“ရန်ကုန်မြို့တွင် နေနည်းတစ်ထောင် “
စာရေးဆရာအမည်က ခပ်ဆန်းဆန်း။
“ကိတ်မုန့်”
စာအုပ်အမည်က” ရန်ကုန် တွင်သေဆုံးနိုင်သော နည်းပေါင်းတစ်ထောင်”ဆိုဘဲ။
ဖေ့စ်ဘုတ်မှာ ဟိုဖတ်ဒီဖတ်လိုက်ဖတ်ရင်း တွေ့သွားတော့ စိတ်ဝင်စားသွားတယ်ဆိုပါစို့။ ဒါနဲ့ဘဲ ဝန်ဇင်းကို လှမ်းမှာလိုက်တော့တာပေါ့။ လူကြုံရှိတာကြောင့် သိပ်မကြာခင်ဘဲ စာအုပ်ကလက်ထဲကိုရောက်လာပါတယ်။ အလုပ်နည်းနည်းပါးတဲ့နေ့မှာ စပြီး ဖတ်ကြည့်တော့တာပေါ့။ စစခြင်းအခန်းမှာ လူသေမှုတစ်ခုနဲ့ စဖွင့်လိုက်တယ်။ စစ်တာ ဆေးတာတွေကို ဖတ်မိတော့ စုံထောက်ဝတ္တုလား ရင်မသဲဖိုလားထင်လိုက်မိသေးတယ်။ ထင်တာတွေနဲ့လွဲပါတယ်။
အင်မတန်မှ စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းတွေနဲ့ တည့်တည့်တိုးသွားတာမို့ပါ။
ဆေးကျောင်းသူ ဆေးကျောင်းသားတွေဖြစ်ကြတဲ့ ခင်မေကြည် နဲ့ ဘုန်းပြည့် ၊ ဘာဘရာ နဲ့ ဇော်ထွန်း တို့ က အတွဲတွေ အင်ကြင်းမေ ၊ မောင်ပွ နဲ့ အောင်သူရိန်ထွန်းတို့ကတော့ အလွတ်တွေပေါ့။
အဲ့မှာ ဆေးကျောင်းသူ ဆေးကျောင်းသားတွေရဲ့ ဘဝနဲ့ ဝတ္တုကိုစဖွင့်လိုက်တယ်။ နောက်တော့ ဆေးကျောင်းကသူငယ်ချင်းတွေဖြစ်ကြတဲ့ အောင်သူထွန်း ရယ် အင်ကြင်းမေရယ်နှစ်ယောက် နဲ့အတူ အောင်၊ကျော်ကျော် ၊ဗီဗီယန်၊ နော်အဲလစ် ၊လီလီဆိုတဲ့ ဇာတ်ကောင်အသစ်တစ်ယောက်တွေ ပေါ်လာတဲ့ အခါမှာတော့ ရန်ကုန်မြို့ ရဲ့ ညခင်းသာ(Night Out) ထွက်လေ့ရှိကြတဲ့ အင်မတန်မှ စွဲမက်ဖွယ်ရာ ကောင်းတဲ့ (၁၉)လမ်းက ဘီယာဆိုင်တွေအကြောင်းကနေစလိုက်ရာကနေ နော်အဲလစ်ရဲ့ ဘဝအတွေ့ တွေဆီ ရောက်သွားပါတယ်။
နော်အဲလစ်နဲ့အတူ ဦးမျိုးသူထွန်း ဦးစိုးဝံ့မောင်ဆိုတဲ့ဇာတ်ကောင်တွေကိုဆွဲထုတ်လာပြီး ရန်ကုန်မြို့ရဲ့ ဆေးဆိုင်လောက၊ ဆေးကုမ္မဏီလောကအကြောင်းတွေ၊ ဗီဗီယန် နဲ့ ကျော်ကျော် ဆိုတဲ့ ဇာတ်ကောင်တွေရဲ့ဘဝဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ ကြော်ငြာမော်ဒယ်လောကနဲ့အတူ မော်ဒယ်ဓါတ်ပုံဆရာတွေရဲ့ ဘဝတွေကို လှစ်ဟပြပြန်ပါတော့တယ်။
အဲ့ဒီကနေဆက်ပြီး ခင်မေသိန်း၊ အစိုင်း၊ ကုဋေမင်းသွေး၊ ဂျင်မီ၊ ဂျိမ်း၊ ပျဉ်းမနားသား အစရှိသောဇာတ်ကောင်တွေကို တသီကြီး ဆွဲထုတ်ပြရင်းကနေ ထောင်လောကနဲ့ စီးပွားရေးဈေးကွက်ဆက်စပ်နေတဲ့ ဂွင်တွေအကြောင်း၊ လိင်တူ ချစ်သူတွေ ဘဝဖြစ်တဲ့ LGBTလောက၊ အခြောက်(ခ)ဂေးလ်တွေရဲ့လောကနဲ့ ဆက်နွယ်နေတဲ့ မူးယစ်ဆေးကိစ္စ လိင်ဆက်ဆံခြင်းကိစ္စ၊ လစ် လို့ခေါ်တော့ ယောက်ျားလျာ တွေရဲ့ ဘ၀ ဇာတ်လမ်း၊ သီးသန့်ပါတီပွဲကိစ္စတွေကို တစ်စစီ ဆွဲထုတ်ပြသွားလိုက်တာ တကယ့်ကို ထဲထဲဝင်ဝင် စုံစုံစိစိပါဘဲ။
ဒီစာအုပ်ရေးသူကို သဘောကျမိတဲ့အချက်ကတော့ ရန်ကုန်မြို့မှ ာတကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ မှုခင်းတွေနဲ့ သူ့ဇာတ်ကောင်ကို လှလှပပ ချိတ်ဆက်ပြီး ဇာတ်လမ်းထဲကိုဆွဲထည့်သွားတာပါဘဲ။
