စာအုပ်အကြောင်း မပြောခင် စာရေးသူ ဆရာငဒိန်း အကြောင်း အရင်ပြောချင်ပါရဲ့။ စာရေးသူ ငဒိန်း အကြောင်းပြောရမယ်ဆို ရွှေအမြူတေက မပါမဖြစ် ဖြစ်ရပြန်တယ်။ ကိုယ် နဲ့ ကလောင်ရှင် ငဒိန်း ရဲ့ ဆုံမှတ်က ရွှေအမြူတေမို့ပါ။
လစဥ်ထုတ် ရွှေကို ဝယ်ပြီးတာနဲ့ အရင်ဆုံး လှန်ကြော ကြည့်မိတဲ့ ကဏ္ဏက ရွှေ အသစ်ပါ။ အားကျခြင်းတဝက် ဂုဏ်ယူခြင်း တခြမ်း နဲ့ ရွှေကလောင်တွေရဲ့ လက်ရာကို စောင့်စားဖတ်ရှု ခဲ့ရတာ ရင်ခုန်စရာ။
ငဒိန်း ဆိုတဲ့ကလောင်အမည်ကို တွေ့ရတော့ ဒိန်းခနဲ ဖြစ်သွားရပါတယ်။ ပထမဆုံးသတိထားမိတာ ရွှေအသစ်မှာ ပါဝင်ခဲ့တဲ့ "လှိုင်းပေါ်ကလူ လူပေါ်ကလှိုင်း" ဝတ္ထုတိုပါ။ ဇာတ်ကောင်တွေနဲ့အတူ သဘော် ကြီးထဲမှာ ဝင်ရောက်ရင်း အသက်ရှု ကြပ်မိလျက်သား ဖြစ်သွား ခဲ့ရတဲ့ ဝတ္ထုပါ။ "ချစ်ခြင်းရဲ့ လိပ်ပြာ" မှာတော့ အမျိုးသမီးတစ်ဦး ရဲ့ ခံစားချက်ကို လှစ်ခနဲ တွေ့လိုက်ရပါတယ်။ သူ့ကို သည် နှစ်ပုဒ်နဲ့တင် ရွှေ ဝတ္ထု ကဏ္ဏ မှာ ဆက်လက် ပါဝင်နိုင်စေဖို့ အကြိမ်ကြိမ် ဆန္ဒ ပြုနေမိတာပါ။
မကြာပါဘူး။ "မြစ်ရဲ့ရိုးရာ" နဲ့ ကိုယ့်ဘဝင် ကို ခိုက်စေခဲ့ပါတယ်။ မှတ်မှတ်ရရ ဆိုရရင်" မြစ်ရဲ့ရိုးရာ" က မျက်လုံးမမြင်ရတဲ့ အခိုက်အတန့် ကာလမှာ
အမေက အနားထိုင်ရင်း ဖတ်ပြတာကို ခံစားခဲ့ရတဲ့ ဝတ္ထုလေးပါ။ ဝတ္ထုထဲက သက်ကြီးဇနီးမောင်နှံ ၂ ဦးရဲ့ ပုံရိပ်ကို အမှောင်ကျနေတဲ့ စက္ခုထဲမှာ အလင်းသား မြင်ရရင်း သမီးဖြစ်သူကို ကျိန်ဆဲခဲ့မိပါတယ်။လေတိုးလိုက်တိုင်း လှုပ်ယိမ်းနေတဲ့ ပြောင်းဖူးခင်းကို မျက်စိထဲ မြင်ယောင်ရင်း မိဘများရဲ့ မခမ်းနိုင်တဲ့ မေတ္တာကို မှန်းဆမိခဲ့ရတဲ့ ဝတ္ထုလေးပါ။
"သည်လှိုင်း သည်လှေ သည်လူတွေ" ကတော့ ဝတ္ထုရှည်အဖြစ်နဲ့ ရွှေမှာပါဝင်ရင်း ကိုယ့်ရဲ့ အားကျခြင်း တလှေကြီး ထွားခဲ့ရတဲ့ ဝတ္ထုဆိုပါတော့။
အခုတော့ စွဲငြိခဲ့ရတဲ့ ဝတ္ထုတိုလေးတွေ ပါဝင်တဲ့ ဆရာငဒိန်း ရဲ့ အတိုစုလေး ထွက်ရှိလာတာ ဝမ်းသာမိပါတယ်။
ဝတ္ထုတိုပေါင်း ၁၅ ပုဒ်ပါဝင်ရမှာ သဘော်သားဘဝ နောက်ခံ ဝတ္ထုတိုက (၆) ပုဒ်ဖြစ်ပြီး ကျန်ရှိတဲ့ အတိုများကတော့ အခြားဘဝ နောက်ခံ များကို သီကုံးထားပါတယ်။ အနှစ်သက်ဆုံး အချို့ကို ကောက်နှုတ်လို့ မုဒိတာ ပွားရင်း မေတ္တာအရင်းခံ နဲ့ ဖတ်ဖို့လက်တို့လိုက်ချင်ရဲ့။
