ဒီတစ်ခါတော့ ကုန်းဘောင်မင်းဆက်အကြောင်းတွေထဲကနေ ရုန်းထွက်ပြီး မွန်သူရဲကောင်းတွေအကြောင်းကို ဖတ်ဖြစ်သွားပါတယ်။ ဒီစာအုပ်ကိုဖတ်ပြီးတော့ အလွန်အမင်း ထပ်ဖတ်ချင်တဲ့ စိတ်ဖြစ်မိတာက"ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း " ပါပဲ.။
မိန်းမသား လည်းဖြစ်တယ်။ ကျဆုံးစစ်သည်တွေရဲ့အကြောင်းတွေ ၊ သူတို့ရဲ့ဘဝတွေ ၊ ကျန်ရစ်သူမိသားစုတွေရဲ့အကြောင်းတွေကိုကြားလည်းကြားဖူး ၊ သိလည်းသိဖူးထားတော့ "သူရဲကောင်း" ဆိုတဲ့ မတ်သံလုံ.တို့ စောသံမုန်တို့ထက် နောက်ပိုင်းမှာ စိုးရိမ်နေရတဲ့ အန္တရာယ် ကင်းပြီးကျန်းမာဖို့ စိတ်ပူနေရတဲ့မွေ့ ကေသာ (နှင်းကေသရာ) ရဲ့ ဘဝကို ပိုစိတ်မောရတယ်။ စစ်ထွက်သူရဲ့ ချစ်သူ ၊ ဇနီးမယား ဆိုတာ ဘယ်ခေတ်မှာ ဖြစ်ဖြစ် စိတ်လည်းပူရ ၊ သတ္တိလည်းရှိရ ၊ ရင်လည်းမောရရှာပါလား ဆိုပြီး ကရုဏာဖြစ်မိရပါတယ်။
" သူရဲကောင်း "တွေရဲ့ ရဲ့ရင့်တည်ကြည်တဲ့ စိတ်ဓာတ် နဲ့ သစ္စာတရားကို ဖတ်ရင်း..ဖတ်ရင်း.. နှစ်သက်ဖွယ် ခံစားမိပါတယ်။ ချစ်သောသူနဲ့ကွေကွင်းရခြင်းဆင်းရဲ အတွက် ဇာတ်ဆောင်တွေကိုယ်စားစိတ်မချမ်းမြေ့ရသလို ဘာကြောင့်စစ်တိုက်ရသလဲ ဆိုတော့
"ဘုရင်နှစ်ပါး အကုသိုလ်ဝင်လို့ဖြစ်ကြတာပဲလို့ဆိုလိုက်ပါတော့ဗျာ " ဆိုပြီး (ဒီစာအုပ်ထဲက)သူရဲကောင်းလဂွန်းအိမ် ပြောသွားတဲ့စကားမှာတော့ တွေးစရာအများကြီး ရလိုက်ပါတယ်။
အမှာစာထဲမှာတော့ ဆရာက ဒီဝတ္ထုကို စကားလုံးတစ်လုံးထဲနဲ့ပြောပါ ဆိုရင်တော့ "ငြိမ်းချမ်းရေး" လို့သတ်မှတ်တယ်လို့ရေးထားပါတယ်။ ဆရာချစ်ဦးညို စာအုပ်တွေဖတ်မယ်ဆိုရင် တကယ့်အဖြစ်အပျက်(သမိုင်းအချက်အလက်)ကိုအဓိက မထားပဲ ဆရာအမှာစာမှာရေးခဲ့သလို "ဝတ္ထုရေးသူ" တစ်ဦးရဲ့ အံ့မခန်း လက်ရာ တစ်ပုဒ်ကို နင့်နင့်နဲနဲခံစားပြီး ဖတ်ရင် ပိုပြီးအရသာ ရှိလိမ့်မယ် လို့လည်းထင်မိပါတယ်။
ရေးတတ်တဲ့သူများကျတော့လည်း သမိုင်းနောက်ခံဝတ္ထုတစ်ပုဒ်ကို ပဉ္စလက်ဆန်ဆန် ၊ ဂန္ထဝင် မြောက်စွာ စိတ်ကူးဉာဏ်လှပစွာ ဇာတ်အိမ်ဖွဲ့ပြီး ရေးသွားလိုက်တာများ ဆရာအမှာစာထဲရေးထားတဲ့ "ငြိမ်းချမ်းရေး" ဆိုတာကို ဒီစာအုပ်ကနေ အများကြီးစဉ်းစားသွားမိတဲ့အထိ လက်ရာမြောက်လှပါရဲ့ရှင်..