#ဆုလာဘ်

10နှစ်အရွယ်အထိ အိမ်မှာပဲစာသင်ခဲ့ရတဲ့အောဂတ်စ်ဆိုတဲ့ ကောင်လေးဟာ ကျောင်းစတတ်တဲ့နေ့ကစပြီးတော့ သူ့ရဲ့အခက်အခဲတွေကနေ သူ့ရဲ့ စိတ်နှလုံးသားလှပမှုတွေ၊ကိုယ်ချင်းစာနာမှုတွေ၊ကြင်နာမှုတွေကို အခြားသူတွေဆီမျှဝေပေးလိုက်ရင်းစာဖတ်သူတစ်ယောက်အနေနဲ့လည်း ထိုသနားကြင်နာခြင်းတွေကိုပါ ခံစားစေရမယ့် စာအုပ်တစ်အုပ်ပါ။

စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေကတော့ရှားပါးတဲ့ မျိုးရိုးဗီဇ ရောဂါကြောင့် သာမန်ကလေးတွေရဲ့မျက်နှာနဲ့ မတူဘဲ ထူးခြားဆန်းကြယ်တဲ့ မျက်နှာတွေကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးတစ်ယောက်အကြောင်း ကနေ နောက်ဆုံး ထို ပျက်ဆီးချွတ်ယွင်းနေတဲ့ မျက်နှာဟာ လူအားလုံးတွေရဲ့ ဆုလာဘ်တစ်ခု ဖြစ်လာပုံကို လုံးဝထင်မထားတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်နှလုံးသားနဲ့တကွ ဖတ်ရမှာပါ။

ကြီးမြတ်ခြင်းဆုလာဒ်ကို တိုင်းတာဖို့ စံစနစ်မရှိနေခဲ့ပါဘူး။ သို့သော် အောဂတ်စ်ဆိုတဲ့ ကလေးလေးတစ်ယောက် ကျောင်းတက်‌တဲ့‌နေ့ကစပြီး ကျောင်းသားအားလုံးတွေရဲ့စိတ်နှလုံးသားတွေကိုလှုပ်ခတ်ဖေးမနိုင်ခဲ့တယ်။မိမိရဲ့စိတ်နှလုံးခွန်အားနဲ့ တခြားသူတွေရဲ့စိတ်နှလုံးတွေကိုပါသိမ်းကျုံး ပင့်တင် ရဲရင့်စေတဲ့သူတစ်ယောက် ဖြစ်လာခဲ့တယ်။
ကျောင်းရောက်လာမှအောဂတ်စ်ဟာ အရွယ်နဲ့မလိုက်အောင် စိတ်သဘောထား‌ကောင်းမွန်ပြီး ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်နေခဲ့တယ်။

သူဟာ ငယ်ငယ်ကတည်းက ကျောင်းဆိုတဲ့အရာကို ကြောက်ရွံနေခဲ့ပြီးကျောင်းရောက်တော့ ကလေးတွေရဲလှောင်ပြောင်ခြင်း၊အထင်သေးခြင်း၊ရွံရှာခြင်း၊ရန်ရှာခြင်းတွေကို အခက်အခဲတွေနဲ့ရင်ဆိုင်ကျော်ဖြတ်သွားခဲ့ရတယ်။ ဒါ့အပြင် စိတ်အားငယ်နေတဲ့ မိမိတို့ရဲ့ရင် သွေးလေးကို ချစ်ခြင်းမေတ္တာတွေ၊ကြင်နာခြင်းတွေနဲ့ အတိုင်းထက်လွန်အ ချစ်တွေ ပေးပြီး နည်းလမ်းမှန်စွာနဲ့
စိတ်ရှည် သည်းခံစွာပြုစု‌စောင့်ရှောက်လာလာခဲ့တယ်။ စိတ်ဒုက္ခတွေ၊ပင်ပန်းခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တဲ့ အော်ဂစ်ရဲ့မိဘနှစ်ပါးနဲ့အတူ မိဘမေတ္တာတွေရဲ့ ကြီးမြတ်ပုံကိုတွေ့မြင်ရမှာပါ။

အလယ်တန်းအရွယ် ကလေးတွေရဲ့ သဘာဝ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကျင့်စရိုက်တွေ၊ စိတ်အပြောင်းအလဲတွေ၊ ကလေးအဖြစ်ကနေ လူကြီးအဖြစ်သို့ ပြောင်းခါစ အရွယ်ဖြစ်တဲ့အတွက် ဆရာတစ်ယောက်အနေနဲ့ ကလေးတွေဆီကို ဘယ်လိုနည်းတွေနဲ့ချီးကပ်သွားသလဲဆိုတာကို ပါဖတ်ခဲ့ရပါတယ်။

