#လင်္ကာဒီပချစ်သူ(ချစ်ဦးညို)
တောင်ဆယ်လုံးကိုအစိုးရသဖြင့် ဒသဂီရိဘွဲ့ရသော အနီရောင်သန်းကာ အမွှေးအမျှင်ထူပြောလှသော ရာဝဏ။ နက္ခတ္တပညာစိတ်ဝင်စားသော ညီတော်ဘိသိသန၊ ရဲရင့်သော မိဂါအတတ်ကျွမ်းကျင်သော နှမတရိဂမ္ဘီ၊ သားတော်မေဃနာဒ၊ ဂမ္ဘီရဲ့သား ဒုသနဲ့ ခရ၊ ပဋိပက္ခသေနင်္ဂဗျူဟာကျွမ်းသော ဦးရီးမာရဇ္ဇတို့ရံလျှက် ဘုန်းတန်ခိုးကြီးသော ဒဿဂီရိ။

တစ်ချိန်မှာ သူရာအရက်ကိုသောက်ရာမှ သူရာ့ကျေးကျွန်ဖြစ်ကာ မင်းကျင့်တရားပျက်နေခဲ့။ ဆရာဂေါ်ဓံရသေ့ဆုံးမမှုကြောင့် ဓမ္မလိုက်စားရန် ဓမ္မိကတောင်သို့သွား စမ်းချောင်းမှ အမျိုးသမီးရုပ်ပုံရွှေလွှာပါ လေးတင်ပွဲဖိတ်စာကို ဆယ်ယူရခဲ့။ ရုပ်ပုံပိုင်ရှင်မှာ "သီတာ"။ ထိုအခါမှ မချစ်တတ်ခဲ့သော လူရိုးကြီး ချစ်ခြင်းမေတ္တာဆိုတာသိခဲ့၊ မကြောက်တတ်တဲ့သူရဲကောင်းကြီး ချစ်သူကို ဆုံးရှုံးရမှာကြောက်ခဲ့ရ။ သီတာကိုပိုင်ဆိုင်ရဖို့ ရန်သူအာရိယန်တို့ စုရုံးရာလေးတင်ပွဲသို့သွားခဲ့၊ အချစ်ကြောင့် သတ္တိပိုထွားခဲ့။ လေးတင်ပွဲတွင် ပထမအင်္ဂါရပ်ကိုသာ စွမ်းဆောင်နိုင်ခဲ့သော်လည်း ပြိုင်ပွဲဝင် အာရိယန်ဘုရင်အားလုံးထက်သာသဖြင့် သီတာကိုရလုဆဲဆဲ။ သို့သော် ဘုရင့်သားတော်များဖြစ်သော စိမ်းသောလူ ရာမနဲ့ ဝါသောလူ လက္ခဏတို့လည်း ဝင်ရောက်ယှဥ်ပြိုင်ရာ ရာမသည် အင်္ဂါရပ်အားလုံးစွမ်းနိုင်သဖြင့် ရာဝဏရှုံးခဲ့ရ။

ချစ်သူကိုပိုင်ဆိုင်ရဖို့ အာရိယန်များစွာနှင့် ရင်ဆိုင်ရဲခဲ့သော်လည်း သီတာကိုယ်တိုင်၏ "ဘီလူးလိုကြမ်းတမ်းခက်ထန်တဲ့ဘုရင်" ဟူသောစကားကြောင့်၊ ချစ်သူ၏ မိမိအပေါ်မုန်းတီးရွံရှာခြင်း၊ အချစ်ကိုဆုံးရှုံခြင်းကြောင့် ချစ်သူ၏အမုန်းစကားကို နားမခံနိုင်ဘဲ ချောက်ချားကာ လင်္ကာဒီပသို့ ပြန်လာခဲ့တဲ့ရာဝဏ။ နောက်တော့ ရန်သူရာမမြားချက်ကြောင့် တူတော် ဒုသနှင့် ခရ ကြွေလွင့်ခဲ့ရ။ နှမတော်တရိဂမ္ဘီ၏ မိဂါပညာ၊ ရွှေသမင်ဖြင့်ဖြားယောင်းကာ သီတာကို ပိုင်ဆိုင်ခဲ့ရသော်လည်း ဂမ္ဘီမှာ ရန်သူရာမမြားချက်ကြောင့်ဆုံးခဲ့ရ။

ချစ်စွာသောသီတာကိုလည်း လင်္ကာဒီပ၏ မဟေသီအဖြစ် နေစေခဲ့။ ဘုရင်သည် သူ၏နန်းတော်မှ တစ်ခုသောအဆောင်အတွင်း ဝင်ခွင့်မရဆိုလျှင် အံ့သြဖွယ်ဖြစ်သော်လည်း ချစ်သောသီတာ၏အမိန့်ကို မလွန်ဆန်နိုင်သဖြင့် အမှန်ပင်မဝင်ခဲ့ရတဲ့ ရာဝဏ။ နောက်ပိုင်းမှာတော့ အာရိယန်နှင့် ဒြာဝိဒိယန်တို့ရဲ့ မျိုးနွယ်စုစစ်ပွဲ ဒဿနှင့် ရာမတို့ရဲ့ မယ်သီတာလုသောစစ်ပွဲအကြောင်း စုံလင်စွာဖတ်ရပါမယ်။ "ကျုပ် ရာမနဲ့စီးချင်းထိုးပြီး သူ့ကိုသတ်ပြီးရင် သီတာနဲ့ ဒီနေရာကိုလာပြီးအနားယူမယ်" ဆိုတဲ့ ရာဝဏရဲ့ ဆန္ဒတွေတကယ်ဖြစ်လာမလား၊ အချစ်မြားတံစူးဝင်နေတာကြာပြီဖြစ်တဲ့ ရာဝဏရဲ့ရင်မှာ ရန်သူ့ရဲမြားတံတွေ ထပ်ပြီးစိုက်ဝင်ဦးမှာလားဆိုတာ....။ ငယ်စဥ်ကကြားဖူးသလို ဒဏ္ဍာရီဆန်ဆန် မဟုတ် အချက်အလက်ကျစွာ ရေးဖွဲ့ထားပါတယ်။ ရာဝဏရဲ့ခံယူချက် စိတ်ထား၊ ဘဝ၊ အချစ်တို့ကို အသားပေးရေးဖွဲ့ထားပြီး ရသကောင်းခံစားရပါမယ်။ ဇာတ်လမ်းကို မတူညီတဲ့ရှုထောင့်ကနေဖွဲ့ထားကာ စာဖတ်သူရဲ့ ကရုဏာအချစ်တွေ ဒဿဆီကို အရောက်ပို့မယ့်ဇာတ်လမ်းလေး။

အဆိုးလို့အမြဲမြင်နေတဲ့အရာတွေကို အကောင်းဘက်ကကြည့်ရင်လည်း မှန်နေပါလားဆိုတဲ့အသိ၊ ကိစ္စအဝဝကို မတူတဲ့ရှုထောင့်ကနေ မျိုးစုံကြည့်ရှုတတ်စေမယ့်အလေ့၊ အကောင်းမြင်တဲ့အလေ့တို့ ရရှိစေပါတယ်။ ဇာတ်လမ်းဆန်းသလောက် မလင်း(ရှင်း)နိုင်တာကြောင့် ကိုယ်တိုင်သာဖတ်ရှုခံစားပါလို့ တိုက်တွန်းလိုပါတယ်....။