#ဂျူး
#ပင်လယ်နှင့်တူသောမိန်းမများ
#Review by Soe Htet Oo
ဒီဝတ္ထုရဲ့ ဇာတ်ကြောင်းပြောတာနဲနဲနဲ့ ဇာတ်ကောင်တွေပေါ်မှာ ဖြစ်မိတဲ့ ခံစားချက်တွေ၊ အမြင်တွေကိုပဲ ပြောပြချင်ပါတယ်။
ပထမ - မင်းခေါင်
ဒီဝတ္ထုရဲ့ စီးဆင်းမှုမှာ သူက အဓိကကျခဲ့တယ်။ သူက ကောလိပ်ကျောင်းသားတစ်ယောက်။ သူ့မှာ ရည်မှန်းချက်၊ ပန်းတိုင်ရှိတယ်။ ဘာလဲဆိုရင် သူက ဂုဏ်ကိုမက်မက်မောမောလိုချင်တယ်။ မိဘလုပ်ငန်းကို စိတ်မဝင်စားဘူး။ ဂုဏ်ရှိအောင် ဘယ်လို လုပ်ရမယ်ဆိုတဲ့ လမ်းကို သူသိတယ်။ အဲဒီလမ်းကို ငွေခင်းပြီးလျှောက်ရမယ်။ ဒါကြောင့် သူ့အဖေဆီက ထောက်ပံ့မှုနဲ့ ဆက်ပြီးလျှောက်မယ်ပေါ့။ ဖြစ်ချင်တော့ သူ့အဖေ၏ အလုပ်သမားရဲ့သမီးငွေအိမ်ဆိုတဲ့ မိန်းကလေးနဲ့ သူဟာ အချစ်နယ်ကျွံခဲ့ကြတယ်။ ကျနော့်အမြင်အရတော့ သူ့ အဲ့မိန်းကလေးကို တကယ်မချစ်ခဲ့ဘူးထင်တယ်ဗျ။ အဲ့မိန်းကလေးမှာ သူနဲ့ရတဲ့ ကိုယ်ဝန်ရတယ်။ ဒါကို သူလျှောက်မယ့်လမ်းရဲ့ အတားအဆီးလို့ သူမြင်တယ်။ အဲ့ဒါကြောင့် သူဖျက်ချခိုင်းတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စကို သူ့အဖေသိရင် ထောက်ပံ့မှု ပလုံသွားပြီ။ မမျှော်လင့်တော့နဲ့။ ဒီမှာတင် သူ့ရဲ့ ပစ်ပယ်မှု၊ တာဝန်မဲ့မှုက ဝတ္ထုကို အားဖြစ်သွားစေတယ်။ သူ့စီမံချက်ကတော့ မအောင်မြင်ခဲ့ပါဘူး။ တစ်ဘက်က မိန်းကလေးရဲ့ သဘောထားကြီးမှု၊ ချစ်ခြင်းမေတ္တာရှိတဲ့ ခွင့်လွှတ်မှုတွေကြောင့် သူ လိုချင်တဲ့ ဂုဏ်သိက္ခာကို ရယူနိုင်ခဲ့တယ်။ သူ့အဖေနေရာချပေးတဲ့ အခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ဒါကလည်း ဂုဏ်တစ်ခုထပ်တိုးမှာမို့ လက်ခံလိုက်တယ်လို့ပဲ ထင်တယ်။ သူ့ဟာ ရည်မှန်းချက်ဖော်ဆောင်ရာမှာတော့ အောင်မြင်ခဲ့တယ်။ သို့သော် ကိုယ်ကျင့်တရားနဲ့ တာဝန်ယူရမယ့် အပိုင်းမှာ ကျရှုံးခဲ့ပါတယ်။ ဒါကပဲ ဝတ္ထုရဲ့ ရည်ရွယ်ချက်ဆီကို တွန်းပို့ခဲ့တယ်လို့မြင်မိတယ်။
