Amanda Wright ရဲ့ Without a Mother's
Love ကို မြန်မာဘာသာပြန်ထားတာပါ။
အမန်ဒါ လေးနှစ်သမီး အရွယ်မှာ အမေနဲ့နှစ်ယောက်တည်း နေထိုင်ဖြတ်သန်းနေစဥ် သူ့မျက်စိရှေ့မှောက်မှာပဲ အမေ့ကို ရက်ရက်စက်စက်သတ်ဖြတ်တာကို မြင်လိုက်ရတဲ့အပြင် သူ့ကိုပါအသက်အန္တရာယ်ပြုဖို့ ကြိုးပမ်းခဲ့တဲ့ လူသတ်သမားလက်ကနေ လွတ်မြောက်နိုင်ခဲ့တယ်။လူသတ်သမားရှို့သွားတဲ့ မီးတောက်တွေကြားကနေ လမ်းသွားလမ်းလာတစ်ယောက်ရဲ့ သက်စွန့်ဆံဖျားကယ်တင်မှုကြောင့် မီးလောင်ဒဏ်ရာတွေနဲ့အတူအသက်ရှင်ခဲ့ရတယ်။မီးလောင်ဒဏ်ရာတွေကိုကုသရင်း စိတ်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရခဲ့တဲ့ကလေးမလေး အမန်ဒါဟာ ခက်ခဲပြင်းထန်တဲ့ ဘဝရှင်သန်မှုကို အံတုကြိုးစားယူခဲ့ရတယ်။
အဖေနဲ့အမေက ကွဲနေကြတယ်။အဖေနဲ့အမေတို့ရဲ့ နှစ်ဘက်မိဘတွေက တစ်ဖက်နဲ့တစ်ဖက် ကိုယ်စီ မာနတွေ၊မကြေလည်မှုတွေနဲ့ ရှိနေကြတယ်။အမန်ဒါကို စောင့်ရှောက်ဖို့အတွက် တရားတဘောင်တွေဖြစ်ကြရတယ်။တစ်ခုလေးကံကောင်းတာကနှစ်ဘက်အဖိုးအဖွားဆွေမျိုးတွေက အမန်ဒါအပေါ်မှာ
နှစ်လိုမှုတွေရှိနေကြတာပဲ။ဒါပေမယ့် အမန်ဒါကသူ့
ဘဝနေထိုင်ရှင်သန်ရေးအတွက် သူ့မှာဆုံးဖြတ်ပိုင်ခွင့်မရှိသလို၊ရွေးချယ်ပိုင်ခွင့်မရှိဘူး။အဲဒါကကလေးမလေးတစ်ယောက်အတွက် ခက်ခဲတဲ့ဖြတ်သန်းမှုဖြစ်စေတယ်။စိတ်ဒဏ်ရာရထားတဲ့ ကလေးမလေးတစ်ယောက်အတွက် ကြီးမားခက်ခဲတဲ့လမ်းဖြစ်နေခဲ့တယ်။
အဖေက အမန်ဒါကိုတာဝန်ယူစောင့်ရှောက်ရတယ်။နှစ်ဘက်မိသားစု၊အဖိုးအဖွားတွေဆီကို အကန့်အသတ်တွေနဲ့ သွားခွင့်ရတယ်။မီးလောင်ဒဏ်ရာ
တွေကို ကုသရတာမလွယ်ဘူး။စိတ်ဒဏ်ရာတွေကပိုမိုဆိုးဝါးတယ်။အဖေက နောက်အိမ်ထောင်ပြုလိုက်တော့ မိထွေးနဲ့အဆင်မပြေဘူး။အမန်ဒါရဲ့ခက်ခဲတဲ့အခြေအနေတွေဟာ ပိုပိုဆိုးလာတယ်။အမန်ဒါက သူ့ဘဝသူရပ်တည်နိုင်ဖို့ အဲဒီအခက်အခဲတွေကြားက ကြိုးစားရုန်းကန်တယ်။
အမန်ဒါရဲ့ ရင်ထဲမှာ အမြဲကြီးစိုးနေတာကတော့အမေပဲ။အမေအသတ်ခံလိုက်ရတဲ့မြင်ကွင်း။အမေ့ချစ်ခြင်းတွေနဲ့ကင်းကွာသွားရတဲ့
ဆုံးရှုံးနာကျင်မှု။အမေ့ကိုသူ့ရှေ့မှာ ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပြီး သူ့ကိုပါအသက်ရန်ရှာတဲ့လူသတ်သမား။ထိတ်လန့်ကြောက်ရွံ့သွေးလန့်နေတတ်တဲ့ စိတ်ခံစားမှုနဲ့စိတ်ဒဏ်ရာတွေ။
အမန်ဒါဟာ ချစ်ခင်ပွန်း၊ချစ်သမီးနှစ်ယောက်နဲ့
သူ့ဘဝကလေး တည်ငြိမ်လာချိန်မှာ ဒီဝတ္ထုကိုရေးတယ်။ဒီဝတ္ထုမှာ အမန်ဒါက သူ့အတွေ့အကြုံတွေ၊ခံစားမှုတွေကို တည်ထားတယ်။ကလေးဘဝရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ပြန်ရေးပြတာ အဆင်ပြေတယ်။ခံစားမှုကို ရေးပြတဲ့အခါမှာတော့
