ဒီစာအုပ်ကြောင့် ခရီးမသွားချင်တဲ့ ကျွန်မဟာ ခရီးထွက်ချင်မိပါတယ်။ချင်းပြည်နယ်ရဲ့ အလှတရားကို သိပ်ဖော်ကျူးနိုင်ပါတယ်။အချိန်မကုန် ငွေမကုန်ပဲခရီးထွက်ချင် စာအုပ်ဖတ်ပါဆိုတဲ့စကားအတိုင်း ဒီစာအုပ်ဖတ်အပြီးမှာ ရိရေကန်အကြောင်း ရိရေကန်ဘေးမှာရှိတဲ့ဝိညာဉ်ခြံစည်းရိုးအကြောင်း တောင်ဇလပ်ပန်းအကြောင်း အနီရောင်သွေးရှိတဲ့တောင်ဇလပ်ပန်းဟာ ချင်းပြည်နယ်ရဲ့အမှတ်အသားတစ်ခုအပါအဝင်ဖြစ်ပုံ နဲ့ လေထန်ကုန်း ကိုလည်း ကျွန်မသိခွင့်ရပါတယ်။ကျွန်မဟာ ချင်းပြည်နယ်မရောက်ဖူးပေမယ့် ပီးပီးဆိုတဲ့ဝေါဟာရအသုံး အနည်းငယ်ကိုသိခဲ့ရပါတယ်။ကျွန်မတို့နိုင်ငံမှာရှိတဲ့လူမျိုးတွေထဲမှ ချင်းလူမျိုးတို့ရိုးရာတွေ စရိုက်တွေသိခွင့်ရခဲ့တယ်။ဒါဟာ ဝတ္ထုရဲ့ဒေသပိုင်းဆိုင်ရာပါ။

နောက်တစ်ခုက နွမ်ဆိုတဲ့အမျိုးသမီးငယ်လေးရဲ့ အကြောင်းကြောင့် ကျွန်မဟာ သူ့ကိုအားကျခဲ့ရပါတယ်။ ခင်မေငြိမ်းလို့ခေါ်တဲ့ ပြည်မကနေလာတဲ့ဧည့်သည်သူငယ်ချင်းကို ဖေးမပုံ ၊ လျန်မာန်ကသူ့ကိုခင်ပေမယ့် ခင်မေငြိမ်းကိုခပ်မာမာဆက်ဆံသော်လည်း ဖြန်ဖြေပေးပုံ ၊ နိုင်ငံခြားထွက်သွားပြီး ပြန်လာခဲ့တဲ့ နွမ်ဟာ မာန်ကိုပြန်ရှာခဲ့ပါတယ်။နွမ်ရဲ့ငယ်ဘဝဟာ ကြမ်းတမ်းသော်လည်း အလုပ်ကိုလုပ်ပြီး ရည်မှန်းချက်ကြီးမားသူပါ။ဖခင်ဟာ မိခင်သေဆုံးပြီးနောက် အရက်သောက်နေတာကြောင့် နွမ်ပြောတဲ့စကားလေးကိုသိပ်သဘောကျပါတယ်။သောက်ပါတဲ့ အမေ့နောက်မြန်မြန်လိုက်ပြီးတွေ့ရတာပေါ့ဆိုတဲ့စာသားလေးမျိုး၊ သူငယ်ချင်းတွေနဲ့ ပြန် တွေ့တဲ့အခါ အရင်လိုပဲ စိတ်ထားမပြောင်းလဲ ကြပုံဟာ သူငယ်ချင်းဆိုတာဘာလဲဆိုတဲ့ အသိတစ်ခုရပါတယ်။

လျန်မာန် ကိုလည်းလေးစားမိပါတယ်။ငယ်ငယ်ကတည်းက နွမ်အပေါ်မှာသည်းခံပြီး အသေးအဖွဲကအစ အလိုလိုက်ခဲ့တဲ့မာန်ဟာ နွမ်တစ်ဦးတည်းအပေါ်မှာပဲ သည်းခံတာပါ။ခင်မေငြိမ်း ဘယ်လောက်ရောရော မာန်ဟာ နောက်ဆုံးအထိ အိမ်ထောင်မပြု ရည်းစားမထားပဲ သစ္စာရှိစွာနေသူပါ။တကယ်တမ်း စဉ်းစားကြည့်ရင် နွမ်ရဲ့သတင်းမကြားရတာတောင် စောင့်စားနိုင်တာ အံဩမိပါတယ်။သူ့မြေကိုသူချစ်တက်ပုံဟာ စာဖတ်သူရဲ့ရင်ထဲအထိစိမ့်ဝင်စေပါတယ်။

ခင်မေငြိမ်း အနေနဲ့ဆို မိခင်ဟာယောကျာ်းအယူမှားခဲ့သော်လည်း တစ်လင်တစ်မယားဆိုတဲ့စနစ် မိန်းမဟာ မိန်းမလိုနေရမယ် ကောင်းတဲ့သူနဲ့ယူရမယ်ဆိုတဲ့စနစ်အောက်မှာ ကြီးပြင်းရတဲ့သူပါ။ငယ်ငယ်ကတည်းစိတ်ဒဏ်ရာ ကြောင့်ခုန်ချဖို့ကြိုးစားရင်း နွမ်တို့နဲ့တွေ့ဆုံကာ ပျော်ရွှင်ခဲ့သူပါ။ မာန်အပေါ်ချစ်ခင်နေရင်း မာန်ဆီကချစ်ခြင်းမေတ္တာကိုမက်မောသူပါ။

အခုကျွန်မစာဖတ်ပြီးသိရတာက တခါတလေ ရည်ရွယ်ပြီးသားရှိတဲ့သူကိုချစ်မိရင် ခံစားရတာချစ်မိတဲ့သူပါပဲ။ သစ္စာတရားရယ် သူငယ်ချင်းဆိုတာရယ် ချင်းပြည်နယ်အကြောင်းရယ် ဒီ(၃)ချက်တည်းနဲ့ ကျွန်မရဲအကြိုက်ဆုံးစာအုပ်ဖြစ်ပြီး သူငယ်ချင်းတွေကိုဖတ်ကြည့်ပါလို့်တိုက်တွန်းချင်ပါတယ်။