#ဇီးကွက်ချောင်းတံတားပေါ်ကအဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး
#ပါပီယွန်

ဆောင်းနှောင်းကာလရဲ့ ညခင်းတစ်ခုမှာ သိပ်မထူလှ
တဲ့ အနွေးထည်နှစ်ထည်ကိုဝတ်ရင်း စာကြည့်စားပွဲမှာထိုင်လို့ တစ်နာရီခွဲလောက် အချိန်ပေးပြီး ဒီစာအုပ်ကို ဖတ်ခဲ့တယ်။ ဖတ်ပြီးပြီးချင်းပဲ စာအုပ်နဲ့ပတ်သက်တဲ့ ကိုယ့်အမြင်တွေ၊ ခံစားချက်တွေအကြောင်း တစ်ယောက်ယောက်ကို ပြန်ပြီး ရင်ဖွင့်ပြောပြချင်တဲ့စိတ်ဖြစ်လာလို့ review မဟုတ်တဲ့ ဒီစာကိုရေးပါတယ်။

စာအုပ်ရဲ့အစ ဖြောင့်ချက်မှာ စာရေးသူဝန်ခံထားသလို
ဒီစာအုပ်ထဲက အကြောင်းအရာတွေဟာ တကယ်ပဲ
ဘယ်သူ့ရဲ့ဖြစ်ရပ်မှန်တွေများလဲ။
ဇာတ်ကြောင်းပြောပုံစံ ဇာတ်လမ်းက ဇာတ်ဝင်ခန်း
တိုင်းဟာ ရှင်းခနဲ လင်းခနဲနေအောင် ပီပြင်လွန်းတော့ စာရေးသူကိုယ်တိုင်လားလို့တော့ သံသယဖြစ်မိပါရဲ့။

ဇာတ်ကောင်နှစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းမှာ ဇာတ်လမ်းအကြောင်း ပြောပြနေတဲ့ ကျွန်တော်...

ကျွန်တော်က အသက်ကြီးမှ(စာရေးသူအဆို အရွယ်လွန်မှ) နိုင်ငံခြားကျောင်းက အလယ်အလတ်အဆင့် တက္ကသိုလ်တစ်ခုမှာ ပညာလာသင်ရတဲ့ကျောင်းသား။ အဲဒီကျွန်တော်မှာ လူငယ်ဆန်တဲ့စရိုက်တွေ အများကြီးတွေ့ရတယ်။ စာဖတ်သူတစ်ယောက်အနေနဲ့ ခန့်မှန်းရသလောက် တဇွတ်ထိုးတဇောက်ကန်းနဲ့ သူမလုပ်ရဲတာ မရှိသလောက်ဖြစ်နေတဲ့ လူစားမျိုး။ စိတ်ကောင်းလေးရှိပေမယ့် ဂျစ်ကန်ကန် ပေတိပေစုတ်ပုံစံနေတတ်တဲ့သူမျိုး။ ကိုယ့်ကျောင်းလခ ကိုယ်ရှာတယ်။ အလုပ်မျိုးစုံ၊ ဘဝမျိုးစုံမှာလည်း ကျင်လည်ဖူးတယ်။

ဒေါ်နန်းမေမေကြည်...

သူကတော့ ၈နှစ်သမီးကတည်းက နိုင်ငံခြားမှာနေ၊ နိုင်ငံခြားကျောင်း တက်လာခဲ့တဲ့ ငယ်ရွယ်ထက်မြက်ပြီး သွက်လက်တဲ့ ပညာတတ်တစ်ယောက်။ အထက်တန်းအဆင့်တက္ကသိုလ်တွေကနေ ဘွဲ့ နှစ်ခုလောက် ရခဲ့ပြီးတဲ့ သိပ္ပံပညာရှင်တစ်ယောက်။ ပြောရရင် ခေတ်ပညာတတ်သလို ချစ်သူကိုလည်း အကောင်းဆုံးတွေချည်းပဲပေးချင်တဲ့ အမျိုးသမီးတစ်ယောက်။

