မောင်၊ ကိုကိုနှင့် မြနန္ဒာ

( 4 မှတ်ချက်)

10000 (ကျပ်)

ကြည်အေး၏ နာမည်ကျော်ဝတ္ထုလုံးချင်းတစ်အုပ်ကို ဆဋ္ဌမ အကြိမ်အဖြစ် ပြန်လည်ရိုက်နှိပ်ထားခြင်းဖြစ်ပါသည်။ ၁၉၇၀၊ ဇွန်၊ ဇူလိုင် နှင့် ဩဂုတ် ရှုမဝမဂ္ဂဇင်းများတွင် ‘မောင့်နှမ မြနန္ဒာ’၊ ‘ မြနန္ဒာ ပြောချင်သေးသည်’၊ ‘ကိုကို့နှမ မြနန္ဒာ’ အမည်များဖြင့် သုံးလဆက်တိုက် ရေးဖွဲ့ခဲ့သော အခန်းဆက် ဝတ္ထုရှည်ဖြစ်သည်။ မိန်းမသားတစ်ဦး၏ အလှနှင့် တန်ဖိုးကို ချဉ်းကပ် သီဖွဲ့ထားသော ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဆရာမကြီး ကြည်အေး၏ အကောင်းဆုံးလက်ရာများတွင် တစ်ပုဒ်အပါအဝင်ဖြစ်ပါသည်။

စာမျက်နှာ

180

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ ၂၀၂၃ ဇွန်လ၊ (ဆဋ္ဌမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

22.11.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 9000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

14 in stock

မောင်၊ ကိုကိုနှင့် မြနန္ဒာ အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Wuthmone Phyu

    ဆရာမကြီးစာအုပ်တွေကို ဖတ်ပြီးရင်စိတ်ထဲ ခံစားချက်တစ်မျိုးမျိူးကျန်ရစ်ခဲ့တာချည်းပါပဲ။ ဒီစာအုပ်လည်း အဲ့ဒီလိုပါပဲ..။

    ပထမဆုံး သဘောအကျဆုံးကတော့ “ကဗျာ” တွေပါ။ ကဗျာတွေ အတော်များများ ကို ဖတ်ခွင့်ရလို့သဘောကျမိတဲ့အပြင် အရင်ကဖတ်ခဲ့ဖူးတဲ့ ကဗျာတွေ အများကြီးပါတဲ့ ဆရာမ ခင်ခင်ထူးရဲ့ပန်းကြာဝတ်မှုံ စာအုပ်တောင်ပြန်ဖတ်ချင်သွားမိပါတယ်..။

    ဒုတိယ အချက် သတိပြုမိတာကတော့ ..Parenting ပါပဲ.။ လိုလေသေးမရှိ မင်းသမီးလေးလို မွေးဖွားလာတဲ့..ပညာတတ်တဲ့ လှပတဲ့ အမျိုးသမီးလေးဟာ “မိန်းမဆိုတာ ဘလာ..ဘလာ..” ဆိုတဲ့ ပြုစုပျိုးထောင်မှု အောက်မှာ ကြီးပြင်းလာခဲ့ရတော့ ရုန်းထွက်သင့်တဲ့ အိမ်ထောင်ရေးကို ရုန်းမထွက်နိုင်သလို သူ့အသိုင်းအဝိုင်း ကလည်း အားမပေးဘူး လို့ မြင်မိပါတယ်..