ဒုတိယ - ငွေအိမ်၊ ခင်မင်းမေ
ဒီဝတ္ထုမှာ ငွေအိမ်က အဓိကဇာတ်ကောင်တစ်ယောက်ပဲ။ သူ့အဖေက ရေနံတွင်းလုပ်သား။ သူ့အဖေ့၏ အလုပ်ရှင်သားနဲ့ ကျူးကျူးလွန်လွန်ဖြစ်အောင်အထိ ချစ်မိုးမှောင်ခဲ့ကြတယ်။ ရလာတဲ့ကိုယ်ဝန်ကို ခင်မင်းမေရဲ့ မိန်းကလေးချင်း၊ ညီမချင်းစာနာ ကူညီမှုနဲ့အတူ ရအောင်မွေးဖွားခဲ့ကြတယ်။
မငွေအိမ်ရဲ့ ဘဝဟာ သူ့သမီးအိမ်စိုးမေပဲ။ တစ်ခါတစ်ခါကြရင် မိန်းမတွေက ယောက်ျားတွေ တာဝန်မယူရဲတဲ့ ကိစ္စတွေကို အရှက်တွေ၊ သိက္ခာတွေ၊ ဂုဏ်တွေနဲ့ လဲလှယ်ပြီး ချစ်ခြင်းမေတ္တာတွေနဲ့လုပ်နိုင်စွမ်းကြတယ်။ နောက်ပြီး ငွေအိမ်က ရေနံမြေ အလုပ်သမားတွေ သပိတ်မှောက်ကြတဲ့ အခါမှာလဲ ထဲထဲဝင်ဝင်ပါခဲ့တယ်။ အဲ့စိတ်ဓာတ်အချို့က သူ့သမီးအိမ်စိုးမေဆီကိုပါ ကူးစက်စေခဲ့တယ်။ ပညာတတ်ခင်မင်းမေတစ်ယောက် အိမ်မှုရေးရာလုပ်ရင်းနဲ့ စစ်ကြီးဖြစ်တော့ ဒီရေနံမြေဟာ ပစ်မှတ်ဖြစ်နိုင်မှန်း သိတော့ တောရွာကြီးကို သုံးဦးသား ပြောင်းနေခဲ့ကြတယ်။ လယ်ယာသီးစားချထားတာတွေနဲ့ ပဲ စာဝတ်နေရေးအဆင်ပြေကြတယ်။ ဒါတွေက ခင်မင်းမေရဲ့ အမြော်အမြင်တွေပေါ့။ မငွေအိမ်ရဲ့ချစ်ခြင်းမေတ္တာတရားရယ်၊ ခင်မင်းမေရဲ့ အမြော်အမြင်၊ ဉာဏ်ပညာ အသိ တွေနဲ့ ပေါင်းစပ်ပြီး အိမ်စိုးမေလေးကို ပြုစုပျိုးထောင်ခဲ့ကြတယ်။ ကလေးတစ်ယောက်ကို ထူးချွန်ထက်မြက်ပြီး အမှန်ဘက်က ယုံကြည်ရပ်တည်ရဲဖို့ ပျိုးထောင်ရာမှာ ဘယ်လာက်ခက်ခဲမယ်လိုက်မလဲ။ နောက်တစ်ချက် ဒေါ်ငွေအိမ်က ဦးမင်းခေါင်ကြီးရဲ့နောက်ဆုံးနေဝင်ချိန်မှာတောင် ခွင့်လွှတ်ခြင်း၊ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပြုစုခဲ့တယ်။ အမုန်းတွေ၊ အာဃာတတွေ မထားဘဲနဲ့ ကြင်နာစွာ ဂရုတစိုက်နေပေးခဲ့တယ်။ ခင်မင်းမေကလည်း နောင်ပိုင်းမှာ ဖခင်ရဲ့ ရေနံလုပ်ငန်းကို အောင်မြင်စွာ ဦးစီးလုပ်နိုင်စွမ်းခဲ့တယ်။အဲဒီအကြောင်းအချက်တွေကြောင့်ပဲ ဝတ္တုရဲ့ရည်ရွယ်ချက်ကို ပေါ်လွင်ထင်ရှားစေခဲ့တယ်လို့ မြင်မိတယ်။
