလခ ကိုယ်ရှာတယ်။ အလုပ်မျိုးစုံ၊ ဘဝမျိုးစုံမှာလည်း ကျင်လည်ဖူးတယ်။

    ဒေါ်နန်းမေမေကြည်…

    သူကတော့ ၈နှစ်သမီးကတည်းက နိုင်ငံခြားမှာနေ၊ နိုင်ငံခြားကျောင်း တက်လာခဲ့တဲ့ ငယ်ရွယ်ထက်မြက်ပြီး သွက်လက်တဲ့ ပညာတတ်တစ်ယောက်။ အထက်တန်းအဆင့်တက္ကသိုလ်တွေကနေ ဘွဲ့ နှစ်ခုလောက် ရခဲ့ပြီးတဲ့ သိပ္ပံပညာရှင်တစ်ယောက်။ ပြောရရင် ခေတ်ပညာတတ်သလို ချစ်သူကိုလည်း အကောင်းဆုံးတွေချည်းပဲပေးချင်တဲ့ အမျိုးသမီးတစ်ယောက်။

    ဝေးကွာလှတဲ့ဆန့်ကျင်ဘက်အရာနှစ်ခု ပေါင်းဆုံသွား
    ကြတယ်ဆိုတာကို ဘယ်သူကယုံမှာလဲ။ ဒီလိုပဲ သည်လိုမတူညီတဲ့ အသိုက်အဝန်း၊ ခြားနားတဲ့ပတ်ဝန်းကျင်နဲ့ ကွာခြားလှတဲ့အဆင့်အတန်းတွေကြားက သူတို့နှစ်ယောက် ဆုံတွေ့ခဲ့ကြတယ်။
    သံယောဇဥ် ငြိတွယ်ခဲ့ကြတယ်။ ရန်ဖြစ်ခဲ့ကြသလို ပြန်ချစ်ခဲ့ကြတယ်။ အရက်မူးပြီး အော်ဟစ်ခဲ့ကြသလို ခွန်အားတွေလည်း အပြန်အလှန်ပေးခဲ့ကြတယ်။ ဒါပေမယ့် ချစ်သူနှစ်ဦးရဲ့ ကြည်နူးချမ်းမြေ့စရာနေ့ရက်တွေက စာမျက်နှာများများ မပါနိုင်တာကတော့ နှမျောစရာကောင်းတယ်လို့ဆိုရမယ်။

    ဂုဏ်ရည်ချင်းမျှပြီး ဘယ်သူဖြတ်ဖြတ်တို့မပြတ် လို့ကြွေးကြော်တဲ့ အတွဲတွေတောင် ပြတ်တဲ့သာဓကတွေ အများကြီးရှိခဲ့ဖူးတာပဲ။ ဆိုတော့ ဒီလိုဝါသနာလေးတချို့ကလွဲပြီး ဘာမှတူညီမှုမရှိတဲ့ အတွဲကရော ဘာသားနဲ့ထုထားကြတာမို့လို့လဲ။ သူတို့မှာလည်း
    မာနကိုယ်စီ၊ ယူဆချက်ကိုယ်စီ၊ ခြားနားမှုကိုယ်စီနဲ့လေ။
    ကဲလေ ထားပါတော့ ဆက်ရေးရင် ဇာတ်လမ်းဆုံးသွားဦးမယ်။

    ဒီစာအုပ်နဲ့ပတ်သက်လို့ ကိုယ်ခံစားမိတာတစ်ခု
    ရှိတယ်။ ဇာတ်လမ်းဇာတ်သွားပိုင်း ထူးဆန်းတာ
    ဘာတစ်ခုမှမပါဘူး။ ရှုပ်ထွေးပွေလီပြီး စိတ်ဝင်စား
    စရာကောင်းတဲ့ ဇာတ်အိမ်မျိုးလည်း ဖြစ်မနေဘူး။
    ဒီအတိုင်း စကားပြောကောင်းတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ နောက်ကြောင်းရာဇဝင် စားမြုံ့ပြန်ခြင်းကို နားထောင်နေရသလိုမျိုးပဲ။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက ဒီလိုဇာတ်လမ်းမျိုးကိုဖတ်ရင်း ကိုယ်တစ်ယောက်တည်း အသက်ပြင်းပြင်းရှူလိုက်၊ ဟူးခနဲ သက်ပြင်းချလိုက်၊ အဆုံးသတ်နားရောက်တော့ မျက်ရည်လေးဝဲလိုက် အမျိုးစုံကြိုးခုန်ခဲ့တာ ဘာလို့ရယ်အတိအကျမသိဘူး။

