📚 ဆရာမမိုမိုစု (ဆေးတက္ကသိုလ်) ရဲ့ တတိယမြောက် စာအုပ်လေးဖြစ်တဲ့ ဒီဝတ္ထုတိုလေးတွေဟာ ငွေတာရီမဂ္ဂဇင်း၊ မဟေသီ၊ ကလျာ၊ ပင်လယ်ဘူး၊ Faces Magazine, Beauty-Max, Women's World Journal, MOOD Journal, စံတော်ချိန်သတင်းစာ အစရှိတဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ပုံနှိပ်ဖော်ပြခဲ့ဖူးတဲ့ မဂ္ဂဇင်းဝတ္ထုတိုလေးတွေကို စုပေါင်းထားတာပါ။ စုစုပေါင်း (၁၇) ပုဒ်ပါဝင်ပါတယ်။

📰 ဆရာမက ဆရာဝန်တစ်ယောက်ဖြစ်တာမို့ ဝတ္ထုအများစုက ဆေးရုံမှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံလေးတွေ၊ ခံစားမှုလေးတွေကို ဝတ္ထုအဖြစ် ပြောင်းလဲထားတာတွေ ပိုများပေမဲ့ မိဘမေတ္တာဘွဲ့၊ သူငယ်ချင်းသံယောဇဉ်၊ ငယ်ဘဝတမ်းချင်းလေးတွေ၊ ငယ်ဘဝ အတွေ့အကြုံတွေ၊ ခံစားမှုတွေ စသဖြင့် အမျိုးအစားစုံလင်တဲ့ သရုပ်ဖော် ရသဝတ္ထုတို (၁၇) ပုဒ်ကို ခံစားရမှာပါ။

📖 သြဇာအရှိန်အဝါ ကြီးမားမှုအောက်မှာ အမှန်တရားတစ်ခု ပျောက်ဆုံးခဲ့ရတဲ့ အကြောင်းလေး ရေးသားထားတဲ့ "ခွဲခွာခြင်းရဲ့နောက်ကွယ်" ဆိုတာလေး သဘောကျမိတယ်။ ဆရာမ တာဝန်ထမ်းဆောင်တဲ့ လုပ်သက် ခုနစ်နှစ်ကျော်နေပြီဖြစ်တဲ့ "မမြတင်" ဆိုတဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ရှိတယ်။ သူက အသက် ၃၀ ကျော်အရွယ် ကလေးနှစ်ယောက်မိခင်။ ဆေးရုံ VIP ခန်းမှာ ငွေတစ်သိန်း ပျောက်ဆုံးမှုနဲ့ သူ့ကို စွပ်စွဲကြတယ်။ မန်နေဂျာနဲ့ ဆေးရုံအုပ်ကို လူနာရှင်တွေက ဘယ်လိုတာဝန်ယူပေးမှာလဲ။ Facebook ပေါ် တင်လိုက်မယ်၊ ယောက္ခမလုပ်သူက အထက်လူကြီး ဘာညာနဲ့ ပြောဆိုကြတော့ ဆေးရုံအုပ်တို့လည်း ဆေးရုံထိခိုက်မှာစိုးတာနဲ့ သေချာမစုံစမ်းဘဲ အလျော်ပေးမယ့်အကြောင်း ပြောတယ်။

မမြတင်ရဲ့ ရိုးသားမှုနဲ့ ကိုယ့်ကျင့်တရားကို ဆရာမလေးတစ်ယောက်ကသာ ယုံတယ်။ ဒီလိုနဲ့ လျော်ရမယ့်ငွေ လေးပုံတစ်ပုံကို ဆေးရုံက စိုက်ပေးပြီး ကျန်လေးပုံသုံးပုံ ခုနစ်သောင်းခွဲကို မမြတင်က လစာထဲကနေ လစဉ် တစ်သောင်းခွဲ ဆပ်ရမယ်လို့ ဆေးရုံအုပ်ဘက်က ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ မမြတင်က နားကပ်ရောင်းပြီး ခုနစ်သောင်းခွဲလုံး ပေးပြီး ဆေးရုံကို နောက်မလာတော့ပါဘူး။ လူနာရှင်ထဲကတစ်ဦး ယူသွားတာလို့ နောက်မှသိလိုက်ရပေမဲ့ ဆရာမက လူနာကို ပြန်တောင်းပန်ခိုင်းသင့်ကြောင်း ပြောပေမဲ့ VIP မို့ မတောင်းပန်ခိုင်းကြောင်းနဲ့ အဆုံးသတ်သွားပါတယ်။ ငွေကြေး၊ ဂုဏ်ပကာသန၊ ရာထူးအဆင့်တွေကို လူတွေက ရိုးသားမှုထက် ပိုတန်ဖိုးထားလေ့ရှိကြောင်း ချပြပေးသွားတဲ့ ဝတ္ထုတိုလေးရယ်။

