လားရှိုးပညာရေးကောလိပ်နောက်ခံ
အချစ်ဝတ္ထု။ဆရာမခင်မြဇင်က အမှာရေးပေးထားပါတယ်။
မျိုးရွှေရည်လွင်ဟာ လာရှိုးပညာရေးကောလိပ်ကို လာတက်တဲ့အညာသူလေးဖြစ်ပါတယ်။ကျောင်းမှာထူးစစ်မောင်နဲ့ချစ်သူတွေဖြစ်သွားကြတယ်။ကျောင်းပြီးခါနီးမှာပဲ ချစ်သူကိုစွန့်လွှတ်ဖို့ဖြစ်လာပြီး စွန့်လွှတ်နိုင်ခဲ့တယ်။ချစ်တယ်၊ကွဲတယ်၊မညားဘူး။
ဒီအချစ်ဇာတ်လမ်းကလေးဟာ လာရှိုးပညာရေးကောလိပ်မှာ ကျောင်းတက်ရင်း
ပညာရေးကောလိပ်ရဲ့စာသင်ကြားပုံတွေ၊သင်ကြားတဲ့ဘာသာရပ်တွေ၊အဆောင်နေအတွေ့အကြုံတွေ၊ကျောင်းသားကျောင်းသူတွေရဲ့ဆက်ဆံမှုတွေနဲ့အတူ ချစ်ပုံပြင်ကလေးတစ်ပုဒ်အဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။ပုလဲသွင်က မျိုးရွှေရည်လွင်ရဲ့အချစ်ပုံပြင်ကလေးကို ဒိုင်ယာရီခံစားချက်၊ပညာသင်အတွေ့အကြုံ၊ပညာသင်ဖက်တို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ရိုးရိုးသွက်သွက်ကလေးရေးသွားတယ်။
အဲဒီလိုရိုးရိုးသွက်သွက်ရေးသားရင်း ခံ
စားမှုတွေကိုလည်း ပုံဖော်သွားတယ်။ပုလဲသွင်
ကဝတ္ထုတိုလေးတွေရေးခဲ့သူဖြစ်ပြီး၊သူ့ရဲ့ပထမဆုံးလုံးချင်းဖြစ်တဲ့ ဒီဝတ္ထုမှာ အရေးအ
သားပိုင်းနဲ့ပတ်သက်လို့ စိတ်လိုလက်ရရှိချိန်မှာ တစူးတစိုက်ရေးသားထားတာကိုတွေ့ရပြီး
ဝတ္ထုတစ်အုပ်လုံးအနေနဲ့ကတော့ ပေါ့ပေါ့ပါးပါးပြောပြနေသလို ရေးသားထားတာသတိထားမိတယ်။ဒါကြောင့်ပဲ ဝတ္ထုကိုဖတ်နေချိန်မှာ တစူးတစိုက်ရေးသားထားတဲ့နေရာတွေရောက်ရင် နောက်တစ်ယောက်ရေးလိုက်သလို ကွဲထွက်သွားတာတွေ့ရတယ်။
ကျောင်းတက်ချိန်ကာလတွေကို ပြန်လည်ရေးသားကြတဲ့အခါ ပျော်ရွှင်စရာလေးတွေ၊ကြည်နူးစရာလေးတွေ၊ရယ်ပြုံးစရာလေးတွေ၊ရင်ခုန်သံတွေဟာ ပါလာတတ်စမြဲဖြစ်သလို ဒီဝတ္ထုမှာလည်း ပါပါတယ်။ကောလိပ်နောက်ခံဝတ္ထုတွေမှာ ချန်လှပ်ထားရင် မပြည့်စုံတဲ့အဖွဲ့မျိုးတွေပါပဲ။အဲဒီအဖွဲ့တွေနဲ့အတူ ပညာရေးကောလိပ်မှာ သင်ကြားပြသတဲ့ဘာသာရပ်တွေအကြောင်းနဲ့ သင်ယူကြရပုံတွေကို သေချာထည့်သွင်းရေးသားထားတာတွေကပညာရေးကောလိပ်နောက်ခံကိုအားကောင်းစေပါတယ်။
