ခရေပင်လမ်းကလေး

( 2 မှတ်ချက်)

8500 (ကျပ်)

‘ကိုယ်က စကားတွေပြောနေချင်သောအချိန်မှာ နားထောင်ပေးမယ့်လူတစ်ယောက်ရှိနေတယ်ဆိုတာ ဘယ်လောက်ကောင်းသလဲ'(၂၀၀၀)ခုနှစ်စွန်းစကာလများမှစ၍ (၂၀၂၀)ပြည့်နှစ်မတိုင်မီအချိန်အထိ အချစ်၊ အလွမ်း၊ သံယောဇဥ်နှင့် မေတ္တာ ဇာတ်လမ်းလေးတစ်ပုဒ်။သူငယ်ချင်းမိန်းကလေးခြောက်ယောက်တို့၏ အဖြူအစိမ်းဘဝလေးမှ အလုပ်ခွင်ဝင်စအရွယ်အထိ အဖြစ်အပျက်များ။90’s kids များအတွက် အတိတ်ကိုပြန်တွေး၊ လွမ်းဆွေးတသ၊ မှန်းတသသဖြစ်စေမည့်ဇာတ်လမ်းကလေး။ တစ်ယောက်ယောက်ကိုချစ်ခင်တွယ်တာမိခြင်းတွေဟာ အသက်အရွယ်ကြီးလာတဲ့အခါ မှေးမှိန်ပျောက်ကွယ်သွားနိုင်သလား။တချို့တွေအတွက်တော့ အလွယ်တကူပျောက်ကွယ်သွားနိုင်ပေမဲ့ တချို့သော အစွဲအလမ်းကြီးသူတွေအတွက်တော့ အချစ်ဟာ မေ့ဖျောက်ပစ်ဖို့ရာမဖြစ်လာနိုင်တဲ့အခါ။နွမ်းခြောက်သွားပေမဲ့ ရနံ့ထင်ကျန်နေဆဲ ခရေပန်းလေးလိုပေါ့။ သူငယ်ချင်းတွေကြားထဲ၊ ချစ်ရသူတွေကြားထဲ…အချင်းချင်းထားတဲ့မေတ္တာတွေဟာ ဘယ်တော့မှ မနွမ်းခြောက်ဘူးလို့ ယူဆထားမယ်ဆိုရင်…ဒီခရေပင်လမ်းကလေးမှာ လျှောက်လှမ်းကြည့်စေချင်ပါရဲ့လေတယ်။

စာမျက်နှာ

359

စာအုပ်အရွယ်အစား

5.5×0.5×8 inches

ပုံနှိပ်မှတ်တမ်း

သုတေးစစ်၊ 2023 ဖေဖော်ဝါရီလ(ပထမအကြိမ်)

4 in stock

ခရေပင်လမ်းကလေး အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Thet Naing Aung

    📚အတိတ်နေ့ရက်တချို့ကို ” ခရေပင်လမ်းကလေး ” ကနေပြန်သွားကြမယ်။ အဲ့ဒီနေ့ရက်တွေဟာ ဘဝမှာပြန်မရနိုင်တော့တဲ့နေ့ရက်တွေလို့ ပြောလို့လည်းရမယ်ထင်ပါရဲ့။ အတိတ်နေ့တွေကို ဆွဲခေါ်သွားကြသူများကတော့ ကြာငုံ ၊ ချိုလဲ့ ၊ လွင် ၊ သင်းသန့် ၊ မွန်မွန် ၊ နွေဦး ဆိုတဲ့ သူငယ်ချင်းမလေးခြောက်ဦးပါ။

