တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ

( 2 မှတ်ချက်)

16000 (ကျပ်)

မြန်မာကိုယ်ရေးအတ္ထုပ္ပတ္တိလောကထဲ့၌ မားမားမတ်မတ်ရပ်တည်နေသည့် အတ္ထုပ္ပတ္တိကား “ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း” ဖြစ်လေသည်။ လောကဇာတ်ခုံပေါ်၌ လူတို့သည် ဇာတ်လမ်းမျိုးစုံကို ကပြကြရသည်ဆိုသည့်အကြောင်းကို “တစ်သက်တာမှတ်တမ်း” က ဖော်ပြနေသည်။ “တစ်သက်တာမှတ်တမ်း”၌ နိုင်ငံရေးလှုပ်ရှားမှုခေတ်ကို ဖော်ပြထားခြင်းမရှိသော်လည်း အတ္ထုပ္ပတ္တိရှင် ဖြတ်သန်းခဲ့ရသည့် ခေတ်၏ အခြေအနေကိုမူ ကျောထောက်နောက်ခံပြုထားသည်။ လူ့ဘ၀၌ အဆိုးနှင့်အကောင်း၊ အနိမ့်နှင့်အမြင့်၊ အရှုံးနှင့်အနိုင်ဟူ၍ ဆန့်ကျင်ဖက် ဘဘာ၀နှစ်ခုဒွန်တွဲလျက်ရှိရာ ရွှေဥဒေါင်းသည် သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ၌ ဆန့်ကျင်ဖက်သဘာ၀နှစ်မျိုးလုံးကို ရေးသားဖော်ပြထားသည်။ “တစ်သက်တာမှတ်တမ်း”၌ လောကလူတို့ သတ်မှတ်ထားသည့် မကောင်းမှုဒုစရိုက်များကို ကျူးလွန်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ အမှန်တရားကို သတ္တိရှိရှိနှင့် ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ နှိမ့်ချသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ မာန်မာနကြီးသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။  ထမင်းပြဿနာနှင့် ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ အောင်မြင်ကျော်ကြားနေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ဝမ်းရေးအတွက် ကျဘမ်းအရောင်းအဝယ်လုပ်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကိုယ်စားလှယ်ကြီးအဖြစ် နိုင်ငံခြားတိုင်းပြည်များသို့ လှည့်လှည်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ခေါက်ရှာငှက် ပျံသကဲ့သို့ လူ့ဘ၀၏ နိမ့်တုံ မြင့်တုံ လောကဓံသဘာ၀သည် ” တစ်သက်တာမှတ်တမ်း” ၌ ပေါ်နေပေသည်။ ရွှေဥဒေါင်းသည် မိမိပြုလုပ်ခဲ့သည့် အလုပ်များကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ ထုတ်ဖော်ရေးသားရာ၌ ရဲရင့်သူ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

(မြန်မာအတ္ထုပ္ပတ္တိသမိုင်းစာတမ်း / ပါရဂူ)မှ

စာမျက်နှာ

629

စာအုပ်အရွယ်အစား

7.2 x 1.8 x 10.5

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုအနုပညာ၊ 2021 နိုဝင်ဘာလ (စတုတ္ထ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.7.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 16000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

Out of stock

တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Lynn Maung

    “အခံရှိမှ အမှန်သိ” ဆိုတဲ့ စကားနဲ့အညီ ကျွန်တော်ကတော့ စာအုပ်စာပေတွေကပေးတဲ့ ဘဝဒဿနသင်ခန်းစာအခံမပါပဲ ရှေ့ဘဝခရီးကို လျှောက်လှမ်းဖို့ အတော်ခက်ခဲလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းကို ဖတ်ညွှန်းအဖြစ် ရွေးချယ်လိုက်ပါတယ်။ ဆရာကြီးရဲ့စာအုပ်ဟာ လူတိုင်းဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ဦးစွာပဏာမ ပြောကြားပါရစေ။ ဘာကြောင့် ဖတ်သင့်လဲဆိုတော့ ဆရာကြီးရဲ့စာအုပ်ဟာ သူ့ဘဝရဲ့ နောက်ခံဖြစ်ရပ်ဇာတ်ကြောင်းကို စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာနဲ့အညီ နောင်လာမဲ့ လူငယ်လက်သစ်တွေအတွက် ဘဝသင်ခန်းစာတွေကို တစ်ပုံတစ်ပင်ကြီးပေးစွမ်းနိုင်တဲ့ စာအုပ်လို့မြင်ပါတယ်။

