အလင်းရောင်ဆိုလို့ တစ်စက်ကလေးတောင်မရှိတဲ့ အခန်းကျဉ်းလေးထဲမှာ အတွေးပေါင်းစုံနဲ့ ပိတ်မိနေဖူးပါသလား။ အမှောင်ထုတွေကြီးစိုးထားတဲ့ မြစ်ပြင်ထဲ ဘယ်ဆီဘယ်ဝယ်မသိတဲ့ကမ်းကို လှော်ခတ်နေတဲ့ လှေငယ်တစ်စင်းပေါ် သင်လိုက်ပါခဲ့ရင်...။ ခံစားချက်တွေ ဘယ်လိုရှိနေမလဲ။ ကြောက်ရွံ့နေမလား။ အထီးကျန်နေမလား။ အကျည်းတန်နေမလား။ ဘယ်လိုခံစားနေရမလဲသိချင်ရင် ဆရာချမ်းမြေ့ဝင်း ဘာသာပြန်ထားတဲ့ အမှောင်စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။

အသက် ၇ နှစ်အရွယ်မှာ အမေနဲ့ညီမတွေ ရက်ရက်စက်စက်အသတ်ခံလိုက်ရပြီး၊ ပြိုကွဲသွားတဲ့မိသားစုမှာ တစ်ဉီးတည်းကျန်ရှိသူ လစ်ဘီဒေး။ တစ်လောကလုံးမှောင်မိုက်နေပြီး သူမကိုယ်တိုင် စိတ်အမှောင်ရဲ့ အနက်ဆုံးချောက်ထဲမှာ ကျနေသူကလေး။ အဒေါ်တွေအိမ်မှာလိုက်နေပြီး လူမှုကူညီရေးအသင်းတွေက ထောက်ပံ့မှုနဲ့ကြီးပြင်းခဲ့ရတဲ့သူမ။ အသက် ၃၀ ပြည့်တဲ့အချိန်မှာ သူမအပေါ်ကြီးစိုးနေတဲ့ အမှောင်ကို ဘယ်လိုများဖြိုခွင်းမှာလဲ။ ဒီစာအုပ်ထဲမှာ သုံးနာညီတြိဂံပုစံ ရှုထောင့်သုံးခုကနေ ရေးသားပါတယ်။

လစ်ဘီဒေးရှုထောင့်၊ ကလေးတွေရဲ့အမေ ပတ်တီဒေး၊ စေတန်ကိုကိုးကွယ်ပြီး မိသားစုကို ယစ်ပူဇော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ကျနေတဲ့ အကိုဖြစ်သူ ဘန်ဒေး။ တကယ်တော့ ဝတ္ထုဇာတ်ကောင်တွေအားလုံးက စိတ်အမှောင်ထဲမှာ ပိတ်မိနေကြတော့ စာဖတ်သူပါ အမှောင်ချောက်နက်ကြီးထဲ ကျသွားသလိုပါပဲ။ မိသားစု ငွေကြေးမပြည့်စုံမပြည့်စုံမှုကြောင့် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုအမှောင်၊ လူပျိုဖော်ဝင်စမှာ မထိန်းသိမ်းနိုင်တဲ့ အသွေးအသားအမှောင်၊ အဆိုးရွားဆုံးရက်စက်မှုကြီးကို ကြုံတွေ့ခဲ့ရတဲ့ အိပ်မက်အမှောင်တွေကြားက သူတို့တွေ ဘယ်လိုရုန်းထွတ်ကြမှာလဲ။

တောင်ပေါ်ကို ခက်ခက်ခဲခဲတက်ရပြီး တောင်ထိပ်ရောက်ပြီးရင် ပြန်ဆင်းလာရတဲ့ ခံစားချက်မျိုးမဟုတ်ဘဲ တလွင့်လွင့်လူးခတ်နေတဲ့ ရေပြင်ညီပေါ်ရွက်လွှင့်နေတဲ့ ခံစားမှုမျိုး ခံစားရမှာပါ။ ဇာတ်လမ်းအတက်အကျ အနိမ့်အမြင်တွေ၊ ဇာတ်ကောင်အချင်းချင်း အားပြိုင်ပုံတွေ အများကြီးမပါဘဲ အမှောင်ထဲမှာ လမ်းရှောက်နေရာက အလင်းဖြစ်မယ့်အရာတွေကို စူးစမ်းရင်း သန်းခေါင်ကနေ အရုဏ်တက်သလို ဖြည်းဖြည်းချင်း လင်းသွားတာမျိုးမဟုတ်ဘဲ မှောင်ပိန်းနေတဲ့အခန်းထဲ ဖျက်ခနဲ မီးလင်းလာသလို၊ လက်ခနဲ လျှပ်စီးလက်လိုက်သလို အမှန်တရားကို သိရှိလိုက်ချိန်...

သူတို့တစ်မိသားစုလုံးကို အမှောင်တွင်းထဲဆွဲခေါ်ခဲ့တာ ဘယ်သူလဲ၊ ဘာကြောင့်လဲ၊ ဒီအတွက် ဘယ်သူတွေအကျိုးရှိပြီး ဘယ်သူတွေ ဘဝပျက်ခဲ့ရတာလဲ။ အမှားနောက်က ထင်မှတ်မထားတဲ့ မေတ္တာတရား၊ တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့ ခုန်ဆင်းလိုက်တဲ့ အမှောင်တွင်းက ပြန်တက်လာဖို့၊ လွယ်ကူလေမလား..။ သုံးနားညီတြိဂံ ဇာတ်အိမ်ကနေ၊ လေးနားညီစတုရန်းဖြစ်ဖို့လိုနေတဲ့ အနားတစ်ဘက်က ဘယ်သူလဲ?

စာဖတ်သူကိုယ်တိုင် အမှောင်လမ်းကို ဖြတ်လျှောက်ပြီးချိန်မှာတော့ လောကကြီးမှာ အရာရာဟာ စီစဉ်ထားသလို ဖြစ်မလာတတ်မှန်း၊ စေတနာရဲ့နောက်မှာ ထင်မှတ်မထားတာတွေ ဖြစ်လာတတ်မှန်း၊ တစ်စုံတစ်ခုကို ကာကွယ်ဖို့ တစ်စုံတစ်ယောက်က အနစ်နာခံပေးရလောက်တဲ့မေတ္တာတရားရဲ့ အဓိပ္ပါယ်ကို သိရှိသွားချိန်...အမှောင်ဆိုတာကြီးကို နားလည်လိုက်ရပါတယ်။ တကယ်တော့ အလင်းရှိနေလို့သာ အမှောင်ဆိုတာ ဖြစ်တည်နေတာမဟုတ်ပါလား။