ဝေးကွာလှတဲ့ဆန့်ကျင်ဘက်အရာနှစ်ခု ပေါင်းဆုံသွား
ကြတယ်ဆိုတာကို ဘယ်သူကယုံမှာလဲ။ ဒီလိုပဲ သည်လိုမတူညီတဲ့ အသိုက်အဝန်း၊ ခြားနားတဲ့ပတ်ဝန်းကျင်နဲ့ ကွာခြားလှတဲ့အဆင့်အတန်းတွေကြားက သူတို့နှစ်ယောက် ဆုံတွေ့ခဲ့ကြတယ်။
သံယောဇဥ် ငြိတွယ်ခဲ့ကြတယ်။ ရန်ဖြစ်ခဲ့ကြသလို ပြန်ချစ်ခဲ့ကြတယ်။ အရက်မူးပြီး အော်ဟစ်ခဲ့ကြသလို ခွန်အားတွေလည်း အပြန်အလှန်ပေးခဲ့ကြတယ်။ ဒါပေမယ့် ချစ်သူနှစ်ဦးရဲ့ ကြည်နူးချမ်းမြေ့စရာနေ့ရက်တွေက စာမျက်နှာများများ မပါနိုင်တာကတော့ နှမျောစရာကောင်းတယ်လို့ဆိုရမယ်။

ဂုဏ်ရည်ချင်းမျှပြီး ဘယ်သူဖြတ်ဖြတ်တို့မပြတ် လို့ကြွေးကြော်တဲ့ အတွဲတွေတောင် ပြတ်တဲ့သာဓကတွေ အများကြီးရှိခဲ့ဖူးတာပဲ။ ဆိုတော့ ဒီလိုဝါသနာလေးတချို့ကလွဲပြီး ဘာမှတူညီမှုမရှိတဲ့ အတွဲကရော ဘာသားနဲ့ထုထားကြတာမို့လို့လဲ။ သူတို့မှာလည်း
မာနကိုယ်စီ၊ ယူဆချက်ကိုယ်စီ၊ ခြားနားမှုကိုယ်စီနဲ့လေ။
ကဲလေ ထားပါတော့ ဆက်ရေးရင် ဇာတ်လမ်းဆုံးသွားဦးမယ်။

ဒီစာအုပ်နဲ့ပတ်သက်လို့ ကိုယ်ခံစားမိတာတစ်ခု
ရှိတယ်။ ဇာတ်လမ်းဇာတ်သွားပိုင်း ထူးဆန်းတာ
ဘာတစ်ခုမှမပါဘူး။ ရှုပ်ထွေးပွေလီပြီး စိတ်ဝင်စား
စရာကောင်းတဲ့ ဇာတ်အိမ်မျိုးလည်း ဖြစ်မနေဘူး။
ဒီအတိုင်း စကားပြောကောင်းတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ နောက်ကြောင်းရာဇဝင် စားမြုံ့ပြန်ခြင်းကို နားထောင်နေရသလိုမျိုးပဲ။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက ဒီလိုဇာတ်လမ်းမျိုးကိုဖတ်ရင်း ကိုယ်တစ်ယောက်တည်း အသက်ပြင်းပြင်းရှူလိုက်၊ ဟူးခနဲ သက်ပြင်းချလိုက်၊ အဆုံးသတ်နားရောက်တော့ မျက်ရည်လေးဝဲလိုက် အမျိုးစုံကြိုးခုန်ခဲ့တာ ဘာလို့ရယ်အတိအကျမသိဘူး။

နောက်ပြီးမချင့်မရဲဇာတ်သိမ်းကြီးကလည်း
ကိုယ့်အတွက် ဗိုက်ပြည့်ပြီမှန်းသိပေမယ့် ကြက်ကြော်တွေ့လို့ ထပ်စားချင်နေတဲ့ ပါးစပ်လိုပဲ၊ ဘာကြီးမှန်းမသိဘူး ဟာတာတာနဲ့။ ဆက်ရန်ရှိသေးသည် ဆိုတာမျိုးကို မျှော်လင့်နေမိသလိုကြီး။

#Myo