📚ဒီတခါဖတ်ဖြစ်တဲ့စာအုပ်လေးကတော့ ဆရာမ ခေတ်ရှေးညို- Cho Yee Mon က မေတ္တာလက်ဆောင်ပို့ပေးတဲ့ သံစဉ်(MelodyAxis) ရဲ့ ကဗျာစာအုပ်လေးပါ။ ဒီစာအုပ်လေးက စိတ်ကူးအသစ်လေးနဲ့ ချစ်စရာလေးလို့ပြောရပါမယ်။ အညိုရောင်ကျွန်တော့်ရပ်ဝန်းဆိုပြီး တခြမ်း ၊ အညိုရောင်ဟန်နေရပ်ဝန်း ဆိုပြီး တခြမ်း တအုပ်ထဲမှာရှေ့နောက်ပါပါတယ်။
📚 ပထမဆုံး " အညိုရောင်ကျွန်တော့်ရပ်ဝန်း" ဆိုတဲ့ တခြမ်းကို အရင်ဖတ်ဖို့ရွေးခြယ်ဖြစ်ခဲ့ပါတယ်။ စစချင်းအဖုံးနောက်ကျောခေါက်ထားတာလေးမှာ ပါတဲ့ စာသားလေးကိုဖတ်မိရင်ပဲ ဒီစာအုပ်လေးဟာ ကိုယ့်အကြိုက်ဖြစ်ဖို့ရာခိုင်နှုန်းများပြီလို့ တွေးမိပါတယ်။
" ကျွန်တော်တို့ဟာ ဘဝမှာ
မဖြစ်မနေ သန်မာခဲ့ရတဲ့အချိန်တွေ
ရှိခဲ့ကြမှာပါ …။
ဘယ်လောက်တောင်မှ ပြိုလဲချင်ပြီး
စိတ်တွေအပိုင်းပိုင်းကျိူးကြေခဲ့ရလဲ
ငါလဲကျလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့
သန်မာပြခဲ့ရတဲ့အချိန်တွေမှာ
ကျွန်တော့အတွက် ထွက်ပေါက်က
ဒီစာလေးတွေ ကဗျာလေးတွေပါပဲ..။ "
" အညိုရောင်ကျွန်တော့်ရပ်ဝန်း " အခြမ်းမှာ ကဗျာပုဒ်ရေ (၆၀) ပါပါတယ်။ ကဗျာဆိုတဲ့အတိုင်း ဖတ်လိုက်တွေးလိုက်နဲ့ စီးမျောရတာကိုက အရသာတခုပါ ။အနားမှာကော်ဖီတခွက်လောက်ရှိရင် ကော်ဖီသောက်လိုက် ကဗျာလေးဖတ်လိုက်နဲ့ဆို ပိုကောင်းမယ်လို့တွေးမိပါသေးတယ်။ ပြီးရင် စီးကရက်မသောက်တတ်ပေမယ့် စီးကရက်ကိုရှိုက်ပြီး ကဗျာဖတ်လိုက် အငွေ့တွေမှုတ်ထုတ်ရင်း တွေးလိုက် လုပ်ချင်လာသလိုခံစားရပါတယ်။ ကဗျာတွေများစွာဖတ်ဖြစ်ခဲ့ပေမယ့် ဒီစာအုပ်ကျမှ အဲ့ခံစားချက် ဖြစ်မိတာတော့ ဝန်ခံပါရစေ။
📚📚📚
( ၂၇ )
" ဒုက္ခလားဟေ့ လာခဲ့လေ
တံခါးဖွင့်ထားတယ်
အိမ်ရှေ့ကဝင် နောက်ဖေးကဆင်း
အချိန်ရရင် ဧည့်ခန်းမှာနားပေါ့ကွာ
ဒါပေမဲ့
လူမသိသူမသိတော့မပြန်နဲ့
တပွဲတလမ်းပေါ့
အရိုးကြေကြေ အရေခမ်းခမ်း "
📚📚📚
( ၅၁ )
" ခင်ဗျား
ကျွန်တော့်ကို တောင်းပန်စရာမလိုဘူး
ဘယ်သူ့ကိုမှလဲ တောင်းပန်စရာမလိုဘူး
ကျွန်တော်တို့ဟာ ဘယ်သူ့ရဲ့
အပြစ်သားတွေမှ မဟုတ်ခဲ့သလို
ကိုယ့်ကမ္ဘာမှာ ကိုယ်
မှန်ခဲ့ကြတာပဲလေ …။"
📚 " အညိုရောင်ဟန်နေရပ်ဝန်း " ဆိုတဲ့အခြမ်းကိုဆက်ဖတ်ဖြစ်ပါတယ်။ ဒီအခြမ်းမှာကျ ကဗျာပုဒ်ရေ ( ၆၃ ) ပုဒ်ပါပါတယ်။
📚📚📚
( ၂ )
" သံသရာဟာ မင်းစိတ်နဲ့စပြီး
မင်းစိတ်နဲ့ဆုံးတယ်
လည်ပတ်ခြင်းကင်းတဲ့
သိပ်ကိုလှတဲ့ သံသရာ
ဟန်နေလို့ နာမည်ပေးထားတယ် "
📚 ဟန်နေကို ရည်ရွယ်ပြီး ရေးထားတာတွေဖတ်ရင်း နားထဲမှာကြားရောင်မိနေတာက Rဇာနည် ရဲ့ " ဟန်နေ " သီချင်း ။ အဲ့သီချင်းလေးကို ပြန်ရှာဖွင့်ပြီးနားထောင်ရင်း ဒီကဗျာတွေကိုဖတ်ရင် ပိုမိုက်မယ်ထင်ပါရဲ့။ကျွန်တော်ကတော့ ဒီ " အညိုရောင်ဟန်နေရပ်ဝန်း "က ကဗျာတွေကို ပိုနှစ်သက်ပါတယ်။ လွမ်းရဆွေးရတာကိုမှ နှစ်သက်မိသူဆိုတော့လည်း ဒီအခြမ်းက ကဗျာတွေကို ပိုခံတွင်းတွေ့တာဖြစ်နိုင်ပါတယ်။
📚📚📚
( ၁၂ )
" အချိန်ခါမဟုတ် လွမ်းတဲ့အခါ
သတိရခြင်းတွေကို သိမ်းထုပ်ပြီး
လွတ်လပ်စွာ ဖြန့်ကျဲလိုက်တယ်
ငါ့ရဲ့မနက်ခင်းတိုင်းမှာ
မင်း အမြဲရှိပါစေ။ "