💕 အထွေး
💕 မျက်နှာချင်းဆိုင်တိုက်ခန်းအထက်မှာ အခန်းနံပါတ်မရှိပါ စာအုပ်တွေရဲ့ ပဲ့ကိုင်ရှင် ဆရာမသုတေးစစ်ရဲ့ ၂၀၁၈ ခုနှစ်မှာ ပထမဆုံးထုတ်ဝေခဲ့တဲ့ စာအုပ်ကလေး ....
စာအုပ်ထဲမှာ ၀တ္ထုတို (၁၅)ပုဒ်ပါ၀င်ပြီး တစ်ပုဒ်ချင်းစီက မတူညီတဲ့ ရသနှင့် မတူညီတဲ့ စိတ်ခံစားချက်တွေကို ပေးစွမ်းခဲ့ပါတယ်။ အသက် (၁၆) နှစ်လောက်က အရေးအသားတွေဖြစ်ပေမယ့် ဇာတ်လမ်းဇာတ်အိမ်‌၊ တွေးခေါ်စဉ်းစားမှု၊ အချိတ်အဆက်မိမိနဲ့ တင်ပြနိုင်မှုတွေက ဒီနေ့ဒီအချိန်ပြန်ဖတ်တာတောင်မှ လျော့မသွားတဲ့ ရသဂုဏ်သတ္တိတွေနဲ့ ပြည့်နေပါသေးတယ် ...
သူငယ်ချင်းအချင်းချင်းကြားက ချစ်ခြင်းမေတ္တာ၊ မိဘ နဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ မိခင်တစ်ယောက်ရဲ့ ငယ်စဉ်အခါပြုမူခဲ့မိတဲ့ လုပ်ရပ်ကြောင့်ရလာတဲ့ နှောင်းနောင်တအပေါ် သမီးဖြစ်သူထံ ထပ်မံမရောက်ရှိရလေအောင် တားဆီးပေးတဲ့ မိခင်မေတ္တာ၊ ခံစားချက်နာကျဉ်းမှုတွေကို ဂိမ်းကစားရင်းဖြေဖျောက်တတ်သော ကောင်လေးတစ်ယောက်အကြောင်း၊ ပိုးစုန်းကြူးတွေကို လိုက်ဖမ်းတတ်တဲ့ ကောင်လေးတစ်ယောက်အကြောင်း၊ ဖျက်သိမ်းခါနီး စာအုပ်အငှားဆိုင်ပိုင်ရှင်တစ်ယောက်၏ ရင်တွင်းခံစားချက်၊ ဂျပန်နိုင်ငံတွင် ၂၀၁၁ ကဖြစ်ပွားခဲ့သော ဆူနာမီကြောင့် သားဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ အိဇုမိဆိုတဲ့ ဂျပန်အမျိုးတစ်ယောက်ရဲ့အကြောင်း၊ လိမ်ညာခံရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လူတွေအပေါ်အမြဲသင်္ကာမကင်းဖြစ်နေတတ်တဲ့ ခံစားချက်တွေအပြင် ဆယ်ကျော်သက်၊ အထက်တန်းကျောင်းသူဘ၀ ရင်ခုန်တတ်စအရွယ်မှာ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို ရင်၀ယ်ပိုက်ထားတဲ့ ကောင်မလေးတစ်ယောက်အကြောင်း .....
❤️ အချစ်
❤️ အလွမ်း
❤️ မေတ္တာတရားတွေနဲ့ ထုံမွှမ်းထားတဲ့ ဇာတ်လမ်းတစ်ခုစီ၊ ဇာတ်ကောင်တစ်ခုချင်းစီတိုင်းက စာဖတ်သူရဲ့ ရင်ထဲကိုသေချာပေါက်ရောက်စေမှာ အမှန်ပါပဲ ...
ကျနော့်ရဲ့ Personally အရဆိုရင် ...
နားကြပ်ကြိုး၊ ပက်လက်ကုလားထိုင်‌လေးတစ်လုံး၊ ဖိနပ်တစ်ဖက်၏ စိတ္တဇမိုးရာသီ၊ ပိုးစုန်းကြူး နှင့် အမေရေးတဲ့လ နေဝေးတဲ့ည အဲ့‌ငါးပုဒ်က ကျနော့်ရင်ထဲကို အရောက်ဆုံးဖြစ်ခဲ့ရပါတယ် ... ဇာတ်လမ်းချိတ်ဆက်ပုံရော၊ ဇာတ်ကိုအဆုံးသတ်ထားတဲ့ပုံစံရော အရမ်းကိုကြိုက်ပါတယ် ... (ဇာတ်လမ်းကတော့ Spoiler မဖြစ်ချင်လို့ မပြောတော့ဖူးနော်။ တခြားအပုဒ်တွေလဲ ကြိုက်တယ် ဒီငါးပုဒ်က ရင်ထဲဘယ်လိုကြီးဖြစ်ပြီး ကျန်ခဲ့မှန်းမသိလို့)
" ၀တ္ထုရေးခြင်းဆိုတာ ကလေးမွေးထုတ်လိုက်သလိုပါပဲ " " ကလေးတွေရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေဟာ ကျွန်မ‌အပေါ်မူတည်ပါတယ်" လို့ ဆရာမသုတေးစစ်က အမှာစာမှာဖော်ပြထားပါတယ်။ ဆရာမ မွေးထုတ်လိုက်တဲ့ ကလေးတွေက ပရိသတ်ရဲ့ ရင်ထဲမှာ နေရာတစ်နေရာယူပြီး လိမ္မာတဲ့ ကလေးတွေအဖြစ် စာဖတ်သူရဲ့ရင်ထဲ ရှင်သန်ကြီးပျင်း လူလားမြောက်နေပါပြီလို့ပြောရင်း ....

#pl@tpms #π|@¥
#pwwb #bookalicious
#7.3.2022 #monday