    နောက်ပြီးမချင့်မရဲဇာတ်သိမ်းကြီးကလည်း
    ကိုယ့်အတွက် ဗိုက်ပြည့်ပြီမှန်းသိပေမယ့် ကြက်ကြော်တွေ့လို့ ထပ်စားချင်နေတဲ့ ပါးစပ်လိုပဲ၊ ဘာကြီးမှန်းမသိဘူး ဟာတာတာနဲ့။ ဆက်ရန်ရှိသေးသည် ဆိုတာမျိုးကို မျှော်လင့်နေမိသလိုကြီး။

    #Myo

  4. အောင်မြင့်မြတ် –

    ပါပီယွန့်စာအုပ်တွေဟာ အခြားစာရေးဆရာတွေနဲ့မတူ တစ်မူထူးခြားတာတော့အမှန်ပဲဗျ။ ကျနော်ဆရာ့ရဲ့စာအုပ်စဖတ်တုန်းက ပါပီယွန်ဆိုတဲ့သူက တယ်နားလည်ရခက်တဲ့လူလို့ သတ်မှတ်ခဲ့တာအမှန်ပဲဗျ။ ဆရာ့စာအုပ်တွေဖတ်လေလေ ပါပီယွန်ဆိုတဲ့လူအကြောင်းပိုသိလာပြီး သူ့ကိုပိုနားလည်စပြုလာတယ်ပေါ့ဗျာ။ ယခုစာအုပ်လေးကလည်း ပါပီယွန့်ဘဝအစိတ်အပိုင်းတစ်ခုအကြောင်းကိုဖတ်ရတဲ့အလျှောက် ပေတေလေလွင့်ခဲ့တဲ့ ပါပီယွန်နဲ့ သူ့သူငယ်ချင်း အကြောင်းကိုသိလာတယ်။ ပါပီယွန့်ကိုလေးစားတယ်။ အားကျတယ်။ သူရင်ဆိုင်ခဲ့ရတဲ့အခက်ခဲမျိုးကြုံလာခဲ့ရင် ကိုယ်ဘယ်လိုရင်ဆိုင်ရမယ်ဆိုတဲ့အသိတရားမျိုးရတယ်။ အဲ့အတွက် ပါပီယွန်ဆိုတဲ့လူကိုကျေးဇူးတင်တယ်။ ပါပီယွန်အကြောင်းသိအောင်လုပ်ပေးတဲ့ ဆရာ့ကိုလည်းကျေးဇူးတင်တယ်။ အစဉ်လေးစားလျှက်…

  5. Aung Phyo Oo II –

    ဒီစာအုပ်လေးကို စဖတ်နေတဲ့အချိန်မှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ လေးနှစ်ကျော်တည်ဆောက်ထားခဲ့တဲ့ rs လေးတစ်ခု ပျက်စီးပြီးစအချိန်လေးပေါ့။ ကျွန်တော်တို့ နှစ်ယောက်လုံး ချစ်လျက်နဲ့ မာနတွေပြိုင်ပြီး ဝေးသွားကြတာလည်း တိုက်ဆိုင်နေမှုတစ်ခုပဲလား။ ဇာတ်ကောင် ကောင်လေးကို ပိုက်ဆံမသိအောင်ပေးခဲ့တဲ့အခန်းမှာ သူမကို ကျွန်တော် သတိရလိုက်တာ။ ဇာတ်ကောင်ရဲ့ ခံစားမှုတွေအားလုံးက ရင်ဘတ်ကြီး တင်းကျပ်လာအောင်အထိပဲ။ ဒီစာအုပ်နဲ့မှ ဆရာပါပီယွန်ကို စရင်းနှီးခဲ့တာပါ။
    စာအုပ်ပြီးသွားတဲ့အထိ ခံစားမှုတွေ အတွေးတွေ မရပ်တံခဲ့တဲ့ စာအုပ်လေးတစ်အုပ်မို့ ဖတ်စေချင်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပါပီယွန် စာအုပ်များ