🗞 အဘွားနဲ့မြေးအကြောင်း ရေးထားတဲ့ ဇာတ်လမ်း "ရင်၌ဖြစ်သောမိုး" ကိုလည်း သဘောကျမိတယ်။ အဘွားနဲ့အတူ နေထိုင်တဲ့ "ဖိုးသား" လို့ခေါ်တဲ့ လူငယ်လေး။ ငယ်ငယ်လေးနဲ့ ဆေးလိပ်တွေ၊ ထန်းရည်တွေသောက်။ ဘွားအေဖြစ်သူက ဆိုင်ကယ်မဝယ်ပေးလို့ အမျိုးမျိုး ဆိုးသွမ်းပြနဲ့။ မိုးတွေအရမ်းရွာနေတဲ့ တစ်ညမှာ ဖိုးသား အိမ်ကနေ ထွက်သွားဖို့လုပ်တော့ အဘွားက လိုက်တားတယ်။ တားလို့မရတော့ ခြံရှေ့ထိလိုက်လာပြီး ထီးယူသွားဖို့ ကမ်းပေးတော့ ဖိုးသားက ထီးကိုယူပြီး လွှင့်ပစ်လိုက်တယ်။

မနက်လင်းလို့ အိမ်ပြန်လာတော့ အိမ်မှာ လူတွေစည်ကားနေတယ်။ အိမ်နီးချင်း အဘွားကြီးတစ်ယောက်က ပြောပြတာက မိုးရွာထဲ ထီးတစ်ချောင်းနဲ့ မြေးလုပ်သူကို လိုက်ရှာနေခဲ့ပြီး နှလုံးရောဂါအခံရှိတာနဲ့ သေဆုံးသွားတယ်တဲ့။ ဖိုးသားလည်း နောင်တရပေမဲ့ နောက်ကျသွားပြီမို့ အဘွားအပေါ် ပြန်ပေးဆပ်ချင်စိတ်နဲ့ မြို့မှာကျောင်းတက်ပြီး အင်ဂျင်နီယာ ဖြစ်အောင် ကြိုးစားကာ မြို့လေးကို ပြန်ရောက်လာပုံလေး ရေးထားတာရယ်။ မိုးရေထဲ ဘွားအေကြီး လိုက်ရှာနေတဲ့ ပုံရိပ်လေး မျက်စိထဲ မြင်မိတော့ တကယ်စိတ်မကောင်းဖြစ်ရတယ်။

📚 လူတွေ အကောင်းပဲလုပ်လုပ် အဆိုးပဲလုပ်လုပ် လိုက်ပြီး ဝေဖန်ပြစ်တင်ကဲ့ရဲ့တတ်တဲ့ ပတ်ဝန်းကျင်ရဲ့ သဘာဝကို ခင်းကျင်းပြထားတဲ့ "ပတ်ဝန်းကျင်မှစကားလုံးများ" ဆိုတဲ့အပုဒ်လေးလည်း သဘောကျစရာပါပဲ။ လဲ့လဲ့၊ ဝေဝေ၊ သဇင်နဲ့ မီမီဆိုတာ အလယ်တန်းကျောင်းသူကတည်းက ဆေးကျောင်းတက်တဲ့အထိ ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ။ ကျောင်းပြီးလို့ အိမ်ထောင်ပြုကြမယ်ဆိုတော့ သဇင်ဆိုတဲ့မိန်းကလေးကို ပြောကြတာက ယူမယ့်သူက ရိုးသားပြီး အသိုင်းအဝိုင်းကောင်းကလာတဲ့ အင်ဂျင်နီယာဖြစ်ပေမဲ့ ဆရာဝန်ဖြစ်ပြီး ဆရာဝန်အချင်းချင်း မယူလို့ဆိုတဲ့ အချက်နဲ့ ပတ်ဝန်းကျင်က ပြောကြတယ်။

လဲ့လဲ့ကျတော့ ယူမယ့်သူက ဆရာဝန်ပေမဲ့ လဲ့လဲ့က ချမ်းသာတာမို့ သူဌေးသမီးဖြစ်ပြီး ဆင်းရဲတဲ့ ဆရာဝန်ကို ယူလို့ ပြောကြပြန်တယ်။ နောက်တစ်ယောက် မီမီကျပြန်တော့ ကောင်လေးက ပိုက်ဆံရှိပေမဲ့ ဆရာဝန်မဟုတ်လို့၊ တိုက်တစ်လုံး ကားတစ်စီးနဲ့ တင်တောင်းတာတောင် ဆရာဝန်မမို့ ဒီထက်ပိုတင်တောင်းသင့်ကြောင်းတွေ ပြောဆိုကြတယ်။ ဝေဝေကျတော့ ငယ်ငယ်တည်းက နွမ်းပါးသူမို့ ချစ်ရသူကို ကျောခိုင်းပြီး ချမ်းသာတဲ့ သူဌေးသားဆရာဝန်နဲ့ ယူခဲ့တယ်။ ဒါပေမဲ့ ရှုပ်ပွေတဲ့ သူဖြစ်တာမို့ အိမ်ထောင်လည်း ကွဲပြန်ရော ဝေဖန်အပြစ်ပြောကြပြန်ရော။ ဘာပဲလုပ်လုပ် ပတ်ဝန်းကျင်ရဲ့အပြောအဆိုကတော့ မလွတ်ကြောင်း ရေးသားထားတဲ့ သဘောကျစရာ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

📰 လက်တွေ့ဘဝနဲ့ နီးစပ်ပြီး ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့သဘာဝ၊ လက်တွေ့ကျတဲ့ သရုပ်ဖော် ရသဝတ္ထုတိုလေးတွေမို့ ဖတ်ရတာ သဘောကျမိတယ်။

😇😇😇