    တတိယအချက် သဘောကျမိတဲ့ တယောက်ကတော့ ဒေါက်တာ ခင်အေးရီ ပါပဲ..မနာလိုဝန်တိုစိတ်ကင်းရှင်းတဲ့..မလိုအပ်တာတွေ မခံစားတဲ့..လက်တွေ့ဆန်တဲ့ ထက်မြက်တဲ့ အမျိုးသမီးတယောက်..ကျွန်မမှာ သမီးလေးတစ်ယောက် ရှိမယ်ဆိုရင်ဒေါက်တာခင်အေးရီလို ဖြစ်အောင်ပြုစုပျိုးထောင်ပေးမိမယ်ထင်ပါတယ်…

    နောက်ဆုံးအချက်ကတော့ တစ်ခါမှ နက်နက်နဲနဲ မစဉ်းစားဖူးတဲ့ “အချစ်” ဆိုတာကြီးကို နည်းနည်းပြန်စဉ်းစားမိသွားတယ်။နှစ်ပေါင်းများစွာနေလာခဲ့တဲ့ ဇနီးမောင်နှံ သံယောဇဉ်ရယ် ..စိတ်ထဲက ချစ်ပါတယ်ဆိုတဲ့ အချစ်စိတ်ရယ်..ကို ပထမဆုံးအကြိမ်အဖြစ် ချိန်ဆကြည့်ဖြစ်တယ်…တော်တော်ရှုပ်သွားတာနဲ့ ဆက်မတွေးဖြစ်တော့ဘူး ? ..မြနန္ဒာကတော့ပြောတယ် ကိုကို့ကို တကယ်ချစ်ရင် ခွင့်လွှတ်နိုင်မှာမဟုတ်ဘူးတဲ့..ကျွန်မကတော့ တကယ်ချစ်ချစ် မချစ်ချစ်ခွင့်မလွှတ်နိုင်လောက်ဘူး …

    ဘာပဲဖြစ်ဖြစ် တွေးစရာတွေ အများကြီးကျန်ရစ်ခဲ့စေတဲ့ စာအုပ်လေးပါ..

  2. Thet Naing Soe

    ဇာတ်ကောင်တွေခဏခဏပြောင်းဖတ်နေရတာ နားကိုမလည်ဘူး ခံစားလို့လည်းမကောင်းဘူး တခြားဇာတ်ကောင်တယောက်ရဲ့ ရင်ထဲကအတွေးတွေကိုလည်း ကိုယ်ပိုင်လိုမျိုး ရေးပစ်လိုက်တာကပါသေး စာအုပ်ဖတ်ရတာထက် ရုပ်ရှင်ကြည့်ရသလိုဖြစ်နေတယ် စာဖတ်သူက ဇာတ်ကောင်တိုင်းကို သရဲလိုဝင်ပူးဖတ်နေရတာ အဆင်မပြေဘူး

  3. ဉာဏ်လင်းထွန်း

    ဒါ ကျွန်တော် ဆရာမကြည်အေးရဲ့ ဝတ္ထုကို ပထဆုံးဖတ်ဖူးတာပါပဲ။ ဘာreviewမှလဲ မကြားဖူး၊ မဖတ်ဖူးပါဘူး၊ ဒီလိုပဲ ပေါ့ပေါ့ပါးပါးဖတ်မယ်ပေါ့။ အမှန်တိုင်းဝင်ခံရရင် စဖတ်ဖတ်ချင်း နားမလည်နိုင်ဘူး၊ ထပ်ခါထပ်ခါပြန်ဖတ်ရတယ်။ ဆရာကြီးရဲ့ အာဘော်ကို မဖတ်ဖူး၊ မမြင်ဖူးလို့ ဖတ်ရခက်ခဲတယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဖတ်ရင်းဖတ်ရင်း၊ တဖြည်းဖြည်း ဈာန်ဝင်လာပြီး လက်ကမချချင်အောင်ပဲ။ နီးစပ်ရာ စာပေချစ်သူအပေါင်းအသင်းတွေကိုလည်း ခဏခဏညွှန်းပေးတယ်။ တကယ်ပါ၊ အရင်စာပေခေတ်က လက်ရာမြောက်တဲ့ အရေးအသားတွေက အရမ်းတန်ဖိုးရှိတယ်လို့လည်း ခံစားလာရစေတယ်။ ဇာတ်ကောင်တစ်ခုစီတိုင်းကို ကိုယ်တိုင်ဝင်ခံစား သိမြင်ရတာကိုက အရသာတစ်ခု။ ပြင်ပလောကမှာဖြစ်ပျက်နေတာကို ဘေးကထိုင်ကြည့်နေရသလိုပဲ။ ကိုယ်တိုင်က ဂျာမန်စာလေ့လာနေတုန်းဖတ်မိတော့ တိုက်ဆိုင်တာလေးတွေလည်းပါတာပေါ့။ တကယ်ကောင်းပါတယ်၊ ရင်ထဲမှာ ဒီစာအုပ်လေးအကြောင်းတွေးမိတိုင်း အမြဲတစ်ခုခုခံစားရတယ်။ ကျွန်တော်အကြိုက်ဆုံးစာအုပ်တွေထဲက တစ်ခုအဖြစ်ရှိနေမှာပါ။

