“လွမ်းသူတယောက်အကြောင်း “
ကျွန်တော်တို့ရဲ့ မြန်မာရုပ်ရှင် မြန်မာသီချင်း မြန်မာဝတ္ထုတွေကို ဝေဖန်ကြသူတွေက “ဆုံတွေ့ ချစ်ကြိုက် ကွဲညား ထူးမခြားနားတဲ့ မဲပြာပုဆိုးဇာတ်ကွက်တွေ“လို့ ပြောလေ့ရှိပါတယ်။ သို့သော် မဲပြာပုဆိုးထက်ပိုရေးလို့ မရနိုင်ဘူးဆိုတာကိုလည်း လူတိုင်းသိနေကြပါရဲ့။

တခါတရံမှာတော့ ဒီမဲပြာပုဆိုးဆိုတဲ့ ဇာတ်လမ်းတွေထဲကနေဘဲ ငြိလုံးလေးတွေပါလာခဲ့ရင် ကြိုက်မိတာပေါ့။ ငြိဘို့ဆိုတာကလည်း ကိုယ်နဲ့အကြောင်းတိုက်ဆိုင်စရာတွေရှိမှ ငြိနိုင်တာပါ။ အခုတလောဖတ်မိတဲ့ စာအုပ်အတော်များများက ဘ၀အခက်အခဲတွေကို ရေးဖွဲ့ထားတာတွေနဲ့ဘဲ ကြုံနေရတော့ အကြောင်းအရာတွေထပ်ပြီး စာဖတ်ရတာ နည်းနည်းလေး စိတ်ငြီးငွေ့မိတာအမှန်ပါဘဲ။

ဒီအထဲကမှ ကျွန်တော့်ရင်ကိုလာငြိစေတဲ့ စာအုပ်တအုပ်ကိုဖတ်မိပါတယ်။ သိပ်ထူးထူးခြားခြားရေးဖွဲ့ထားတဲ့ ဇာတ်လမ်းမဟုတ်ပေမယ့် ဇာတ်လမ်းဖြစ်တည်ရာနေရာဒေသက ကျွန်တော်ရောက်ဖူးတဲ့ ဒေသကအဖြစ်အပျက်ဆိုတော့ ငြိမိတာပေါ့။

ဇာတ်လမ်းကတော့ လူပျိုကြီးတယောက်ရဲ့ ရင်ဖွင့်စာလေးပါ။ ဇာတ်လမ်း အခြေပြုရာမြို့ကတော့ မော်လမြိုင်တက္ကသိုလ်ပါ။ မော်လမြိုင်မြို့ကို ကျွန်တော် တညအိပ်ဘဲရောက်ဖူးပါတယ်။ မှတ်မှတ်ရရ ကိုဗစ်ကာလကြီးထဲမှာပါ။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၈)ရက် လားရှိုးမြို့က နေ့လည် (၂)နာရီလောက် ထွက်လာပြီး ည(၈)နာရီလောက်မန်းလေးရောက်။ ခဏဘဲနားပြီး ရန်ကုန်ဘက်ကို ဆက်ထွက်လာခဲ့ကြတယ်။ ညမထွက်ရအမိန့်ရှိတာကို မသိဘဲကျွန်တော်တို့ လာလိုက်ကြတာ ကံကောင်းလို့ ဘာအစစ်အဆေးနဲ့မကြုံလိုက်။ တကယ်တော့ ကျွန်တော်က ရန်ကုန်မှာဆင်းနေခဲ့ပြီး၊ ကျန်တဲ့အဖွဲ့ကမော်လမြိုင်ကို သွားကြမှာပါ။အမြန်လမ်းကနေ မော်လမြိုင်ဘက်ကို ၀င်ရမယ့်လမ်းရောက်တော့ မနက် ၁နာရီ။အချိန်မတော်ကြီး ရန်ကုန်အိမ်ကိုမသွားချင်တော့ မော်လမြိုင်ထိ လိုက်မယ်ဆုံးဖြတ်ပြီးအတူလိုက်သွားမိတာပါ။ ဒါနဲ့ဘဲ မော်လမြိုင်ကိုရောက်ဖူးသွားတယ်ဆိုပါစို့။

ဒီစာအုပ်ထဲမှာ ကျွန်တော် ခဏလေးဘဲ ရောက်ဖူးခဲ့တဲ မြို့လေးက အကြောင်းတွေ စုံစုံစိ။ မော်လမြိုင်တက္ကသိုလ်ကို အခြေခံပြီး ဖြစ်လာခဲ့တဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ဇာတ်လမ်းရိုးရိုးလေးတစ်ခုပါပဲ။ မြန်မာနိုင်ငံရဲ့ ၈၈၈၈ ကာလမှာ ကျောင်းတွေပိတ် ဘဝတွေ အမျိုးမျိုးပြောင်းလဲကုန်ကြ။ အရေးအခင်းငြိမ်သက်လို့ ကျောင်းတွေ ပြန်ဖွင့်တော့ အသ်တွေ ကြီးရုံမကဘဲ လူစုံတက်စုံကျောင်းကို ပြန်ရောက်မလာတော့။ ဘဝအခက်အခဲကို ရုန်းကန်ရင်း အစ်ကိုအမတွေရဲ့ ထောက်ပံ့မှုနဲ့ ခက်ခက်ခဲခဲ ကျောင်းတက်နေရတဲ့ ဝင်းထွဋ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရယ် ပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပေါက်ဖွားလာတဲ့ မြလေးနွယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပါ။ လူတန်းစား ကွာခြားမှုတွေဘာတွေက ပြောလွန်းလို့ ရိုးအီနေတော့ အဲ့လိုအဖြစ်အပျက်တွေကတော့ မထူးဆန်းဘူးဆိုနိုင်ပါတယ်။