ကိုယ်မဖတ်ဖူးတဲ့ ကလောင်တစ်ခုကို ဖတ်ဖြစ်ဖို့ဆိုတာ၊ စာညွှန်းကောင်းတစ်ခုဖတ်မိဖို့လည်း လိုသေးတယ်လို့
ထင်ပါတယ်။

အခုလည်း "ဆရာမပျိုး" ဖတ်ညွှန်းလေးကြောင့် ဖတ်ဖြစ်သွားတဲ့ စာအုပ်ကလေးပါ။ "ညီမလေး ကြိုက်မှာသေချာတယ်"
ဆိုတဲ့ စကားလေးကို ဒီစာအုပ်ကလေးဖတ်အပြီးမှာ ပြန်မြင်ယောင်ပြီး ပြုံးမိရတယ်။ ကျေးဇူးတင်ရ ချစ်ရတဲ့၊
ဆရာမပျိုးပါ။ 😘💗

ဆရာဇေဦးယျာရဲ့ စာအုပ်ကလေး
နာမည်က "လွန်းလေနောင်း" တဲ့...။

စာအုပ်လေးဖတ်ရင်း စိတ်မှန်းနဲ့
နာဂတောင်တန်းတွေဆီ
အလည်တခေါက် ရောက်ခဲ့ရပါတယ်။

"မင်းထက်"ဆိုတဲ့ ဆရာဝန်လေး
"ဆွမ္မရာရွာကလေး"ဆီ သွားဖို့
အကြောင်းဖန်လာပုံကိုက
ကံကြမ္မာလို့ပဲ ပြောရမလိုပေါ့...။

"မင်းထက်" မထင်ထားခဲ့တဲ့ သူ့ရဲ့
ငယ်ဘဝ အတိတ်ဇာတ်ကြောင်းကနေ
သူရှာဖွေချင်ခဲ့တဲ့ အရာတွေကို
တွေ့မလားဆိုတဲ့ စိတ်ကလည်း
"မင်းထက်" နဲ့ ထပ်တူ
သိချင်စိတ်တွေ၊
အလိုမကျမှူတွေက
ဖြစ်နေတော့တာရယ်...။

နာဂမျိုးနွယ်စုတွေ အများကြီးရှိကြတာရယ်၊ ဒေသအခေါ်အဝေါ် ၊
အသုံးအနှုန်းတွေကိုလည်း
ဗဟုသုတရဖွယ် ဖတ်ရှူရပါတယ်။
နောက်ပြီး လမ်းပန်းဆက်သွယ်ရေး
ခက်ခဲတာတွေကိုလည်း စာအုပ်ကလေးကတဆင့် သိခွင့်ရတယ်။ ရောင့်ရဲတင်းတိမ်လွယ်တယ်ဆိုတဲ့ နာဂလူမျိုးတို့ရဲ့ စိတ်ကလေးကိုလည်း လေးစား
ချစ်ခင်မိတယ်။
မျက်ရည်ဝဲရတဲ့ အခန်းကလေးတွေလည်း ပါသေးရဲ့..။

"မင်းထက်"နဲ့ သူ့အပိုး(အဖေ)
ပြန်တွေ့ကြတဲ့ နေရာလေး၊
အပိုးသားက လူမျိုးခြား(ဗမာ)ဖြစ်သွားပြီလို့ တွေးမိလို့ ဆိုပြီး အပိုးပြောတဲ့
နေရာလေးရယ်၊
"ကျော်ပေါ့"(မင်းထက်) နဲ့ "ယားပေါ့"
ညီအစ်ကို နှစ်ယောက်ပြန်တွေ့တဲ့အခန်း၊
ညီလေးက အကိုကြီးကို ချစ်ပါတယ်လို့
ပြောတဲ့အခန်းလေးတွေမှာပေါ့...။

နောက်ပြီး "မွန်ဗိုင်း"အကြောင်း
ပြောပြနေတဲ့ အပိုး ရင်ထဲကို
မြင်ရသလို ခံစားရပြီး
ထပ်တူ နာကျင်နေမိတာပဲ။

"လွန်းလေနောင်း" လွမ်းစရာကောင်းတဲ့
ရွာကလေးတဲ့...။ တောင်ခါးပန်းပေါ်
မေးတင်တည်ထားတယ်ဆိုတဲ့
ဒီရွာကလေးကို
စာအုပ်ကလေး ဖတ်ရင်း သံယောဇဥ်တွယ်မိရတယ်။ လွမ်းမိရတယ်။ မိဘနဲ့ သားသမီးကြားက၊ သွေးရင်းတွေ
ကြားက ချစ်ခြင်းမေတ္တာတွေက နူးညံ့လွန်းသလို နှလုံးသားကိုလည်း လှုပ်ခတ်စေနိုင်တဲ့အရာမို့ ခံစားမိစေပါတယ်။
ဖတ်ကြည့်ရင် "လွန်းလေနောင်း" ဆိုတဲ့
ရွာကလေးကိုရော ဒီစာအုပ်ကလေးကိုရော ချစ်မိမှာအသေအချာပါပဲ။
အရေးအသားပိုင်းမှာလည်း စကားလုံးလေးတွေက တဆင့် ခံစားချက်တွေက စိတ်ထဲအထိ စိမ့်ဝင်လာစေတာမို့လို့ ဖတ်ရတာ ကျေနပ်မိပါတယ်။
စာအုပ်ကောင်းလေးအတွက်
"ဆရာဇေဦးယျာ"ကိုလည်း
ကျေးဇူးတင်ပါတယ်။

#ဇေဦးယျာ
#လွန်းလေနောင်း
#DecBook
#No85