    ခေတ်တွေအဆက်ဆက်ကို ဖြတ်သန်းလာပြီး၊ လောကဓံတရား အကောင်းရော အဆိုးပါ “စုံ” နေအောင် ဖြတ်သန်းခဲ့တဲ့ စာအုပ်ဖြစ်လို့ ကောင်းတဲ့သင်ခန်းတွေကို အတုယူလိုက်မယ်၊ ဆိုးတဲ့အရာတွေဆို ကိုယ့်ရဲ့ဉာဏ်အမြော်မြင်နဲ့ ချင့်ချိန်ပြီး လုပ်သင့်၊ မလုပ်သင့် တွေးတောလို့ ရှေ့ဘဝခရီးကို လျှောက်လှမ်းတဲ့အခါမှာ အသိအမြင်ကောင်း၊ အတွေးကောင်းတွေကို ပေးစွမ်းနိုင်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်လို့လည်း မြင်မိပါတယ်။

    “လူအမျိုးမျိုး ဘဝအထွေထွေ” လို့စာအုပ်တွေမှာ မကြာခဏ တွေ့ရ၊ မြင်ရဖူးပါတယ်။ လူတွေအကြောင်းကိုသိချင်ရင် စာအုပ်တွေ (အထူးသဖြင့် ယ္ခုကာလ) များများ ဖတ်ဖို့လိုပါတယ်။ လူအမျိုးမျိုး ဘဝအထွေထွေကို သိမြင်နားလည်နိုင်စေဖို့ အတ္ထုပ္ပတ္တိစာအုပ်ကောင်းတွေ ဖတ်ရှုခြင်းအားဖြင့် ကိုယ့်ရဲ့အချိန်တွေကို အကျိုးရှိရှိကုန်ဆုံးနိုင်ပါတယ်။ လူတွေအကြောင်း ကောင်းကောင်းသိမှ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေ ပိုအဆင်ပြေမယ်။ အတ္ထုပ္ပတိစာအုပ်ကောင်းတွေကို ဖတ်ရှုခြင်းအားဖြင့် လူတွေနဲ့ အပြောအဆိုပိုင်းမှာ ပိုလို့ချောမွေ့မယ်။

    “အပြောမတတ်ရင် ဆဲသလို” ဆိုတဲ့ စကားကို ရှေးလူကြီးတွေ မကြာခဏသုံးတာ ကြားဖူးပါတယ်။ စကားပြောလိမ္မာပါးနပ်စေဖို့ စကားပြောကောင်းတဲ့ စာအုပ်တွေကပဲ အထောက်အကူပြုနိုင်တာ မဟုတ်ပါဘူး။ အတ္ထုပ္ပတ္တိစာအုပ်ကောင်းတွေ ဖတ်ရှုခြင်းအားဖြင့်လည်း လူတွေရဲ့ အပြောအဆို စရိုက်သဘာဝကို သိနိုင်တာကြောငိ့ ယဥ်ကျေးလိမ္မာတဲ့ စကားပြောကောင်းသူတစ်ယောက်ဖြစ်အောင် အတ္ထုပ္ပတ္တိစာအုပ်ကောင်းတွေက ပေးစွမ်းနိုင်ပါတယ်။

    သူများထက် (ယဥ်ကျေးလိမ္မာသောနေရာတွင်) ခေါင်းတစ်လုံးပိုသာချင်တဲ့ လူတစ်ယောက်က ကိုယ့်ရဲ့ဘဝကို အဓိပ္ပာယ်ရှိရှိ အတွေးကောင်းတွေနဲ့ဖြတ်သန်းဖို့ ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းက လောကကြီးရဲ့ တစ်ထောင့် တစ်နေရာကနေ လူတွေကို အကျိုးပြုနေတဲ့ စာအုပ်ကောင်းကြီးတစ်အုပ်လို့ သုံးသပ်မိပါတယ်။

  2. Ei Khin Khin

    ဘ၀ကိုလျှောက်လှမ်းရာမှာ အမှားအတတ်နိုင်ဆုံးလျှော့ချဖို့ ရှေ့ကအတွေ့အကြုံရှိသူ လူကြီးသူမတွေရဲ့စကားကို လက်ကိုင်ထားရပါတယ်။ ခေါက်ရှာငှက်ပျံသလို နိမ့်တစ်ခါမြင့်တစ်လှည့်ဖြစ်ခဲ့တဲ့ ဆရာကြီးရဲ့ဘ၀ကို စိတ်ဝင်စားမိသလို လောကုတ်တရာပိုင်းဆိုင်ရာတွေလည်း ဆရာကြီးကိုယ်တွေ့နဲ့ယှဉ်ပြီး သုံးသပ်ထားတဲ့အတွက် ဒီစာအုပ်လေးကို နှစ်သက်မိပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ရွှေဥဒေါင်း စာအုပ်များ