ကလေးဘဝခံစားမှုဟာ ကလေးဘဝရဲ့ တကယ့်ခံစားမှုကို ရေးဖွဲ့နိုင်ခဲ့တာရှိသလို၊စာရေးတဲ့အရွယ်မှာ ကလေးတစ်ယောက်ရဲ့ ခံစားမှုကို ဆင့်ပွားခံစားရသလိုမျိုးတွေ ရေးဖွဲ့ထားတာကိုလည်းတွေ့ရတယ်။အဲဒီအပိုင်းတွေဟာ ကလေးဆီကတဆင့်ကြားရပြီးပြန်ရေးတဲ့ အခြားစာရေးဆရာတစ်ယောက်ရဲ့ ရေးဟန်မျိုးဖြစ်သွားတာကိုတွေ့ရတယ်။အမန်ဒါကိုယ်တိုင်ကြုံခဲ့ရတာကို အရင်းအတိုင်းအလုံးစုံခံစားရေးသားသွားတာမျိုးမဟုတ်ဘူး။
ဒါကလည်း သူ့စိတ်ဒဏ်ရာတွေကြောင့် မြင်ကွင်းတွေကို အတိုင်းသားမြင်နိုင်ပေမယ့် ခံစားမှုတွေကိုကျတော့ စိတ်ဒဏ်ရာရဲ့ အကန့်အသတ်နဲ့ ထိတ်လန့်မှုတွေက လက်တွန့်သွားစေတာမျိုးလို့လည်းဆိုနိုင်မယ်ထင်တယ်။တစ်ခါတလေမှာ အမန်ဒါဟာ သူ့အတွေ့အကြုံတွေကို ပြန်ရေးနေတာမျိုးနဲ့မတူဘဲ အခြားတစ်ယောက်ရဲ့ အတွေ့အကြုံတွေကို
ပြန်ခံစားရေးဖွဲ့သလိုမျိုး ထွေပြားသွားတာကိုတွေ့ရတယ်။
အမန်ဒါရင်ဆိုင်ဖြတ်သန်း ကြိုးပမ်းအားထုတ်မှုတွေကတော့ ချီးကျူးစရာပါ။ခက်ခဲတာတွေကို ရင်ဆိုင်တုန့်ပြန် ကြိုးပမ်းရုန်းကန်ရတာ တကယ်မလွယ်ဘူးဆိုတာကို ပေါ်လွင်အောင် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။
ဘာသာပြန်တဲ့ စုမြတ်ချစ်က စာအုပ်ရဲ့ရနံ့ကိုမိအောင် ရယူနိုင်ခဲ့တယ်လို့ဆိုရမှာပါ။လေယူလေသိမ်း၊စာသွားစာလာတွေကို ခြုံငုံမိစေတဲ့
ဘာသာပြန်ဟန်ကို ရယူထားနိုင်တယ်လို့ မြင်ပါတယ်။အထူးသဖြင့် အမန်ဒါရဲ့ စိတ်သဘောတွေကို
ဖော်ပြရာရောက်တဲ့ တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြနေတဲ့ပုံစံမျိုး ' ရှင် ' ဆိုတဲ့ လေယူလေသိမ်းကို သုံးစွဲထားတာ တော်တော်လေးအဆင်ပြေတယ်လို့သဘောရပါတယ်။
စာအုပ်တစ်အုပ်လုံးရဲ့ ရနံ့၊ဝိညာဥ်ကို ဘာသာပြန်နေတဲ့ တစ်ချိန်လုံးမှာ အာရုံထည့်ထားနိုင်ရင် အဲဒီဘာသာပြန်( ရသ )ဟာ ခြုံငုံသက်ဝင်နေလေ့ရှိတတ်တာကို သတိထားမိပါတယ်။စုမြတ်ချစ်က ဒီစာအုပ်မှာ အဲဒီလိုသက်ဝင်မှုမျိုးရှိနေခဲ့တယ်လို့ခံစားရတယ်။
အမန်ဒါပြောသလိုပဲ ဒီဇာတ်လမ်းဟာ ကြေကွဲဝမ်းနည်းစရာမဟုတ်ဘူး။မျှော်လင့်ချက်နဲ့ ရှင်သန်လွတ်မြောက်မှုရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ဝတ္ထုကိုဖတ်ပြီးတဲ့အခါမှာတော့ ကြေကွဲဝမ်းနည်းစရာဇာတ်လမ်းလည်းဖြစ်နေတာကိုတွေ့ရတယ်။အဲဒီကြေကွဲဝမ်းနည်းစရာကြောင့်ပဲ မျှော်လင့်ချက်နဲ့ရှင်သန်လွတ်မြောက်မှုဟာ ပေါ်လွင်သွားတာဖြစ်ပါတယ်။အဲဒီတော့ ကျွန်တော်က နည်းနည်းလေးထပ်
ဖြည့်ပေးလိုက်ချင်တာက ဒီဇာတ်လမ်းဟာ ကြေကွဲဝမ်းနည်းစရာ( သက်သက် )မဟုတ်ဘူး။မျှော်လင့်ချက်နဲ့ ရှင်သန်လွတ်မြောက်မှုကို ( မွေးဖွားပုံဖော်ပေးလိုက်နိုင်ခဲ့တဲ့) ဇတ်လမ်းတစ်ပုဒ်ပါ။
စုမြတ်ချစ်ရဲ့ အာရုံစိုက်မှုကိုလည်း အသိအမှတ်ပြုလိုက်ရပါတယ်။