စာရေးသူ ကိတ်မုန့်ကို စတင် သတိထားမိတာ ရွှေအမြူတေ မှာ ပါတဲ့ " ပန်" ဆိုတဲ့ ဝတ္ထုတိုမှာပါ။ ကွဲထွက်နေတဲ့ အတွေး၊ ဆန်းသစ်တဲ့ တင်ဆက်မှု နဲ့ မတူညီ တဲ့ ရှုထောင့်ကနေ ရေးပြထားတဲ့ "ပန်" ကို ဖတ်ရတော့ "ခြေစွပ်တဖက်" ကိုပါ လိုက်ရှာ ဖတ်မိခဲ့ပါတယ်။ အဲ့အခါက အူလည်လည် ဖြစ်ရတဲ့ အချို့အချက်တွေကို သည် စာအုပ်ဖတ်မှ နားလည်ရပါတော့တယ်။
ဆရာကိတ်မုန့်အနေနဲ့ သည် စာအုပ်က တတိယမြောက် လုံးချင်းပါ။ ရှေ့မှာ ထွက်ခဲ့တဲ့ " ကျွန်မ နာမည် ခင်မေသိန်း" နဲ့ " ချစ်သော" တို့က တမျိုးတမည် ဆန်းသစ်တဲ့ တင်ဆက်ရေးသားမှုမျိုးပါ။ " ချစ်သော" က ဆွတ်ပျံ့ကြည်နူးဖွယ် ဇာတ်လမ်းဖြစ်ပေမဲ့ အဓိက ဇာတ်ဆောင်တွေက ပြင်ပက သရုပ်မှန်တွေနဲ့ ချိန်ထိုးကြည့်ရင် စိတ်ကူးယဥ် ဇာတ်လမ်းသက်သက် ဖြစ်သွားရတာ သမျောစရာပါ။ ( ကိုယ်ပိုင်အတွေးမို့ ပြင်းထန်တဲ့စကားလုံးများအတွက် တောင်းပန်ပါတယ်.. စကားချပ်) ဒါပေမဲ့ ရွှေမောင်း၊ ရှမ်းလေးနဲ့ နော်ခူကိုတော့အမြဲ အမှတ်ရနေမှာပါ။
တတိယမြောက် အားထုတ်မှုဖြစ်တဲ့ "ရန်ကုန်တွင်...." ကတော့ စာရေးသူရဲ့ နှစ်ပေါင်းများစွာ သိုသိပ်ထားတဲ့ ရင်တွင်း အမြူတေကို ဖွင့်ချပြထားသလိုပါပဲ။ ဆယ်စုနှစ် တစ်ခုစာ ပျော်စရာ၊ ကြည်နူးစရာ၊ ကျေနပ်စရာ၊ အံကြိတ်စရာ၊ ဝမ်းနည်းစရာ၊ လွင့်ပျောက်ချင်စရာ ခံစားချက်တွေကို တစုတည်း ဖတ်ရသလို ခံစားရပါတယ်။ ဇာတ်ကောင်များစွာ ပါဝင်ပြီး ပါဝင်ဇာတ်ကောင်တွေကို သူ့နေရာနဲ့သူ လူသားဆန်စေခဲ့တဲ့အတွက် ဖတ်ရတာ အင်မတန် အားရမိပါတယ်။ အထူးသဖြင့် LGBT များရဲ့ အတွင်းမနော၊ ရင်တွင်းခံစားချက်နဲ့ လှုပ်ရှားရပ်တည် ပုံတွေကို အသေးစိတ် လေ့လာ ခွင့် ရခဲ့ပါတယ်။ သူတို့တွေ သာမက သူတို့နဲ့ ဆက်နွယ်သူတွေရဲ့ ရုန်းကန်တည်ဆောက် ပုံတွေကို ထဲထဲ ဝင်ဝင် စေ့ငုခွင့်ရရင်း ရန်ကုန်မှာ သေဆုံးစေနိုင်တဲ့ နည်းလမ်းပေါင်းများစွာက သိက္ခာကိုလား၊ ဘဝတွေကိုလား၊ အသက်ခန္ဓာကိုယ် ကိုလား ဆိုတာ တွေးဆ မိရပါတယ်။
