စာအုပ်နာမည်နဲ့တင် ဖတ်ချင်မိတဲ့စာအုပ်လေးပါ။လူတိုင်းကိုယ်စီ မွေးဖွားရာဇာတိကို လွမ်းဆွတ် တမ်းတတတ်ကြပါတယ်။
အဝေးရောက်နေပါစေ၊ မြို့ကြီးပြကြီးမှာ ကောင်းကောင်းနေရပါစေ ဇာတိစိတ်နဲ့
လွမ်းမိကြတာချည်းပါပဲ။စာအုပ်တစ်အုပ်ထဲ ဖတ်ဖူးတာလေး ဥပမာပေးရမယ်ဆိုရင် တိုက်တဲ့လေ၊ စွေတဲ့မိုးကိုတောင်
ဇာတိမြေဆီ ပို့ပေးချင်ပါသတဲ့ ဆိုပြီးကို
ကြံဖန်သတိရတတ်တာမျိုးပေါ့❤️
အခုစာအုပ်လေးထဲမှာဆိုရင် ဆရာကိုလေးမြတ်ရဲ့ ရွာကလေးအကြောင်းကို ခံစားဖတ်ရှုရမှာ ဖြစ်ပါတယ်။
သည်ရွာကလေးက မုံရွာမြို့နယ်ထဲက
မုံရွေး-ကြေးမုံ ဆိုတဲ့ ရွာကလေးအကြောင်းပါ။လှည်းလမ်းကြောင်းပဲ ခြားတဲ့ ရွာကလေးတွေမို့ တဆက်တည်း
အမည်တွင်နေတာလို့လည်း သိရပါတယ်။
ကျေးလက် လက်ဖက်ရည်ဆိုင်လေးတွေ၊
ခဲပေါက်ပွဲ၊အခုခေတ်နဲ့ မတူစည်းစနစ်ကျတဲ့ သူခိုးကြီးညအကြောင်း၊ကက်ကြေးပန်းပဲလုပ်ငန်း၊ ခုံဖိနပ်ခုတ်လုပ်ငန်း၊ ချိန်ခွင်ခွက်၊ ခက်စောင်၊ ကားတာယာဖိနပ် စတဲ့လုပ်ငန်းတွေအကြောင်းကိုလည်း အသေးစိတ်ရေးပြသွားတာမို့ ဗဟုသုတ အများကြီးရစေပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်ခေါ်ကြတဲ့အခါ နာမည်နှစ်လုံးဆင့်ခေါ်ကြတာလေးကလည်း ချစ်စရာကောင်းတယ်လို့ခံစားရပါတယ်။နောက်ပြီး ရွာကလေးမှာ(၁၉၅၁ခုနှစ်မှ အခုထိဆို)
နှစ်ပေါင်း ၇၀ကျော်သက်တမ်းရှိပြီဖြစ်တဲ့"အလင်းရောင် စာပေဗိမာန် စာကြည့်တိုက်လေး" ရှိနေတာကလည်း လေးစားဂုဏ်ယူစရာပါပဲ။
နောက်ထပ်ချန်ထားလို့ မဖြစ်တဲ့အရာကတော့ အညာစာလေးတွေပေါ့။သားကြီး ငါးကြီးမဟုတ်တဲ့ ပဲဆံကြော်ချက်၊ငရုတ်သီးကြော်၊ငါးခြောက်ထိုး၊ပဲဆံဟင်းချို၊ပဲတီချဥ်ဟင်း၊မှန်ရောင်ဟင်းချို
စတဲ့ ဒေသစာလေးတွေကလည်း ဖတ်ရင်း စားချင်လိုက်တာလို့ မကြာခဏတွေးမိတာရယ်...။အချိုတည်းဖို့ကတော့ ဆီထွေး(နှမ်းနဲ့ထန်းလျက်ရောနယ်ထားတဲ့ အစားအစာ)ဆိုတာလေး စားဖူးချင်မိရဲ့❤️
မှတ်သားမိတဲ့ စကားလုံး အသုံးအနှုန်းလေးတွေကလည်း အများကြီးပါပဲ။နောက်ပြီး ရွာကလူတွေအကြောင်းကတော့ ရယ်စရာအသောလေးတွေရော၊ ဘဝအမောလေးတွေရော ရှိလေရဲ့။
ဆရာကြီး ရွာကလေးကို စသွားကတည်းက ဖတ်လာလိုက်တာ...ရွာကနေ ရန်ကုန်ကို ပြန်ချိန်ရောက်လေတော့ ကိုယ်ပါရောပြီး ဝမ်းနည်းသလို၊လွမ်းသလို ခံစားချက်လေး ဖြစ်ရပါသေးတယ်။
ကျွန်မကတော့ ရွာဓလေ့ဆို သိပ်သဘောကျတယ်။တိမ်ကောပျောက်ကွယ်လာတဲ့ အရာတွေအတွက်လည်း စိတ်မကောင်းဖြစ်ရသလို အခုထိ ကျန်ရှိနေဆဲ ထိန်းသိမ်းထားတဲ့ အရာလေးတွေကိုလည်း တန်ဖိုးထား မြတ်နိုးမိပါတယ်။
စာအုပ်လေးရေးသားပေးတဲ့ ဆရာကိုလေးမြတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ဆရာကြီး ကျန်းမာအေးချမ်းပါစေ🙏🙏🙏
#ကိုလေးမြတ်
#ရွာအကြောင်းရွာကလူတွေအကြောင်း
#စာရိပ်မြိုင်စာပေ
#reviewby하은
#13Dec2023