မယ်လွင့် ၅ပုဒ်၊အိမ်မွန် ၅ပုဒ်စုစည်းထားတဲ့ ဝတ္ထုတိုစုစည်းမှု။
ရုတ်တရက်ဖတ်လိုက်ရင် ဒီစာရေးဆရာမလေးနှစ်ယောက်ဟာ ရသအာလျတူတယ်လို့ထင်ရတယ်။ဒါပေမယ့်ကိုယ့်ဟန်နဲ့ကိုယ့်အာလျအတိုင်းပဲဆိုတာ အားလုံးဖတ်ပြီးသွားတဲ့အခါမှာသတိထားမိအောင်ကွဲသွားတယ်။
သူတို့ရဲ့အာရုံစေ့စပ်စူးစိုက်မှုကလည်း သတိမူမိစေတဲ့အထိ ထိမိကြတာတွေ့ရတယ်။
မယ်လွင့် ၅ပုဒ်ထဲမှာ ကျွန်တော်သဘောအကျဆုံးကတော့ The Story About ဆိုတဲ့ဝတ္ထုတိုလေးပါ။အဖွင့်ကို စိတ်ဝင်စားအောင်ဖွင့်လိုက်ရုံတင်မက ဝတ္ထုရဲ့ဗဟိုချက်နဲ့ ဖမ်းချိတ်ထားတဲ့ အရေးအသားနဲ့ဖွင့်လိုက်တာကို ဝတ္ထုအဆုံးသတ်မှာ ပြန်လာကပ်တဲ့အခါ အတော်ကလေးလှသွားတာကို တွေ့ရတယ်။
သမန်းဝံပုလွေဆိုတာ တကယ်ရှိလားမေမေ နဲ့စဖွင့်လိုက်တဲ့ဝတ္ထုဟာ စာဖတ်သူကို လျှပ်တို့လိုက်သလိုပေါ့။လူတိုင်းဟာ သမန်းဝံပုလွေတွေ၊သမန်းကျားတွေပဲသားရဲ့ဆိုတာနဲ့ ဝတ္ထုအပေါ်စိတ်ဝင်စားမှုကို အရှိန်မြှင့်တင်လိုက်တယ်။
အဲဒီနောက်ဝတ္ထုကိုဆက်ခင်းကျင်းသိုင်းဝိုင်းပြသွားတယ်။ကျွန်တော်ကတော့ ဆက်ဖတ်ရင်းနဲ့ ဝတ္ထုကိုဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်ဝင်စားမှုဆက်သွားတယ်။ဖိတ်ဖိတ်အဖေက သူ့လည်ပင်းက ကျောက်စိမ်းဆွဲပြားလေးကိုဆွဲဖြုတ်ပြီး ကောင်လေးလက်ထဲထည့်လိုက်ကာ ပြေးတော့လို့ ပြောလိုက်တဲ့အချိန် ဝတ္ထုဆက်တင်ထဲက
အကွက်အပြအခင်းအကျင်းတွေအားလုံးကို အမှောင်ထုထဲ လျှပ်စီးလက်လိုက်သလိုပဲ။
ကောင်လေးရဲ့မေမေနဲ့ ဖိတ်ဖိတ်အဖေတို့ရဲ့ဆက်ဆံရေးကို ကန့်လန့်ကာဖွင့်မပြပေမယ့် ရိုးတိုးရိတ်တိတ်မြင်ရအောင် ကန့်လန့်ကာကို ပါးပါးလေးချထားတာလေးသဘောကျစရာကောင်းတယ်။
အိမ်မွန်ရဲ့ ဝတ္ထုတိုအားလုံးကိုသဘောကျတယ်။သဘောအကျဆုံးကတော့ မိန်းကလေးနော်မာပဲ။ဝတ္ထုစဖွင့်ကတည်းက စိတ်ဝင်စားစရာ လျှို့ဝှက်သည်းဖိုဖွင့်လိုက်တယ်။မိန်းကလေးနော်မာဟာ သူ့ဦးလေးဖြစ်သူအလှဖန်တီးရှင်က သူ့မျက်မှောက်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာကို ပါဖောမင့်တစ်ခုကြည့်သလို ကြည့်နေခဲ့
တယ်။မိန်းခလေးနော်မာကလည်း သူ့ကိုယ်သူသတ်သေဖို့အကြိမ်ကြိမ်ကြိုးစားဖူးပေမယ့် မအောင်မြင်ခဲ့ဘူး။
မိန်းကလေးနော်မာ ဘာကြောင့်သတ်သေချင်နေရတာလဲဆိုတာကို အိမ်မွန်ကဆက်တင်ကောင်းကောင်းနဲ့တင်ဆက်ရေးဖွဲ့သွားတယ်။ကိုယ်နဲ့ထိစပ်သူတိုင်းကပျော်ရွှင်နေပြီး ကိုယ်ကပျော်ရွှင်မှုကို ခံစားမနေရတာဟာ ဘယ်လောက်ခံရခက်သလဲ တဲ့။ပြီးတော့ သူတို့ကိုမပျော်အောင်လုပ်ဖို့ဆိုရင် ဒီနည်းပဲရှိတာလေ တဲ့။