တစ်ယောက်ကိုချစ်နေလျက်နဲ့နောက်တစ်ယောက်ကို ချစ်သွားသူနဲ့ နောက်တစ်ယောက်ကိုချစ်သွားလို့ကျန်ရစ်သူတို့အကြောင်းရေးဖွဲ့ရာမှာ မျိုးရွှေရည်လွင်ရဲ့ လက်ခံလိုက်နိုင်ပုံကို ရေးပြသွားပေမယ့် သူ့ရဲ့တကယ့်ခံစားမှုကိုတော့ မှုန်ပြယ်ပြယ်ပဲဖော်ပြ
သွားတယ်။တိတ်ဆိတ်တိုးတိတ်လွင့်ပြယ်သောဟာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြယ်လွင့်
သွားသလိုမျိုး။
ပုလဲသွင်ရဲ့ဝတ္ထုကိုဖတ်ရတာ အကြည်ဓာတ်ကလေးရတယ်။အဲဒီအကြည်ဓာတ်လေးကလည်း အလွမ်းနင့်နင့်နဲ့တွဲဖက်ရောထွေးမခံရလို့ ကြည်ကြည်လင်လင်ကျန်နေရစ်ခဲ့တာက ဒီဝတ္ထုရဲ့လွှမ်းခြုံရသလို့ဆိုနိုင်ပါတယ်။ဇာတ်ကောင်စရိုက်တွေကိုလည်း အပြောနဲ့ဖော်ပြသွားပြီး အပြကိုဖတ်
သူကကိုယ်တိုင် ပုံရိပ်ဖော်ရတာမျိုးတွေ့ရတယ်။အဲဒီလိုကြားထဲက မထင်မှတ်သလို အပြကိုဖျတ်ခနဲတွေ့လိုက်ရတာကတော့ အရေးအသားကို စူးစိုက်မိလိုက်တဲ့အခိုက်ဖြစ်ပါတယ်။
ပထမဆုံးကြိုးပမ်းမှုကို ရေးသားကြတဲ့အခါ အာရုံစူးစိုက်ကြိုးပမ်းရေးသားလေ့ရှိတတ်ကြပါတယ်။စာမေးပွဲတစ်ခုကို ပထမဘာသာရပ်စတင်ဖြေဆိုရသလိုမျိုး။ကိုယ်တတ်နိုင်သလောက်အားထုတ်ကြခြင်းမျိုးပေါ့။အဲဒီအခါ ဖိစီးမှုအစွန်းကို ရှောင်နိုင်ဖို့လိုပါတယ်။ဖိစီးမှုကအနိုင်ယူသွားနိုင်ရင် ဖန်တီးမှုမှာအယိုင်တွေရှိလာတတ်ပါတယ်။ပုလဲသွင်ကတော့ ဖိစီးမှုသိပ်မရှိတဲ့ပုံစံကို ရွေးချယ်ခဲ့တယ်လို့ဆိုရမယ်။ဒါကြောင့်ပဲ သူ့ဝတ္ထုလေးဟာ သူ့အတိုင်းလေးပဲရိုးရိုးကလေး အလျားလိုက် အဖြောင့်သွားလိုက်တာတွေ့ရတယ်။
ကောလိပ်ကျောင်းသားကျောင်းသူဘဝ
ရဲ့လွတ်လပ်မှု၊စမ်းသပ်မှု၊ရင်ခုန်မှုတွေနဲ့အတူ
ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်ကနေ လူ့မှုဆက်ဆံရေး အဝန်းအဝိုင်း ချဲ့ထွင်လာတဲ့ အသိအမြင်ပါတဲ့ ကျောင်းနေဘက်နှလုံးသားကို ပုံဖော်သွားနိုင်တာလေးကို သဘောကျရတယ်။စာဖတ်သူတွေကလည်းကျောင်းအလွမ်းနိုးလာနိုင်ပါတယ်။
ပုလဲသွင်က စာမေးပွဲမှာ ဘာသာရပ်တစ်ခုကိုတော့ ဖြေဆိုပြီးသွားပါပြီ။ကျန်တဲ့ဘာသာရပ်တွေမှာ ဘယ်လိုဖြေဆိုဦးမလဲဆိုတာ စောင့်မျှော်ပါပြီ။ဖြေဆိုတဲ့ဘာသာရပ်တိုင်းအောင်မြင်ပါစေ။