    📚 သူငယ်ချင်းခြောက်ဦးရဲ့ အထက်တန်းကျောင်းသူဘဝလေးတွေကို ရေးသီဖွဲ့ထားတဲ့ ဇာတ်လမ်းတပုဒ်ပါ။ ကျောင်းအတူသွား ၊ အတူစား ၊ အတူလည်ပတ်ခဲ့ကြတဲ့ ကျောင်းသားဘဝရဲ့နေ့ရက်တွေကို ပီပီပြင်ပြင်ရေးဖွဲ့ထားတော့ စာဖတ်သူကိုယ်တိုင်ပါ ကျောင်းပြန်တက်နေရသလို ပြန်ခံစားရ ၊ ငယ်သူငယ်ချင်းတွေကို ပြန်အောက်မေ့မိရတဲ့အထိပါပဲ။ စိတ်လှုပ်ရှားတတ် ၊ စိတ်ကစားတတ်တဲ့ အထက်တန်းကျောင်းသားအရွယ်တွေမို့ ငယ်ရွယ်စဉ်အချစ်နဲ့တွေ့ခဲ့တာလေးတွေပါဖတ်ကြရပါတယ်။ ဒီဝတ္တုထဲမှာ သူငယ်ချင်းခြောက်ဦးဆိုပေမယ့် ကြာငုံက အဓိကဇာတ်ကောင်ဖြစ်ပါတယ်။ ကြာငုံရဲ့ဘဝဇာတ်ကြောင်းလေးဟာသနားစဖွယ်ကောင်းတာတွေ့ရပါတယ်။ သူသိပ်ချစ်တဲ့ ချမ်းမြေ့ကိုတောင် ရင်နာစွာနဲ့ အဆက်သွယ်ဖြတ်ရတာဖတ်ရတော့ ကိုယ့်မှာစိတ်မကောင်းဖြစ်မိတာအမှန်။

    📚 ဒီစာအုပ်ဟာ ခေတ်တခုကိုပါ ထင်ဟပ်သွားအောင် ဓာတ်ဆီဆိုင်တွေမှာ ဆီထည့်ဖို့ တန်းစီခဲ့ရတာ ၊ PCO ဖုန်းတွေနဲ့ပြောခဲ့ရတာ ၊ ပြီးတော့ ကျောင်းကြီးပိတ်ခါနီးမှာ Auto စာအုပ်တွေမှာ ရေးခိုင်းကြတာတွေဟာ ငယ်ဘဝကို ပြန်လည်လွမ်းမောဖွယ်ပါပဲ ။ အဲ့ဒီကနေမှတဆင့် ခေတ်ပြောင်းလာတော့ Gtalk ကနေ Facebook စတင်အသုံးပြုလာကြတာ ၊ သိန်း ၅၀ တန်ကနေ ၅ သိန်းတန် Simcard တွေ ပေါ်လာတာတွေပါ ထည့်သွင်းရေးထားတာတွေ့ရပါတယ်။

    📚 ပြီးတော့ 2007 ရွှေဝါရောင်တော်လှန်ရေး ၊ 2008 နာဂစ် စတဲ့ တိုင်းပြည်ရဲ့ အခြေနေတွေကိုလည်း ဇာတ်လမ်းနဲ့လိုက်လျောညီထွေစွာ ထည့်သွင်းရေးထားတာလည်းတွေ့ရပါတယ် ။

    📚 ဒီစာအုပ်လေးဟာ သူငယ်ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာတွေအပါအဝင် အချစ်၊ အလွမ်း ၊ မေတ္တာ တွေပါ ခံစားရတဲ့စာအုပ်ဆိုလည်း မမှားပါဘူးလို့ ညွှန်းဆိုချင်မိပါတယ်။

  2. Swan Arr Kyaw Zan

    သူငယ်ချင်းခြောက်ယောက်တို့တစ်ဖွဲ့အကြောင်း (သို့မဟုတ်) ခရေပင်လမ်းကလေး

    အလယ်တန်းကျောင်းသူဘဝရဲ့ နောက်ဆုံးအချိန်ဖြစ်တဲ့ ရှစ်တန်း (အဋ္ဌမတန်း) တုန်းက သူငယ်ချင်းတွေဖြစ်လာခဲ့ကြတဲ့ ချိုလဲ့၊ သင်းသန့် (သင်းသန့်သန့်သူ) ၊ ကြာငုံ (ကြာငုံဖူး)၊ လွင် (မြကြည်ကြည်လွင်)၊ မွန်မွန်(ရည်မွန်အေး) ၊ နွေဦးမေတို့ သူငယ်ချင်း ခြောက်ယောက်တို့ရဲ့ ၁၂ နှစ်တာ ဖြတ်သန်းခဲ့သမျှ ခရီးရှည်ဇာတ်လမ်း။

