"အဖေကို လုပ်ကျွေးတာ မင်းကုသိုလ်ရမှာပါ။ တစ်ခုတော့ သတိထားနော်။ ယာခင်းက အပြန်တို့ ဘာတို့မှာ အဖော်တွေနဲ့ ကွဲကျန်ခဲ့တာမျိုးတော့ မဖြစ်အောင် ဂရုစိုက်။ လူယုတ်မာဆိုတာက နှမအရွယ် တူမအရွယ်ရယ်လို့ ရှောင်မှာ မဟုတ်ဘူး"
ဒီတစ်ခေါက် ထော်ထော် ဖတ်ဖြစ်တဲ့ စာအုပ်ကတော့ စာရေးဆရာမ ဂျူးရဲ့ "ကြယ်ကြွေတို့ရဲ့ အတောင်ပံ" ဝတ္ထုစာအုပ်လေးပါ... အခုခေတ် နားမချမ်းသာဖွယ် ကြားနေရဆဲဖြစ်တဲ့ သက်ငယ်မုဒိမ်းမှုကို အခြေခံပြီး စာဖတ်သူရဲ့ သိချင်စိတ်ကို တစ်လွှာချင်းစီ တစ်စချင်းစီ လှစ်ဟပြနိုင်လောက်အောင် ရေးဖွဲ့ထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ... ဒီစာအုပ် ဖတ်ပြီးရင် ဂျူး ဆိုတဲ့ ကလောင်ရှင် အမျိုးသမီးဟာ ပေါပေါပဲပဲ ပြက်ရယ်ပြုချင်စရာ ကောင်းလှတဲ့ စာရေးဆရာမတစ်ယောက်ဆိုတဲ့ အမြင်မျိုးတွေ ပြောင်းသွားစေနိုင်ပါတယ်... ဒီစာအုပ်တစ်အုပ်တည်းနဲ့တင် စာရေးဆရာမ ဂျူးကို မြန်မာစာပေလောကရဲ့ တန်းမြင့် စာရေးဆရာမတစ်ယောက် (ဒါမှမဟုတ်) မြန်မာစာပေပညာရှင်များ အသိအမှတ်ပြုခံရတဲ့ စာရေးဆရာမတစ်ယောက်အဖြစ် သတ်မှတ်မယ်ဆိုရင် လွန်အံ့ မထင်ပါ...
ဒီစာအုပ်ထဲမှာ ငယ်အတိတ် အမည်းစက်တစ်ခုကြောင့် စိတ်ဝေဒနာ ခံစားနေရတဲ့ အမေ ဒေါ်နှငိးမှုန်၊ စိတ်ရောဂါကု ဆရာဝန်ကြီးမှ ရရှိလာတဲ့ အမေ့ပြောစကားထဲက သဲလွန်စလေးတွေကို တစ်စချင်းစီ ခြေရာကောက်ပြီး အမေသိပ်တွေ့ချင်တဲ့ အဘွားဖြစ်သူကို ရှာပုံတော်ဖွင့်ဖြစ်သွားတဲ့ သားဖြစ်သူ မင်းဥာဏ်၊ အဖော်နဲ့ ကွဲပြီး ယာတောကအပြန် အလိုမတူဘဲ မုဒိမ်းကျင့်ခံခဲ့ရပြီး ကိုယ်ဝန်ရသွားခဲ့တဲ့ ကောင်မလေး မနှင်းမှုန်၊ တရားခံကို လက်ဆုပ်လက်ကိုင် သိထားလျက်နဲ့ မိန်းကလေးရှင်ဘက်က အရှက်တကွဲ အကျိုးနည်းခဲ့ရပုံ (ညည အိမ်ရှေ့မှာ ကာလသားတချို့ရဲ့ ညစ်ကျယ်ကျယ် ပြက်လုံးထုတ်ပြီး တဟားဟား ရယ်ကြ၊ သားအမိ သုံးယောက်စလုံး အိမ်တွင်းပုန်းပြီး ဝမ်းနည်းအားငယ်ကြရ၊ တရားခံကတော့ သူမဟုတ်တဲ့အတိုင်း လွတ်လွတ်လပ်လပ် သွားလာရ၊ အမေ့ကို ဒီ့ထက်ပိုပြီး စိတ်ဒုက္ခမပေးချင်တော့တာကြောင့်မို့ ရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကိုယ်ဝန်သည် မနှင်းမှုန် စသည် စသည်ဖြင့် မနှင်းမှုန်ရဲ့ ငယ်ဘဝနဲ့ ကြီးဘဝကို တစ်လှည့်စီ တစ်လှည့်စီ ရေးသားဖွဲ့သီထားပါတယ်...