သဘော်သားတွေရဲ့ ဘဝ ကို အကြောင်းအရာလုပ် ဖန်တီး ရေးဖွဲ့ ထားသမျှထဲမှာ " ငါးစီးပို့တ်က အသံ" က ရင်ဘတ်ကို အထိဆုံးပါ။ တနယ်တကျေးမှာ ရုန်းကန်လှုပ်ရှား ကြရရှာတဲ့ နိုင်ငံသားတူသူအချင်းချင်း ခံယူချက် ကွဲပြားစွာ အသက်ရှင်ပုံ၊ ရိုင်းပင်းကူညီပုံ နဲ့ ဆက်ဆံပုံတွေကို ဖတ်ရတာ ရင်ထဲ မကောင်းလှပါဘူး။ သူစိမ်းမြေမှာ အချင်းချင်းမို့ အားကိုးမလားဆို နောက်ကျောကို ဓါးနဲ့ထိုးတတ်တဲ့ ဇာတ်တူသားတွေ နဲ့ ယှဥ်တွဲနေထိုင်ဖူးသူမို့ သည်ဇာတ်လမ်းက ပေးတဲ့ ရသက ကိုယ့်အတွက် အပြည့်အဝ ဖမ်းဆုပ်မိခဲ့ရပါတယ်။ အဆိုးကြားထဲမှာပဲ အကောင်းတွေ ရှိတတ်တဲ့ သဘာဝကို ပါပါးလေး ထည့်ရေးပြသွားတော့ တနယ်တကျေးက ကိုယ့်ရဲ့ရဲဘော်ရဲဘက်တွေကို သတိရမိပါရဲ့။
"သောက်တော်အိုးရယ်တဲ့ အို...မကွာ" ဖတ်ရတော့ လူတွေရဲ့ချစ်စရာ စွဲလမ်းမှုလေးတွေကို ပိုက်ထွေးမိရပါတယ်။ အဖိုးအိုရဲံ အစွဲကို ရင်ထဲကနေ နွေးနေအောင် ကိုယ်ချင်းစာပေးမိပါတယ်။ တန်ဖိုးမရှိပေမယ့် မလဲပစ်နိုင်တဲ့ အမှတ်တရာတွေ ဂျိုးကပ်နေမယ့် အဘိုးအိုရဲ့ ခရားအိုး အိုအိုကို ပုံဖော်ရင် ကိုယ်တွယ်တာမိတဲ့ အချို့သော အဟောင်းအနွမ်းလေးများကို သတိရမိပါရဲ့။
စာရေးခြင်း ဆိုတဲ့ ဖန်တီးမှုမှာ စျာန်ဝင်စားခြင်းက အဘယ်မျှ အရေးပါ နက်နဲကြောင်းကို တို့ထိခွင့် ရခဲ့တာကတော့ " ခုလိုက်တဲ့တုံးဟာ အငိုမျက်လုံး မပြုံးသာ" ဆိုတဲ့ ဝတ္ထုတိုမှာပါ။ အမျိုးသား တစ်ဦးရဲ့ အားထုတ်မှုက နားမလည်သူတွေအတွက်ဆို ရှုံချစရာကောင်းနေတတ်ပါတယ်။ အားထုတ်မှုတစ်ခုကို အချိန်မှီ အပြီးသပ်နိုင်ဖို့ ကြိုးစားရင်း အမှတ်မထင်ပြုမိတဲ့ အမူအရာက ကိုယ့်ရဲ့ရင်သွေးငယ်ကို ဝမ်းနည်းစေတတ်ပြန်ပါတယ်။ ဖခင်တစ်ဖြစ်လဲ ခင်ပွန်းသည် တစ်ဦးရဲ့ အပူကို အငှားဝင်ခံစားမိရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ။
ဆရာငဒိန်းရဲ့ ရေးဟန်တွေက "ရေးတတ်ရင် ဝတ္ထုဖြစ်တယ်" ဆိုတဲ့ စကားလေးကို ပြန်ပြောင်း ကြားယောင်စေပါတယ်။ တချို့ အတိုလေးတွေက အရှည်တွေထဲက ဇတ်ခနဲ ခွဲထွက်လာပြီး တခန်းရပ် အပြလေးတွေအဖြစ်နဲ့ စိတ်ကို ဖြေဖျော် ၊ အသိကို ထွန်းလင်းစသလိုပါပဲ။
မဝေးတဲ့ကာလမှာ လုံးချင်းလေးတွေကိုလည်း စာဖတိသူတွေ လက်ထဲ ထည့်ပေးနိုင်ဖို့ မျှောလင့်မိပါတယ်။
အာရုံညောင်းတဲ့ ကာလမှာ အတိုစုလေးတွေနဲ့ စိတ်ဓါတ်အင်အားပေးလေတဲ့ ဆရာသမားတိုင်းကို ကျေးဇူးတင်မိပါရဲ့။ ဘေးကင်းရန်ကွာလို့ ဖန်တီးမှုအသစ်တွေ ဆက်လက် လုပ်ဆောင်နိုင်ကြပါစေ။