    Teenage အရွယ် မတည်ငြိမ်မှုတွေကြားမှာ သူတို့တစ်တွေ လူမကွဲချင်လို့ မိမိကိုယ်ကိုယ်ထိန်းသိမ်းပြီး စာကြိုးစားခဲ့ရတဲ့ သူတို့ရဲ့ဘဝတွေ။ အထူးသဖြင့် သင်းသန့်နဲ့ ကြာငုံဖူးတို့ ပိုကြိုးစားခဲ့ရတာတွေ…..၊

    ကြာငုံဖူးနဲ့ ချမ်းမြေ့၊ လွင်နဲ့ လင်းဝေဦး၊ နွေဦးနဲ့ ထက်ပိုင် တို့ရဲ့ ဆက်ဆံရေးတွေ…..၊

    သူတို့ခြောက်ယောက်ထဲက တစ်ယောက်ချင်းစီရဲ့ ဘဝတွေ၊ လောကဓံအနိမ့်အမြင့်အတက်အကျပေါင်းစုံတွေ…..၊

    သူတို့ခြောက်ယောက်ရဲ့ ခံယူချက်အမြင်တွေ…..၊

    သူတို့ခြောက်ယောက်ရဲ့ စာနာနားလည်မှု၊ အချင်းချင်းစောင့်ရှောက်ခဲ့မှုတွေ၊ စည်းစည်းလုံးလုံးရှိခဲ့ကြတာတွေ…..၊

    သူတို့ခြောက်ယောက်ရဲ့ ရင်းရခဲ့တဲ့ သင်ခန်းစာတွေ…..၊ မေ့မရတဲ့ အမှတ်တရအချိန်လေးတွေ…..၊

    အဲ့ဒီ့ခေတ်က အင်တာနက်ဆိုင်ပေါ်မှာ သူတို့အဖြစ်အပျက်လေးတွေ…..၊

    အဲ့ဒီခေတ်က ခေတ်စားခဲ့တဲ့ အဆိုတော်တွေ…..၊

    အဲ့ဒီခေတ်က လှုပ်ခတ်လာတဲ့ သတင်းတွေ…..၊

    သူတို့ရောက်ခဲ့တဲ့ ခရေပင်လမ်းကလေးပေါ်က အမှတ်တရအဖြစ်အပျက်တွေ…..၊

    ခေတ်ကာလအပြောင်းအလဲတွေကြား ဖြစ်ပျက်နေတဲ့ သင်္ခါရတရားတွေ….၊ လူတို့ရဲ့ စိတ်ထားတွေ…..၊

    မိဘနှစ်ပါးပဋိပက္ခပြဿနာတွေကြားထဲက ကြာငုံရဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်ကောင်းတွေ…..၊

    အရေးအသားပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်လှုပ်ရှားစရာကောင်းပြီး အစမှအဆုံးအထိ လက်ကမချနိုင်အောင်ဆွဲခေါ်သွားမယ့် လောကဓံပေါင်းစုံ၊ ဘဝပေါင်းစုံ၊ သင်ခန်းစာပေါင်းစုံ၊ လွမ်းစရာ၊ ကြည်နူးအမှတ်ရစရာတွေ၊ စဉ်းစားတွေးတောစရာတွေနဲ့ပြည့်နှက်နေတဲ့ “ခရေပင် လမ်းကလေး” ဝတ္ထုဟာ သင့်ရဲ့ ငယ်ဘဝရောက်သလို ခံစားရမယ့်အပြင် မိတ်ဆွေသူငယ်ချင်းရဲ့ တန်ဖိုး၊ ပေါင်းသင်းဆက်ဆံရေး အရေးကြီးပုံတွေကို မီးမောင်းထိုးပြထားတဲ့ ဝတ္ထုဆိုလည်း မမှားဘူး။

    စစ်မှန်တဲ့ မိတ်ဆွေကောင်း သူငယ်ချင်းကောင်းဆိုတာ ဘာလဲလို့ သက်သေပြသွားတဲ့ ဝတ္ထုမို့ ထပ်ခါထပ်ခါဖတ်ရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ နောင်လည်း ထပ်ဖတ်မယ့် စာအုပ်ပါ။

    လူရယ်လို့ဖြစ်လာရင် ဒီဝတ္ထုကို မဖြစ်မနေ ကိုင်ဖတ်စေချင်တယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သုတေးစစ် စာအုပ်များ