  4. Aeri Myat

    မွေးဖွားလာကတည်းက မြနန္ဒာရဲ့ ဘဝက ရွေးချယ်ခွင့်မရှိ၊အလှဆုံး ပန်းကလေးတစ်ပွင့်လို လူအများအမြင်မှာ ဖြစ်နေပေမယ့် တကယ်တမ်းကျ လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ငှက်ကလေးလို့ပဲ ခံစားမိတယ်။

    ကိုကို ဆိုသူကတော့ သူဟာမိန်းမတွေ ဘယ်လောက်ပွေပါစေ နောက်ဆုံးတော့ သူ့ရဲ့ မြနန္ဒာကိုပဲ ရွေးချယ်ပါတယ်တဲ့လေ…။အဲ့လို ပြောနေရင်း တခြားမိန်းကလေးတွေကိုလည်း လက်ထပ်ယူလိုက်သေးတယ်။အခြားသော ဇယားများစွာလည်း မကင်းတဲ့အပြင် သူလုပ်နေတာတွေဟာ ဖြစ်သင့်တယ်လို့ တွေးနေတဲ့သူမျိုးရယ်ပါ။

    လင်းထင်ကတော့ သဘောကျပါလျက် ဝေးဝေးကပဲ မျှော်လင့်မိသူမို့ အားမလို အားမရ ဖြစ်မိတယ်။

    မြနန္ဒာသာ သူ့ဘဝသူ ဆုံးဖြတ်နိုင်ခွင့်
    ရမယ်ဆိုရင် အခြေအနေတွေက တမျိုးတဖုံ ပြောင်းသွားလေမလားလို့ ထင်မိပါရဲ့။

    ကျွန်မကတော့ မြနန္ဒာကိုပဲ အသနားပိုနေမိတာရယ်။စိတ်ကို နေရာလပ်မရှိအောင် နေနိုင်ဖို့ ကြိုးစားရတာ သူ့ခမျာ ဘယ်လောက်များ ပင်ပန်းလိမ့်မလဲ။။ပြီးတော့ အိမ်ထောင်ဖက်အပေါ် ဘယ်သောအခါမှ သစ္စာမပျက်ယွင်းတဲ့အချက်လည်း သဘောကျမိတယ်။
    နောက်ပြီး ကိုကို နဲ့ နန္ဒာကို ပေါင်းစည်းလို့ မရစေတာမှာ စိတ်ချင်းမနီးစပ်နိုင်တာကလည်း အဓိကကျတယ်။စိတ်ချင်းဝေး၊တန်ဖိုးထားမှုတွေ မတူကြတဲ့ လူနှစ်ယောက်အတွက် ဖတ်ရတာ ရင်မောစရာလည်း ကောင်းတယ်။ဒါပေမယ့် ဖတ်ရတာ အများကြီး သဘောကျမိတဲ့ စာအုပ်လေးပါ။ညွှန်းစရာမလိုအောင်ကို ကောင်းတဲ့ စာအုပ်လေး ဖတ်ခွင့်ရလို့ ကျေနပ်မိပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကြည်အေး စာအုပ်များ