"လှည်းတန်းကြီးက ရှေ့ဆီသို့ ရွေ့လို့။နောက်ဘက်ဆီမှာတော့ ရပ်တန့်ဝှေ့ရမ်းရင်း ကျန်ရစ်ခဲ့သည့် လက်ဝါးကလေးတွေ။သည်အရာနှစ်ခုကြားမှာတော့ ဖုန်လုံးကြီးတွေ။ပြီးတော့... ပြီးတော့...
ဝေးကွာ ခြားနားခြင်းတွေပေါ့လေ။"
ရှေးစဘေရွာကလေးရဲ့ ပုံရိပ်၊တောသူတောင်သားများရဲ့ ရိုးသားလှပုံ၊အရှက်ကြီးပုံတွေကို လှပစွာ ပုံဖော်ရေးသားထားတဲ့ စာအုပ်ကလေးဖြစ်ပါတယ်။
"စီကောင်း တောင်တန်းကြီးသည် ရွာ့ထမင်းအိုး၊
သဲချောင်းပြင်ကြီးသည်ကား ရွာ့သောက်ရေအိုး၊
မိုးနတ်ကန်ကြီးမှာမူ ရွာ့သုံးရေကန်။"
ဖြစ်ပါသတဲ့....။
အသုံးလုံး စာလာသင်ပေးတဲ့ ဆရာ၊ဆရာမတွေ အိမ်ပြန်ကြတော့လည်း လွမ်းစရာကောင်းလှတယ်။
သမဝင်းထဲမှာ သူ့ထက် ငါအရင် ပစ္စည်းကောင်းရဖို့ စီတန်းကြပုံတွေကလည်း မမှီလိုက်တဲ့ ခေတ်တစ်ခုရဲ့ အခြေအနေမို့သိမှတ်စရာရယ်ပါ။
လူကောင်းအရည်ခြုံပြီး မိန်းကလေးတွေဖျက်ဆီးတတ်တဲ့ "လူမည်းကြီး" အကြောင်း ဖတ်ရပြန်တော့လည်း ထိတ်လန့်မိပြန်တယ်။
ချစ်ခြင်းမေတ္တာကို ရင်ထဲမှာ သိုဝှက်သိမ်းဆည်းထားကြတဲ့ "မဇီးပု"နဲ့ "ကိုရေမှုတ်"တို့အဖြစ်ကတော့ ရင်ထဲစွဲစွဲထင်ထင် ကျန်နေခဲ့တာရယ်။
လွမ်းစရာကောင်းတဲ့ စာအုပ်လေး၊နောက်ပြီး ဝမ်းနည်းစရာလည်းကောင်းတယ်။ရယ်စရာ အသောလေးတွေလည်း ပါသေးတာမို့ ဖတ်ရတာ သဘောကျစရာကောင်းတယ်။
ဆရာလင်းရောင်နီ(စဘေ)ရဲ့ စာအုပ်တွေကတော့ ဖတ်ဖူးသမျှ သဘောကျရတာချည်းပါပဲ။
ဝယ်ထားတာ ကြာပြီပေမယ့် အခုလိုကာလမှာ မိုးအေးအေးလေးနဲ့ တဖြည်းဖြည်းချင်း ဖတ်ရတာလေးက ပိုကောင်းတဲ့ ခံစားချက်မျိုး ရစေတယ်။