ကိုယ်ဝန်သည် မနှင်းမှုန် ရွာကို ထွက်ပြေးပြီး ဘယ်ကို ရောက်သွားမလဲ၊ ရလာတဲ့ ကလေးကို ဘယ်လိုပြု စုမလဲ၊ မနှင်းမှုန်ကို စော်ကားသွားတာ ဘယ်သူလဲ၊ မနှင်းမှုန်ကို ချစ်နေတဲ့ ကိုအေးညိုများလား၊ နှစ်သုံးဆယ်နီးပါး အမေ့ကို အဆက်အသွယ်ဖြတ်ထားတဲ့ မနှင်းမှုန်တစ်ယောက် သူသိပ်တွေ့ချင်တဲ့ သူ့အမေကိုကော တွေ့ခွင့် ရပါ့မလား၊ မင်းဥာဏ်ကော သူ့အမေကို အလိုမတူဘဲ စော်ကားခဲ့တဲ့ အဖေလုပ်သူကို လက်သင့် ခံနိုင်ပါ့မလား၊ သားအဖနှစ်ယောက် ဘယ်လိုပုံစံနဲ့ တွေ့ဆုံကြမလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့အတူ ရင်တလှိုက်လှိုက် ဖတ်ရှုခွင့် ရကြမှာပါ...
ဒီစာအုပ် ဖတ်ပြီး စဉ်းစားမိတာက တစ်ခုကတော့ သက်ငယ်မုဒိမ်းမှုကြောင့် မိန်းကလေးရှင်ဘက်က အရှက်ကွဲအကျိုးနည်းရမှုတွေကိုပါ... စော်ကားခံရသူက ခေါင်းငုံ့ငိုရှိုက်နေရတဲ့အချိန်မှာ စော်ကားတဲ့သူက မျက်နှာကြော့မော့နေတာမျိုးကတော့ အခုလို ပွင့်လင်းမြင်သာတဲ့ ကာလမှာ ဒီအဖြစ်မျိုး မဖြစ်သင့်တော့ပါဘူး... စော်ကားခံရသူတွေ အများစုကလည်း အရှက်ရမှာစိုးလို့ ရုံးရောက်ဂါတ်ရောက် တိုင်ရတောရတာမျိုးတွေ မလုပ်ကြတော့ တစ်ဖက် မုဒိမ်းကောင်ကို အတင့်ရဲရာ အားပေးအားမြောက်ပြုရာ ရောက်လာစေပါတယ်... စော်ကားတဲ့သူကသာ ရှက်စရာအကောင်းဆုံးပဲလို့ နှလုံးသွင်းပြီး တရားစွဲဆိုကြမယ်၊ မုဒိမ်းမှုကို ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ချမှတ်ပေးနိုင်မယ်ဆိုရင်ဘယ်လောက်ကောင်းလိမ့်မလဲဆိုတာ စဉ်းစားမိပါတယ်... တစ်ဖက်မှာလည်း စော်ကားခံရတဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေ တိုးတက်ကောင်းမွန်လာဖို့အတွက် စိတ်ကျန်မာရေးဆရာဝန်များနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ သေသေချာချာ ကုစားဖို့လည်း လိုနေပြန်ပါတယ်... ဒီလိုနဲ့ ကံမကောင်းလှစွာဘဲ ကိုယ်ဝန်ရသွားရင်ရော ဒီကိုယ်ဝန်ကို ဖျက်ချမလား မွေးဖွားမလား ဆိုတာတွေကို ဆွဲဆန့်ပြီး တွေးကြည့်မယ်ဆိုရင် ရင်မောစရာ ကောင်းပါတယ်...
ယခုစာအုပ်ကို ဂျူးစာပေမှ ၂၀၀၇ ခုနစ်၊ မတ်လမှာ ပထမအကြိမ်အဖြစ် ထုတ်ဝေထားပေးပြီး စာအုပ်တန်ဖိုး ၂၀၀၀ ကျပ် (ယခုဈေး ၂၅၀၀ ကျပ်) ဖြင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်အရောင်းဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ် ခင်ဗျာ...
Htaw Oo