တတိယ - ဟင်္သာ၊ အိမ်စိုးမေ
ဒုတိယဇာတ်ကောင် အိမ်စိုးမေဟာ ရဲရင့်တယ်။ ထက်မြက်သွက်လက်တယ်။ ငယ်ငယ်ကတည်းက သူ့အဘအိမ်ရှေ့မှာ အကူအညီမရမခင်း ဆန္ဒပြတာတွေ၊ သူ့အဘပိုင်တဲ့ ရေနံတွင်းကို မီးရှို့တာတွေလုပ်ခဲ့တယ်။ ကလေးတစ်ယောက်မှာရှိသင့်တဲ့ သတ္တိထက်ပိုခဲ့တယ်။ သူ့ယုံကြည်ရဲရင့်မှုကို ရစေ၊ ပိုင်စေခဲ့တာတွေကတော့ စာအုပ်တွေဆီကပါပဲ။ ဖတ်တယ်။ သိတယ်။ သိတဲ့အတိုင်း ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်းလည်း လုပ်ခဲ့တယ်။ အရွယ်ရောက်လာတော့ နိုင်ငံရေးကို ဆန္ဒအရ လုပ်တယ်။လွတ်လပ်ရေးမရခင်ကလည်း ဂျပန်ကို တော်လှန်တယ်။ လွတ်လပ်ရေးရပြီးတော့လဲပဲ ကွန်မြူနစ်ဝါဒ လက်ကိုင်ထားပြီး အရင်းရှင်စနစ်ကို တော်လှန်ပြန်တယ်။ အမေ၊ ယောက်ျား၊ သမီးငွေအိမ်စံတို့ကို ပစ်ပြီး သူယုံကြည်တာကို ရဲဝင့်စွာ ရပ်တည်ခဲ့တယ်။ တိုက်ပွဲဝင်ခဲ့တယ်။ တိုက်ပွဲမှာပဲ သူ့ယောက်ျားကိုကာကွယ်ရင်း သေသွားခဲ့တယ်။ ဒီနေရာမှ သူ့မရဲ့ အချစ်အကြောင်းပြောချင်တယ်။ သူ့အဖေ ဦးမင်းခေါင်ရဲ့ဗီဇလို့ ပြောရမလား။ ယုံကြည်ချက်ပန်းတိုင်ရှိတော့ အချစ်ရဲ့ အခန်းကဏ္ဍကမှေးမှိန်နေတယ်။ သူ့ယောက်ျားကို တကယ်ရော ချစ်ခဲ့ရလားလို့ သံသယတောင် ဝင်မိတယ်။ ဟင်္သာကတော့ ငယ်စဉ်က အဖေ၊ အကို၊ အမေ တို့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးသွားခဲ့တယ်။ ခိုတွယ်ရာမဲ့ သိမ်ငယ်စွာပဲ ဧရာဝတီပေါ်မှာ လှေထိုးအလုပ်ကလေး လုပ်နေခဲ့တယ်။ နောက်တော့ သူ့ရဲ့ ကွက်လပ်တွေ၊ လိုအပ်တဲ့ အကြင်နာ မေတ္တာတွေရှိတဲ့ ဒေါ်ငွေအိမ်ရဲ့ အရိပ်မှာ ခိုလှုံခဲ့တယ်။ ပြည့်ပြည့်ဝဝကြီးမဟုတ်ပေမယ့် လိုအပ်တာတွေရခဲ့တယ်။ ရိုးသားတယ်။ ကြိုးစားတယ်။ တွေ့ကတည်းက ချစ်ကြောက်ခဲ့ရတဲ့ အိမ်စိုးမေကို