ရသအက်ဆေး ၁၄ပုဒ်စုစည်းမှု။
မဂ္ဂဇင်း၊ဂျာနယ်၊စာစောင်တွေမှာ ရေးထားတဲ့ အမှတ်တရအလွမ်းတွေ၊သတိတရအလွမ်းတွေ။လွမ်းစရာနဲ့လွမ်းမိတာဟာ တစ်ယောက်နဲ့တစ်ယောက် အခံဓာတ်အပေါ်မူတည်လို့ ကွဲလွဲတတ်ပါတယ်။ငယ်ဘဝတွေကို ပြန်လွမ်းရတာ စကားလက်ဆုံ လွမ်းစရာမကုန်တတ်သလိုပါပဲ။
တက္ကသိုလ်ကျောင်းသူဘဝအလွမ်းနဲ့အတူ သူငယ်ချင်းတွေ၊စာပေဝါသနာတူကြတာတွေ၊အိပ်မက်တွေဖလှယ်ကြတာတွေ၊ရင်ခုန်သံတွေ စသည်စသည်တို့ကို တို့ထိလွမ်းတယ်။
အဖေ အမေ၊အဖိုး အဖွား၊မိသားစုဘဝလေးတွေထဲကအမှတ်တရတွေလွမ်းတယ်။သူငယ်ချင်းတွေ၊ရပ်မိတ်ရပ်ဆွေတွေကိုလွမ်းတယ်။
သွားလာခဲ့ကြတာ၊ကျင်လည်ခဲ့ကြတာ၊စားသောက်စွဲလန်းခဲ့ကြရတာတွေကိုလွမ်းတယ်။ကိုယ့်ငယ်ဘဝနဲ့ကိုယ့်သမီးငယ်ဘဝကိုယှဥ်လို့ ရှေးရောက်နောင်တွေးလွမ်းတယ်။
စံပယ်ဖြူနုက စာရေးဆရာမဖြစ်တော့ သူ့စာတွေဖန်တီးတုန်းက အနေအထား၊အတွေ့အကြုံကိုလွမ်းတာပိုတာပေါ့။ဝတ္ထုရေးချင်သူများအတွက် သူ့အလွမ်းတွေကနေသူ့ဝတ္ထုဖန်တီးတည်ဆောက်ပုံအတွေ့အကြုံတွေကို ရရှိနိုင်ပါတယ်။
ဒါကြောင့်ဒီအက်ဆေးလေးတွေဟာ အလွမ်းတွေကနေ ခေတ်စနစ်တွေကို မြင်ရတယ်။အလွမ်းကနေ စာရေးသူ့နှလုံးသားကိုမြင်ရတယ်။အလွမ်းကနေသူ့စိတ်နေစိတ်ထားကိုမြင်ရတယ်။
ကျွန်တော်က စံပယ်ဖြူနုကို မန္တလေးနည်းပညာတက္ကသိုလ်မှာပြုလုပ်တဲ့ တက္ကသိုလ် ကောလိပ်ပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲ ဆုရွေးချယ်တုန်းကတစ်ခါပဲဆုံဖူးတယ်။အဲဒီတုန်းက ကျောင်းမှာဘောလုံးကန်လေ့ကျင့်နေကြတာကို စံပယ်ဖြူနုက သွားကြည့်ချင်သတဲ့။အဲဒီတုန်းက ဆရာမောင်ကိုကို(အမရပူရ)၊ဆရာမင်းတင်ထွဏ်းတို့လည်း ကျွန်တော်တို့နဲ့အတူပါတယ်။ကျွန်တော်တို့
ကမပြောရဘဲ ဆရာမကပြောတော့ သွားကြည့်ကြတယ်။
ဘောလုံးကန်လေ့ကျင့်နေတာကို စံပယ်ဖြူနုက တကယ့်ပွဲလို စိတ်ဝင်တစားကြည့်တယ်။သူ့မျက်နှာ၊သူ့အမူအရာ၊သူ့လှုပ်ရှားမှုတွေဟာ ဘောလုံးကန်နေကြသူတွေဆီမှာချည်းမဟုတ်ဘူး။ဘောလုံးသမားတွေမရှိတဲ့ ကွင်းပြင်ကိုငေးကြည့်ရင်း စောစောကဘောလုံးကန်တာကိုကြည့်နေ
တုန်းကလိုပဲတွေ့ရတယ်။
ကျွန်တော်သူ့ကိုကြည့်ပြီး ဒီနှမလေးစာရေးဆရာမဖြစ်လာတာ ဟန်ကျပေရဲ့လို့ကျေနပ်ခဲ့ဖူးတယ်။ပထမအကြိမ်မှာပဲ စာရေးဆရာမတစ်ယောက်ကိုတွေ့ပြီး အဲဒီလိုကျေနပ်ဖူးတာ ငွေဇင်ယော်ဦးလေးနဲ့သူပါပဲ။အဲဒီတော့လွမ်းတတ်သူစံပယ်ဖြူနုဟာ လွမ်းလောက်အောင်လည်း ရေးတတ်တဲ့ စာရေးဆရာမဖြစ်လာတာပဲပေါ့။
စံပယ်ဖြူနုစာအုပ်လေးဖတ်ရင်း ကျွန်တော့်မှာ မတွေ့ဖူးသေးပေမယ့် ချစ်နေရတဲ့ မလင်းမြလေးရဲ့ ယိုယိုသည်အသံလေးကို ကြားယောင်ရင်း ရင်ထဲကပြုံးလိုက်မိတယ်။စံပယ်ဖြူနုတို့မိသားစုလေး ကြည်နူးစရာကောင်းတဲ့ အလွမ်းလေးတွေကျန်နေရစ်စေမယ့် ဘဝကလေး ကုံလုံပြည့်စုံစွာရရှိကြပါစေ။