📖 ဆရာမ နုနုရည်(အင်းဝ) ရဲ့ စာအုပ်တွေနဲ့ ဝေးနေတာကြာပါပြီ။ အခုတော့ အားလုံးငြိမ်ပါ မီးစုံဖွင့်မယ် ဆိုတဲ့ စာအုပ်လေးထွက်လာတော့ အဆင်သင့်စွာပဲ ဖတ်ရပါတော့တယ်။ ဒီစာအုပ်ဟာ ဒုတိယအကြိမ်ဖြန့်ချိတာဖြစ်ပြီး ပထမအကြိမ်ဖြန့်ချိစဉ်က စာပေစိစစ်ရေးကြောင့် " မင်းသားသုံးသိန်း၊ မင်းသမီးတစ်သိန်း၊ လူကြမ်းတစ်ရာ " ဆိုတဲ့နာမည်နဲ့ ထုတ်ဝေခဲ့ရတယ်လို့ ဆရာမအမှာစကားမှာဖတ်ရပါတယ်။ အခုတော့ ဆရာမပေးချင်ခဲ့သော နာမည်လေးနဲ့ ပရိသတ်လက်ထဲ အပ်နှံနိုင်ခဲ့ပြီ။

📖 ဇာတ်လမ်းကတော့ ကျနော်နဲ့အလှမ်းဝေးတဲ့
နယ်ပယ်တခုကို ဇာတ်အိမ်တည်ထားတာမို့ ဖတ်ရတာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာအမှန်ပါပဲ။ရုပ်ရှင်ဖလင်တွေပြတ်တောက်ချိန်မှာ ဗီဒီယိုစျေးကွက်တခုပေါ်ပေါက်လာပြီး အဲ့ဗီဒီယိုလောကကိုအခြေပြုရေးဖွဲ့ထားတာပါ။စကားစပ်လို့ပြောရရင် ဗီဒီယိုခေတ်ကို ကျနော်တို့ကောင်းကောင်းမှီတယ်ပြောရပါမယ်။ရပ်ကွက်ထဲက ဗီဒီယိုရုံမှာသွားကြည့်ရတာပါ။ ကျနော်တို့ခေတ်က မင်းသားမင်းသမီးကတော့ ရဲကိုကိုနဲ့လင်းဇာနည်ဇော်ပေါ့ဗျာ။( ဒါက ခြွင်းချက်)

📖 ဒီဝတ္တုဟာ ဇာတ်လမ်းဆိုတာထက် ဗီဒီယိုရိုက်ကွင်းပေါ်က ဘဝတွေအကြောင်းလို့ပြောရင်တောင် ပိုမှန်ပါလိမ့်မယ်။ ရှုတင်မန်နေဂျာ ကိုစိုး ၊ ဗီဒီယိုမင်းသမီး ဒေဝီ ၊ ဒေဝီရဲ့ မိတ်ကပ်ဆရာ ချယ်၊ စူပါမင်းသား တင်ရဲနောင် ၊ ကင်မရာမင်း ဖြိုးဝေ ၊ လူကြမ်း စံဗိုလ်ကြီး တို့ရဲ့ ဘဝတွေကို အချိတ်ဆတ်မိမိနဲ့ တင်ပြထားတာ ဖတ်ရပါတယ်။

📖 အဲ့ဒီအပြင် ကင်မရာအယူအဆတွေ၊ မီးထိုးမှန်ထိုး အလင်းအမှောင်အယူအဆတွေ၊ ဗီဒီယိုကားတကားကို ဘယ်လိုပုံစံရိုက်ကူးရလဲဆိုတာတွေကို အသေးစိတ်ဖော်ပြထားလို့ ဗီဒီယိုရိုက်ကွင်းတခုကို သွားပြီး လေ့လာကြည့်ရှုရသလိုပါပဲ။

📖 ဆရာမနုနုရည်(အင်းဝ) ဟာ လူ့ဘဝ။ လူ့ပတ်ဝန်းကျင်အကြောင်းတွေကို ရေးတဲ့အခါ ထဲထဲဝင်ဝင်လေ့လာပြီးရေးတယ်ဆိုတာ သူ့စာအုပ်ဖတ်ဖူးသူတိုင်း သိကြပါတယ် ။ ဒီဝတ္တုဆိုရင်လည်း ဗီဒီယိုလောက၊ဗီဒီယိုရိုက်ကွင်းတွေကို သေချာကွင်းဆင်းလေ့လာပြီး ရေးထားတာပဲ ဖြစ်နိုင်တာမို့ အပေါ်မှာပြောခဲ့သလို စာဖတ်ရင်း ရိုက်ကွင်းထဲရောက်နေရသလို ခံစားရပါတယ်။