သံယောဇဉ်ရှိတယ်။ ချစ်လည်း သိပ်ချစ်တယ်။ သူငြိုငြင်မှာ အရမ်းစိုးတယ်။ သူ့မိန်းမက ပထမအကြိမ်စွန့်ပစ်ထားခဲ့တဲ့ အထီးကျန်မှုက နောက်တစ်ကြိမ်မှာ အတူလိုက်သွားဖို့ တွန်းအားဖြစ်သွားတယ်။ တိုက်ပွဲတစ်ခုမှာ သူ့ကို အကာအကွယ်ပေးရင်း သူ့မိန်းမ အိမ်စိုးမေ သေခဲ့ရတယ်။ သူ့မှာ အဲ့ဒီနောင်တက ဖြေမရဖြစ်ပြီး ဘဝကို လွင့်မျောပြစ်လိုက်သေးတယ်။ ဒါကလည်း နောင်တအပြင် သူ့ရဲ့ငယ်ငယ်က အခြေအနေပြန်ရောက်သွားသလို ဟာခနဲ ဖြစ်သွားတယ်နဲ့တူပါတယ်။ သူ့တို့မှာ ထွန်းကားခဲ့တဲ့ သားနဲ့သမီးနှစ်ယောက်ကိုလဲ အိမ်စိုးမေရဲ့မောင်ဆီကို အပ်လိုက်တယ်။ ဟင်္သာရဲ့ဖခင်မေတ္တာပိုင်းမှ အားပျော့တယ်။ ပေါ်ပေါ်လွင်လွင် မရှိလှဘူး။ ကလေးနှစ်ယောက်က သူအဖေအရင်းရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝမရဘူးလို့ထင်မိတယ်။
စတုတ္ထ - အေးအောင်၊ ငွေအိမ်စံ
အေးအောင်က ဦးမင်းခေါင်ရဲ့ တရားဝင်ဇနီးရဲ့ သား။ အိမ်စိုးမေရဲ့ မောင်။ သူက သူ့အဖေနဲ့ အတူနေရတော့ ဗျူရိုကရက်စိတ်ပေါက်နေသူ။ သူ့အမကို ဟင်္သာနဲ့ အရောတဝင်နေတာကို သဘောမကျဘူး။ ဒါကလည်း သူ့ရဲ့ ဗျူရိုကရက်စိတ်တစ်ခုပေါ့။ သူ့အမနဲ့ မတူဘူး။ မတန်ဘူး ထင်တာပေါ့လေ။ သဘောမကျလည်း ရသွားတာပါပဲ။ သူဆရာဝန်ဖြစ်လို့ အိမ်ထောင်ကျတော့ သူ့တို့ဇနီးမောင်နှံဟာ ကလေးမရနိုင်ဘူးတဲ့။ ဒါကြောင့် တူမနဲ့တူကို မွေးစားတယ်။ သားသမီးအရင်းပမာ ပြုစုစောင့်ရှောက်ခဲ့တယ်။ တာဝန်မကျန်ပါဘူး။ သူတို့ရဲ့ လိုအင်လည်းပြည့်တယ်။ သူတို့ အိမ်မက်ကလေး အကောင်အထည်ဖော်ချင်တဲ့အတိုင်း ဖော်ခွင့်ရခဲ့တယ် လို့ မြင်မိတယ်။ ငွေအိမ်စံရဲ့ ငယ်ဘဝက အဖွားနဲ့ ခဏနေခဲ့ရတယ်။ အမေ အဖေနဲ့ ခဏဆို တကယ့် ခဏပါပဲ။ သူက အမေတွေ အဖွားတွေ နဲ့ သိပ်မတူဘူး။ သူ့ဖေရဲ့ လွင့်မျောခံစားတဲ့ စိတ်ရယ်၊ စာတွေ ကဗျာတွေကို ချစ်တဲ့ စိတ်ရယ် အဲဒီစိတ်နှစ်ခုက