စာအုပ်တစ်အုပ်လုံးဆုံးအောင် ဖတ်ပြီးသွားတဲ့အချိန်မှာ ဘယ်လိုမှမခံစားနိုင်တော့လို့ ငိုချလိုက်ရတယ်။ ဆရာမစံပယ်ဖြူနုရဲ့ မြောက်ဖျားက အလွမ်းရာသီစာအုပ်လေးဟာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ စစ်ဘေးရှောင်စခန်းတွေရဲ့ ကမ္ဘာသစ်တစ်ခုကို ကိုယ်တိုင်ရောက်သွားသလိုပါပဲ။ မိသားစု၊ ဆွေမျိုး၊ ချစ်ရတဲ့သူတွေကြားက ချစ်ခြင်းမေတ္တာတွေနဲ့ သံယောဇဉ်တွေ အကုန်လုံးကို စစ်ထဲမှာပဲစတေးလိုက်ရတဲ့ စစ်ဘေးသင့်ပြည်သူတွေရဲ့ စိတ်ဒဏ်ရာတွေ၊ နာကျည်းမှု‌တွေဟာ ဘာနဲ့မှကုစားလို့ရမယ်မထင်ပါဘူး။ ဘယ်လိုအရာတွေကမှလည်း ချေဖျက်ပစ်နိုင်မယ်လို့ မထင်မိဘူး။

အနာဂတ်မျိုးဆက်သစ်လို့ပြောတဲ့ ကလေးလေးတွေဟာ အဲ့ဒီစစ်ထဲမှာပဲ ပညာသင်ခွင့်တွေ ဆုံးရှုံးနေရတယ်။ အနာဂတ်လည်းမသိ ပစ္စုပ္ပန်လည်းမရေရာတဲ့ ဘဝတွေနဲ့ အလှူရှင်တွေလာလှူတာကို မျှဝေစားသောက်ကြရင်း၊ ဖြစ်သလိုဆောက်ထားရတဲ့ ယာယီတဲစခန်းတွေမှာပဲ သူတို့ဘဝတွေကို တည်ဆောက်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ဟာ စစ်ကြီးပြီးသွားပြီး ငြိမ်းချမ်းရေးရဖို့ပါပဲ။

အဖေတူ အမေကွဲညီမလေး၊ ဘယ်တုန်းကမှ အမြင်မကြည်ခဲ့ဘဲ စိတ်ထဲမှာ မုန်းတယ်လို့ထင်နေတဲ့ ညီမလေးကို ရှာဖို့အတွက် စစ်ဘေးရှောင်စခန်း တစ်ခုပြီးတစ်ခုရောက်သွားပြီး လိုက်ရှာနေတဲ့ မေသီနွယ်ရဲ့ပုံရိပ်တွေဟာ ကိုယ်ပါ မေသီနွယ်ဖြစ်သွားတဲ့အထိ တူတူလိုက်မောနေရတယ်။ "စစ်ကို ဂျားဂျာ ဒီလောက်ပဲသိပါစေတော့ မမရေ၊ စစ်ကြောင့် ပြေးလိုက်လွှားလိုက်၊ လူတွေသေလိုက်၊ ဒုက္ခရောက်လိုက်ဆိုတဲ့ဒဏ်တွေကို သူဆက်မခံစေချင်တော့ဘူး။ သူကြီးပြင်းလာတဲ့အထိ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အမုန်းတွေလည်း စိတ်ထဲမှာ သိမ်းမထားစေချင်တော့ဘူး" တဲ့။ မေသီနွယ်ရဲ့ ညီမလေး အဆိုင်းက ဘယ်တော့ပြန်တွေ့ရမယ်မှန်းမသိတဲ့ သူ့သားလေးကို ခွဲခါနီးပြောတဲ့စကားလေး။

စစ်ထဲက အဆိုင်းရဲ့သားလေးလိုမျိုး ကလေးဘယ်နှစ်ယောက် မိဘရင်ခွင်ကို ဆုံးရှုံးလိုက်ရပြီးပြီလဲ။ စစ်ကြောင့်ပဲ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဘယ်လောက်တောင် နာကျည်းနေခဲ့ကြပြီလဲ။ နွေးထွေးမှုမရှိ စစ်ရဲ့အနိဌာရုံအတိပြည့်နေတဲ့နေရာတွေမှာ လူတွေရဲ့မျှော်လင့်ချက် အနာဂတ်တွေ ဘယ်လောက်များဆုံးရှုံးနေကြရပြီလဲ။ ကိုယ့်အိမ်၊ ကိုယ့်နေရာမှာရှိတဲ့ တောင်ယာတွေမှာ ဗုံးသံ၊ အမြောက်သံတွေအစား အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေကြသူတွေရဲ့ လွတ်လပ်ပျော်ရွှင်တဲ့ရယ်သံတွေဟာ ဘယ်တော့များမှ ညံနိုင်ပါ့မလဲဆိုတာ စာအုပ်ဖတ်ရင်းတွေးနေမိတယ်။

စိုးရိမ်ပူပန်မှုမရှိ၊ ထိတ်လန့်မှုမရှိဘဲ နွေးနွေးထွေးထွေးအိမ်မှာနေရင်း စိတ်ညစ်နေတယ်၊ စိတ်ဓာတ်ကျနေတယ်လို့ ခံစားရတဲ့အခါ ဒီစာအုပ်လေးကို ဖတ်ကြည့်စေချင်ပါတယ်။ စာအုပ်ထဲမှာပါတဲ့ ဝမ်းနည်းပူဆွေးရမှုတွေ တွေ့မြင်ရတဲ့ခါ ကိုယ်ခံစားနေရတာတွေ ဘာမှမဟုတ်ဘူးဆိုတာ သိရမှာပါ။