မီးရောင်အောက်ကိုဝင်
လူပြက်တွေနဲ့တွဲ မဟုတ်ဘူး၊
မကျော့တို့ကတော့
မီးရောင်အောက်ကိုဝင်
မော်တာစက်နဲ့ တွဲပေါ့....။
ကျွန်မတို့တွေ သွားရင်းလာရင်း
လမ်းမှာ စက်ရုံယူနီဖောင်းဆင်တူလေးတွေ ဝတ်ထားတဲ့ အစ်မ၊ညီမလေးတွေကို ဖယ်ရီကားပေါ်မှာ၊ ကားမှတ်တိုင်တွေနားမှာ မကြာခဏတွေ့ဖူးကြမယ်
ထင်ပါတယ်။
မနက်ခင်းအစောဆို ဖယ်ရီစောင့်နေတဲ့ သူတို့လေးတွေကို အမြဲဆိုသလို မျက်မှန်းတန်းမိနေတယ်။
ဒါပေမဲ့ ခဏလေး မြင်ပြီး မြင်ကွင်းကပျောက်ဆို စိတ်ထဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာပေါ့လေ။
တစ်ခါတုန်းက ခရီးသွားရင်း တွေ့ဖူးတဲ့
စက်ရုံက ညီမလေးတစ်ယောက်ကိုလည်း သွားသတိရမိတယ်။
ဘေးချင်းကပ်ဆိုတော့
သူ့အကြောင်းတွေ ပြောပြရင်း
"အပ်ကျိုးပြီး စိုက်သွားတာ မမရဲ့"ဆိုတဲ့ သူ့ရဲ့လက်မအလည်တည့်တည့်က အပ်စိုက်ထားတဲ့ ဒဏ်ရာလေးကိုလည်း
ပြေးမြင်မိပါရဲ့....🥺💔
ဒီစာအုပ်လေး ဖတ်မိတော့မှ သူတို့ဘဝကို ပိုပြီး စာနာမိသွားတယ်၊
သူတို့ခံစားနေရတဲ့ ဒုက္ခအခက်အခဲတွေ အတွက်လည်း စိတ်မကောင်းဖြစ်မိရတယ်။
စာအုပ်လေးထဲက မိထူး၊ မကျော့၊
မဝါ၊ မချို၊ မမြင့်သန်း၊ မေမိုး...။
သူတို့ ဘဝလေးတွေထဲ
ဝင်ခံစားရင်း၊သူတို့ရဲ့ နေမမြင်အင်ပါယာကြီးကို မြင်ယောင်လာပြီး မွန်းကျပ်မိလာတယ်။
စူပါ၊အောစူပါ၊လီဒါ၊လိုင်းသား၊ကျူစီ၊ဟယ်ပါ ဆိုပြီး အဆင့်ဆင့်
လည်ပတ်နေတဲ့ သံသရာစက်ဝန်းထဲက
စက်ရုပ်သာသာ နေ့ရက်တွေ....။
ရတဲ့ လုပ်ခလစာက မလောက်မငမို့
အိုတီကြေး၊ရက်မှန်ကြေးစတာတွေကိုလည်း မက်မောရ၊ နေမကောင်းဖြစ်ရင်လည်း မနားနိုင်၊လက်ထဲ အပ်စိုက်ဝင်ရင်တောင် ကိုယ်တာဝန်ယူထားတာ
မပြီးပြတ်သရွေ့ နားခွင့်ရယ်လို့
မယူနိုင်တဲ့ ဘဝတွေပေါ့။
မိသားစု၊အဖေ၊အမေ၊သားသမီးဆိုတဲ့
နှောင်ကြိုးတွေကြောင့် တော်ရုံနဲ့
ရုန်းမထွက်နိုင်ကြ၊ တချို့ကျလည်း
သုံးနိုင်တာထက် ပိုပြီး ဝတ်ချင်စားချင်ကြတော့ "မေမိုး"လို ခန္ဓာရင်းပြီးလုပ်စားရတဲ့ ဘဝမျိုးတွေ ရောက်ကြရသတဲ့။
သူတို့အတွက် ပျော်စရာဆိုတာ
မိသားစုဆီ ပိုက်ဆံပြန်ပို့ပေးနိုင်တဲ့အချိန်၊
အဆောင်ခန်း ကျဥ်းကျဥ်းလေးထဲမှာ
စုပြီး ဇာတ်ကားကြည့်ကြတဲ့အချိန်၊
ရုံးပိတ်ရက်ရှည်ရလို့ မွေးရပ်ဇာတိကို
ပြန်ဖြစ်တဲ့ အချိန်လေးတွေပါပဲ။
ကျန်တဲ့အချိန်ကတော့ ငွေသောင်း
ကဏန်းလောက်လေးနဲ့ လကုန်ထိ တောင့်ခံရတဲ့ ရင်မောရက်ရှည်တွေပေါ့။
ဒါပေမဲ့ ဒီစာအုပ်လေးကို ဖတ်ရတာ
သိပ်သဘောကျတာပဲ။ ဆရာမ Hpraw San ကိုယ်ပိုင်စာအုပ်တိုက်က ထွက်တဲ့
ပထမဆုံး လုံးချင်းဖြစ်တယ်လို့လည်း
သိရပါတယ်။
ဇာတ်ကောင်တစ်ယောက်ချင်းစီတိုင်းအတွက် ဆရာမ ကြိုးစားအားထုတ်ထားတာကိုလည်း ခံစားမိတယ်။
သေချာအသေးစိတ်လေး
မြင်သာအောင်ရေးထားတာမို့ သူတို့ရဲ့
ပူပင်သောကတွေ၊ပျော်ရွင်မှုတွေ
အားလုံးဟာ စာဖတ်သူရင်ထဲထိ
နက်နက်ရှိုင်းရှိုင်း ဝင်ရောက်
နေရာယူသွားလေရဲ့...။
ဖတ်ပြီးသွားတာတောင် ဒီစာအုပ်ကို
ထပ်ဖတ်ချင်သေးတယ်ဆိုတဲ့ စိတ်ကလေး ဖြစ်နေသေးတာပါပဲ။❤️
မဖတ်ရသေးရင် ဖတ်ကြည့်ဖို့လည်း
ညွှန်းပေးပါရစေနော်။ ကျွန်မတော့
သိပ်ကြိုက်ပါတယ်။❤️
လက်ဆောင်ပေးတဲ့ အစ်မထက်ကို
အများကြီး ကျေးဇူးတင်ပါတယ်😍
ဖတ်စေချင်တဲ့စာအုပ်လေး ဖတ်ပြီးသွားပါပြီ။🥰
#ဖရော်ဆန်
#နေမမြင်အင်ပါယာ
#reviewby하은
#Aug13