အဓိကလို့မြင်တယ်။ သူဖြတ်သန်းရတဲ့ ခေတ်ကာလလည်းကွာမှာပေါ့လေ။ သူ့မှာ ရည်မှန်းချက်ရှိတယ်။ ဆရာဝန်ဖြစ်ဖို့ ပဲ။ ဒါကလည်း တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုး ဆိုတာလိုပေါ့။ သူ့မွေးစားထားတဲ့ ဦးလေးလင်မယားက ဆရာဝန်တွေဆိုတော့ အားကျတဲ့စိတ်၊ အထင်ကြီးတဲ့စိတ်တွေ လွှမ်းမိုးတာလို့ပဲ ထင်ပါတယ်။ ကျူရှင်မှာ စာယောင်၊ ကဗျာယောင်ကောင်လေးတစ်ယောက်နဲ့ ပတ်သက်မိတယ်။ သူကရိုးရိုးသားသားပါပဲ။ ကဗျာကို ချစ်တယ်။ ကဗျာရေးနိုင် ဖွဲ့ပြနိုင်တဲ့ သူကို အထင်ကြီးမိတာ မဆန်းပါဘူး။ သူကဗျာကို နှလုံးသားထဲက နှစ်နှစ်ကာကာ လေ့လာကြည့်တော့ ယောင်ကောင်လေးကို ရှောင်နိုင်ခဲ့ပါတယ်။ သူ့အမေ၊ သူ့အဖွားတို့လို့ သတ္တိပြစရာ၊ ဗျတ္တိပြစရာ မရှိပေမယ့် ခေတ်ကာလအရ စာပေရဲ့ တန်ခိုး၊ ပတ်ဝန်းကျင်ရဲ့ တန်ခိုးတွနဲ့ တော်တဲ့၊ ထက်တဲ့ မိန်းကလေးဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ စာရေးသူက သူနဲ့ ပုံစံတူ မိန်းကလေးတစ်ယောက်ကို ဖန်တီးပုံဖော်နိုင်ခဲ့ပါတယ်။ ဒါက ကျနော့် အမြင်ပါ။
ကျန်ခဲ့တဲ့ ဇာတ်ကောင်တွေကလည်း သူ့နေရာနဲ့သူ ဝတ္ထုအားကောင်းအောင် ဖော်ဆောင်နိုင်ခဲ့ပါတယ်။
စာရှည်နေပြီ။ ချုပ်ရရင်တော့ စာရေးသူဆရာမဂျူးက မိန်းကလေးတွေကို ပေးချင်တဲ့ စိတ်ခွန်အားတွေ လုံလောက်စွာ ပေးနိုင်တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ခဲ့တယ်။ ဝတ္ထုခေါင်းစဉ်နဲ့ ပေါ်လွင်ထင်ရှားဖို့ ဝတ္ထုအကြောင်းအရာစုံစုံနဲ့ဇာတ်ကို နိုင်နိုင်နင်းနင်းဖွဲ့နိုင်ခဲ့ပါတယ်။ ဆရာမက သူချစ်တဲ့၊ ရိုးသားတဲ့ ဟင်္သာလေးရဲ့ နေရာကနေပြီး ဝတ္ထုရဲ့ ရည်မှန်းချက်ဆီကို မျောသွားအောင် ခေါ်သွားနိုင်ခဲ့ပါတယ်။ ဆရာမကို အထူးကျေးဇူးလည်းတင်တယ်။ လေးလည်း လေးစားတယ်။ အခုလို၊ အခုထက် ပိုပြီး စာကောင်းပေမွန်တွေ ဆက်လက် ဖန်တီးနိုင်ပါစေ ဆရာမ။