အထူးသဖြင့် ကျွန်တော်တို့အားလုံး မေ့လုမေ့ခင် ဖြစ်နေတဲ့ ကလေးငယ်လေး ဓါတ်လိုက်သေဆုံးမှုကို ဇာတ်ကွက်အနေနဲ့ ထည့်သွင်းရေးပြထားတာ အထူး ကျေးဇူးတင်ရပါတယ်။ ထို့အတူ ထောင်တွင်းက စုပ်သပ်စရာဖြစ်တဲ့ နိုင်လိုမင်းထက် ပြုပုံများကို ရေးပြထားပုံတွေက အတော့်ကို ပိရိသပ်ရပ်ပါတယ်။ သဘော်ပေါ်က သက်တန့်ပွဲကို အသေအချာ ထည့်သွင်းရေးပြထားတော့ အွန်လိုင်းမှာ ရုပ်သေကားချပ်အဖြစ်နဲ့ပဲ မြင်ခဲ့ဖူးတဲ့ အဖြစ်အပျက်ကို အာရုံဖြန့်ကျက်ခွင့် ရခဲ့ပါတယ်။ ဇာတ်ကောင် လီလီ နဲ့ သူသူတို့ အပြိုင်ကြဲကြတဲ့ အကပြိုင်ပွဲ ဇာတ်ကွက်တွေကို ဖတ်ရချိန်မှာ မြင်ကွင်းတခုကို လွမ်းမိသလိုပါပဲ။ အတော်ဝေးကွာခဲ့ပြီဖြစ်တဲ့ နှစ်အနည်းငယ်က တွေ့ခဲ့ဖူးတဲ့ သခင်မြ ပန်းခြံ မြက်ခင်းပေါ်က ပိတ်ကားချပ်ကြီးနဲ့ ငြိမ်းချမ်းမှု အပြည့်နဲ့အရွယ်စုံ လူတွေကိုပါ။
ဇာတ်ကောင် လီလီ ဟာ လောကကြီးမှာ လူစား နှစ်မျိုးပဲ ရှိကြောင်း သရုပ်ဖော်သွားတယ်လို့ ခံစားမိပါတယ်။ လောကကြီးမှာ ယောက်ျား၊ မိန်းမ ၊ LGBT စသည်ဖြင့် မခွဲခြားပဲ ကြည့်လိုက်ရင် လူတွေလို့သာ မြင်လာမှာဖြစ်ပြီး လူတွေမှာ လူဆိုးနဲ့လူကောင်း သည် နှစ်မျိုးထဲပါပဲ ဆိုတာပါ။
ပြောစရာဆိုလို့ စာလုံးပေါင်း နဲ့ ခွဲထားလေးတွေ လွဲ နေသေးတာပါ။ အရင် စာအုပ်တွေနဲ့ ယှဥ်ကြည့်မယ် ဆိုရင်တော့ အတော့်ကိုတော့ နည်းသွားပါပြီ။ စာလုံးပေါင်း သတ်ပုံလေးတွေ လွဲတာက ပန်းဆက်လမ်းရဲ့ tradmark လေးပါပဲလို့ ချစ်တဲ့စိတ်နဲ့ သဘောပိုက်လိုက်ရပါရဲ့။
တခုတော့ မဖြစ်မနေပြောချင်ပါတယ်။ စာ ၁၃၅ မှာပါတဲ့ "ပူစီ ရနံ့သင်းသော မိုဂျီတို" ဆိုတာကိုပါ။ ဖန်တီးသူက ပူစီနံ ရနံ့ လို့ ရေးပြချင်တယ်လို့ ယူဆပါတယ်။ Mojito က rum base cocktail ကိုမှ sweet n sour flavour အချိုးကျ ပေါင်းစပ်ထားပြီး soda အုပ်လို့ ပူစီနံ အရွက် နဲ့ freshness ရအောင် ဖန်တီး ထားတာပါ။ အရမ်းသောက်လို့ ကောင်းပါတယ်။ ပူစီနံ အရွက်ရဲ့ ရနံ့သင်းသင်းလေးနဲ့မို့ ကိုယ်အကြိုက်ဆုံးဖြစ်တဲ့ cocktail ကို "ပူစီရနံ့ သင်းသော"လို့ ဖတ်လိုက်ရတာ ဖီးလ်တော့ အတော် ငုပ်သွားမိပါတယ် ။
ပသို့ဆိုစေ။ ကိုယ့်ရဲ့ လတ်ဆတ် တဲ့ အမှတ်တရ အတော် များများ ရှိခဲ့ရာ၂၀၁၃...၂၀၁၄ ဝန်းကျင်ကို ပြန်လည် တမ်းတငေးမောခွင့် ရခဲ့တဲ့ ဆရာကိတ်မုန့်ရဲ့ " ရန်ကုန်တွင်...." ကို ကျေးဇူးအများကြီး တင်မိပါတယ်။