🌸 လူငယ်တွေမှာ ကိုယ်ပိုင် အိပ်မက်စိတ်ကူးလေးတွေ ရှိကြတယ်။ ကိုယ့်မှာရှိတဲ့ ဝါသနာကို စိတ်ကူးပုံဖော်ဖို့ ကြိုးစားကြရာ တစ်ချို့တွက် ရှောရှောရှူရှူရှိပေမယ့် တစ်ချို့တွက် ဝါသနာဟာ ဝါသနာမှာသာ ရပ်တန့်နေရတဲ့ အကြောင်းပြချက် အမျိုးမျိုးရှိကြပါတယ်။ ခုဒီစာညွှန်းဖတ်နေသူကရော လက်ရှိကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ကိုယ်ရဲ့ ဝါသနာက ထပ်တူကျပါရဲ့လား? ❝အေးငြိမ့်မြိုင်❞ ဆိုတဲ့ ဒီဝတ္ထုလေးကတော့ ကိုယ့်ရဲ့ စိတ်ဝင်စားရာဝါသနာကို အရင်းခံပြီး အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်နေတဲ့ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်အကြောင်းကို ရေးဖွဲ့ထားတာပဲဖြစ်တယ်။
🌸 တစ်ရွာလုံးက ❝ဝလုံးမ❞ လို့ ခေါ်တဲ့ ❝အေးငြိမ့်မြိုင်❞ဟာ စွန့်စားမှုကို စိတ်အားထက်ပြီး ခရီးသွားလုပ်ငန်းမှာ Tourist guide ဖြစ်ချင်သူ။ ဒါမဲ့ ဘယ်ကနေ ဘယ်လိုစပြီး ဒီခရီးသွားလုပ်ငန်းလောကထဲ ဝင်ရမယ် သူမ မသိပေ။ အထက်တန်းအောင်တော့ တက္ကသိုလ်ပညာရေးကို အဝေးသင်တက်ပြီး ရပ်မိရပ်ဖတို့ တိုက်တွန်းချက်အရ ရွာကျောင်းလေးမှာ ဆရာမ ဝင်လုပ်ရင်း သူမရဲ့ အိမ်မက်ကို ပုံဖော်ဖို့ အစပျိုးခဲ့တယ်။ အချိန်တစ်ခုမှာ ကံအကြောင်းမလှတော့ အိမ်စီးပွါးရေး နဲ့ မိသားစုပြဿနာဟာ မျက်နှာသာမပေးတဲ့အဆုံး အစ်ကိုကြီး အလုပ်လုပ်ရာ နေပြည်တော်ရှိ ဟော်တယ် တစ်ခုရဲ့ စိုက်ပျိုးရေးဌာန မှာ ခြေစုံပစ်ဝင်ခဲ့တော့တယ်။
ဒီလောကထဲ သူမတွက် သင်ယူစရာတွေများခဲ့သလို သူမဘက်ကလဲ အရှုံးမပေး ပဲ ရည်မှန်းချက်လမ်း မလွှဲအောင် ရုန်းကန်ခဲ့ရတယ်။ ဒီလိုရုန်းကန်ခက်ခဲတဲ့ချိန် ❝ဝလုံးမ❞ ဘေးနားရောက်လာသူကတော့ ❝တိုးဝေယံစိုး❞ ပါပဲ။ ခက်ခဲသည်ဖြစ်စေ၊ ပျော်ရွှင်နေချိန်ဖြစ်စေ၊ ❝ငတိုး❞ဟာ ❝ဝလုံးမ❞ အပေါ် ချစ်တဲ့စိတ်တစ်ခုထဲနဲ့ အဖက်ဖက်က တတ်နိုင်သလောက် ဖြည့်ဆည်းကူညီရှာပါတယ်။ အဆုံးစွန် ❝ဝလုံးမ❞ က သူ့အပေါ် စိတ်မဝင်စားသည့်တိုင် ဘယ်တော့မှ လက်မလွှတ်ခဲ့ပဲ တစ်မြိုင် ထဲ ❝မြိုင်❞ နေတဲ့ အဖော်ကောင်း တစ်ယောက် ဖြစ်ခဲ့တယ်။ အချစ်ကံမကောင်းသူလို့ ခံယူထားတဲ့ ❝ဝလုံးမ❞တွက် ❝အချစ်❞ရဲ့ အဓိပ္ပာယ်စစ်စစ်ကို ခံစားခွင့်ရခဲ့တာပါပဲ။
ဆိုတော့ အချစ်ဇာတ်အိမ် နဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်ရဲ့ လျှောက်လှမ်းနေတဲ့ ခရီးကြား ဘယ်လို ထိန်းညှိပြီး စိတ်ကူးပုံဖော်သလဲ၊ ❝ဝလုံးမ❞ ရဲ့ ဘဝ အကွေ့အပြောင်းလေးတွေ ဟာ လှပခဲ့မလား၊ ရည်မှန်းချက်တွေ ပြည့်ဝခဲ့သလား၊ ဝါသနာအဖြစ်သာ ရပ်တန့်သွားခဲ့သလား ဆိုတာတွေတော့ ကိုယ်တိုင်ပဲ ဖတ်ကြည့်ခံစားစေချင်ပါတယ်။
🌸 တခါတလေ ကိုယ်ဖြစ်ချင်တဲ့ အရာ ဖြစ်မလာပေမယ့် လုံးဝ လက်လွှတ်လိုက်ရတာမျိုး မဟုတ်ပဲ ထိုအရာကို ပံ့ပိုးနေဖို့ အခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါကို မြင်တတ်ဖို့နဲ့ စိတ်ပြင်ဆင်ပြီး ဆက်လက်ကြိုးစားနေဖို့ဟာ အဓိကကျကြောင်း နဲ့ ဖြစ်လာတဲ့ခါ ထိုအရာကို မြတ်နိုးတတ်ရမှာ ဖြစ်ကြောင်း ဒီဝတ္ထုလေး ဖတ်တဲ့ခါ ခံစားမိစေမယ်လို့ ယုံကြည်ရင်း……
📌Honest review:
ဝတ္ထုအစပိုင်းတွေ ကျနော့်တွက် နည်းနည်း ကလေးဆန်ပေမယ့် ဇာတ်အိမ်တွေကတော့ အချိတ်အဆက်မိတာရယ် နောက်ပိုင်း အလည့်အပြောင်းလေးတွေရယ်က စာဖတ်သူကို ဆုံးအောင် ဆွဲခေါ်သွားနိုင်တယ်လို့ မြင်မိပါတယ်ဗျ။
⭐️Rating: 6/10
ကျေးဇူးတင်ပါတယ် 🌸🌿