ဇာတ်လမ်းတစ်ခုကိုဖန်တီးတဲ့နေရာမှာ စာရေးသူ အတော်များများက ကိုယ်တိုင် ကြုံတွေ့ခဲ့တာမဟုတ်ဘဲ တစ်ယောက်ယောက်ကို အင်တာဗျူးပြီးဖြစ်စေ မေးမြန်းစုံစမ်းပြီးဖြစ်စေ စာအုပ်စာတမ်းတွေကဖြစ်စေ ဂူဂဲလ်က ဖြစ်စေ အချက်အလက်တွေရှာဖွေပြီး ရေးလေ့ရှိကြပါတယ်။ အဲ့လိုစာမျိုးတွေမှာတစ်ခါတစ်ရံ လက်တွေနဲ့ ကင်းကွာနေတဲ့ အချက်အလက်တွေပါတတ်ပါတယ်။
အခုဒီစာအုပ်မှာတော့ စာရေးသူရေးထားတဲ့လောကသားတွေရဲ့ ဘဝအကြောင်းတွေကိုဖတ်ရတာ စာတွေဆိုတာထက် ကိုယ်တိုင်အမှန်တကယ်သိမြင်ပြီး ရေးတယ်လို့ သတ်မှတ်နိုင်လောက်အောင်ကိုပြည့်စုံတာကို တွေ့ရပါတယ်။
ဇာတ်လမ်းအကြောင်းကို ထည့်မပြောတာကတော့ ဒီစာအုပ်က ဇာတ်လမ်းသိသွားရင် ဖတ်မကောင်းတော့မှာသေချာလို့ပါ။
စာရေးသူက သူ့ဇာတ်ကောင်တွေ တစ်လှေကြီးကို တစ်ယောက်နဲ့ တစ်ယောက်လှပစွာချိတ်ဆက်သွားတာကို ကိုယ်တိုင်ဖတ်ပြီး ခံစားစေချင်လို့ ဇာတ်လမ်းကို ချမပြတာပါ။
ဒီအထဲမှာ ဖတ်နေရင်း ပြုံးမိရတဲ့ စာသားလေးတွေပါ ပါတယ်။
“ ငံပြာရေတွေ လာမှောက်နေတော့မယ်“
“ ကောင်လေးက စင်အောင်ဆေးစားရင် စင်ပါတယ်“ဆိုတဲ့ မိန်းမလျာတွေ သုံးစွဲလေ့ရှိတဲ့ စကားလေးတွေပါဘဲ။
တစ်ခါတစ်ရံမှာ စာရေးသူက ဉာဏ်ကွန့်မြူးပြီး ဖွဲ့ဖွဲ့နွဲနွဲ့လေးတွေ ရေးတတ်ကြပါတယ်။
သူ့ရဲ့ အားထုတ်မှုလို့လဲ ဆိုနိုင်ပါတယ်။
ဒီဇာတ်လမ်းကိုတော့ ရှေးရိုးဆန်သော၊ သမားရိုးကျအတွေးအခေါ်များနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်ဖြစ်ဖြစ် ဘာသာရေးစံများဖြင့်ချိန်ထိုးကြည့်မယ်ဆိုရင်ဖြစ်ဖြစ် လုံးဝကိုက်ညီမှာတော့ မဟုတ်ပါဘူး။
အဲ့လိုလူတွေကလဲ ဒီစာအုပ်ဖတ်ပြီးရင် နှာခေါင်းရှုံ့ကြမှာ အသေအချာပါဘဲ။ သို့သော် ဒီစာထဲမှာပါတဲ့ အကြောင်းအရာတွေ က တကယ်လက်တွေ့ဖြစ်ပျက်နေတာတွေကိုတော့ ငြင်းလို့ မရနိုင်ပါဘူး။
ရန်ကုန်မြို့ကြီးကို တင်စားကြည့် မယ်ဆိုရင် အလိုမတူဘဲ လူတွေကိုလက်ခံနေရတဲ့ မြို့ ကြီးတစ်မြို့လို့တင်စားချင်ပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိနေတဲ့ တိုးတက်လိုစိတ်ရှိသူ စွန့်စားချင်သူ လူကြီးလူငယ်မှန်သမျှဟာ ရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာပြည်ရဲ့ ပထမမြို့တော် ဖြစ်လာခဲ့တဲ့ ရန်ကုန်မြို့ကြီးဆီကိုမျှော်လင့်ချက်တွေ တစ်ပွေ့ တစ်ပိုက်နဲ့ ရောက်လာခဲ့ကြပါတယ်။ အောင်မြင်သွားသူရှိသလို ကျရှုံးသွားသူတွေလဲ အများကြီးပါဘဲ။ လမ်းပေါ်ရောက်သွားသူရှိသလို လမ်းပျောက်သွားသူတွေလဲ တစ်ပုံကြီးပါဘဲ။ ဒီစာအုပ်လေးကို ဖတ်မိခဲ့ရင်ဖြင့် ရန်ကုန်မှာ အသက်ရှင်အောင် ဘယ်လိုနေထိုင်ရင်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေကို ရှာဖွေတွေ့ရှိသွားမယ်လို့ ထင်မိပါတယ်။
ဘာဖြစ်ဖြစ် ကျွန်တော်က တော့ ဒီစာအုပ်လေးကို ကြိုက်တယ်။
ကိုပေါက်( မန္တလေး)
3112022