ဒီစာအုပ်ကနေဘဝမှာ စည်းကမ်းအသစ်တစ်ခု သတ်မှတ်လိုက်ရင် ဘယ်လောက်တောင်ကောင်းမလဲ။ဘယ်တော့မဆို ဘယ်သူနဲ့မဆို လိုအပ်တာထက် ပိုပြီး ကြင်နာသနားရမယ် ဆိုတဲ့စည်းကမ်း‌။
လိုတာထက်ပိုပြီး ကြင်နာသနားရမယ်။ ဘာလို့လဲဆိုတော့ သာမန်လောက်ပဲကြင်နာသနားရုံနဲ့ မလုံလောက်ဘူး။ လိုတာထက်ပိုပြီး ကြင်နာရမယ်။ စာနာစိတ်ထားရမယ်။ လူတွေအားလုံးမှာ သနားကြင်နာခြင်းဆိုတဲ့ ခံစားချက်တင်မကဘူး စိတ်နာစိတ်ထားမလား မထားဘူးလား ဆိုတဲ့ရွေးချယ် ပိုင်ခွင့်လည်းပါလာပြီးသားပါ။
ပြီးတော့ စိတ်နာစိတ်ကို ပေတံနဲ့ တိုင်းတာလို့မရသလို သူများကိုဘယ်လောက်ကြင်နာသနားစိတ်ထားခဲ့သလဲ ဆိုတာကိုလည်း တိုင်းတားလို့မရပါဘူး။
ဒါဆို စာနာစိတ်ထားတယ် ကြင်နာသနားတယ်ဆိုတာ ဘာကိုပြောတာလဲ။ သူတစ်ယောက်ဟာ အခြားသူတစ်ယောက်ကို ကူညီပေးလိုက်တယ်။သူ့အနေနဲ့ ကြည့်ရင်တော့ သူ့ရဲ့ကူညီမှုဟာ အသေးအဖွဲ့လေးပါပဲ။သာမန်လောက်ပါပဲ။ ဒါပေမဲ့ သူကူညီ‌ပေးလိုက်တဲ့
အခြားသူတစ်ယောက်အနေနဲ့တော့ သိပ်ကိုကြီးမားလွန်းတယ်။ ထီဆုကြီးပေါက်သလို တစ်နည်းအားဖြင့် ကိုးကွယ်တဲ့ဘာသာခြင်းအလိုက် ၊ ဘုရားသခင်ရဲ့ အရိပ်အယောက်တစ်ခုလို မြင်လိုက်ရသလို သူ့အနေနဲ့ ကြီးကြီးမားမားကို ခံစားရတယ်။
ရိုးရိုးလေးပါပဲ သနားကြင်နာခြင်းဆိုတဲ့ အင်မတန်ရိုးရှင်းတဲ့အရာတစ်ခုကြောင့် ဘုရားသခင်ရဲ့ မျက်နှာတော်ကိုမြင်လိုက်ရသလိုတောင်ခံစားရတယ်တဲ့။

ဒီတော့ သနားကြင်နာခြင်းမှာခက်ခဲရှုပ်ထွေးတာတွေမလိုအပ်ဘူး။အားပေးစကားတစ်ခွန်းပြောလိုက်တာ၊သူငယ်ချင်း ပီသတဲ့အပြုအမူတစ်ခုလုပ်ပေးလိုက်တာ၊ဖြတ်သွားဖြတ်လာခင်မင်စွာနဲ့ပြုံးပြတာ ဒါတွေပဲ လိုအပ်တာပါ။ ဒါတွေပါပဲ ဒီလောက်ပါပဲ အခြားသူတွေကို ပေးလိုက်ပါ။

ဒီစာအုပ်ကိုဖတ်လိုက်ရတဲ့အတွက် ကိုယ်ချင်းစာတရားတွေ အလင်းဝင်လာသလို သနားကြင်နာခြင်းတွေနဲ့ အခြားသူတစ်ယောက်ကို ဘယ်လို ဆက်ဆံသင့်ရမလဲ ဆိုတဲ့ အသိများစွာကိုလည်း ရရှိခဲ့ပါတယ်။