Yadanar Soe
November 22, 2020
မေတ္တာရှင်မလေး ပေါ်လီယာနာ
အမေရိကန်စာရေးဆရာမကြီး ELEANOR H. POTER မူရင်းရေးသားခဲ့ပြီး ဘာသာပေါင်းစုံနဲ့ အကြိမ်များစွာ ထုတ်ဝေခဲ့တဲ့စာအုပ်တစ်အုပ်ပါ။
ဒီစာအုပ်လေးကို ညီမ ၁၀ နှစ်သမီးလောက်ကဖတ်ခဲ့ဖူးပြီး ခုထိလည်း မြင်လိုက်တိုင်း ဖတ်ချင်နေတုန်းပါ။ဇာတ်ကောင် ကလေးမလေးကလည်း ကိုယ့်အရွယ်မတိမ်းမယိမ်းလေးဆိုတော့ အဲ့ဒီပေါ်လီယာနာဆိုတဲ့ ကလေးမလေးရဲ့ အပြုအမူအကြောင်းအရာလေးတွေက ကလေးဘဝထဲကနေခုချိန်ထိ စိတ်ထဲမှာစွဲနေမိတယ်။
လူ့ပတ်ဝန်းကျင်မှာ ရတာမလို လိုတာမရဖြစ်နေတဲ့သူတွေ
ကိုယ့်ဘဝကိုကိုယ် မကျေနပ်ဖြစ်နေကြတဲ့သူတွေ ၊ အရာရာမှာ အဆိုးကိုဘဲ တွေးတတ်သူတွေကို ကိုယ့်ကိုကိုယ်အကောင်းမြင်တတ်ဖို့နဲ့ ကိုယ်မဟုတ်တဲ့ အခြားအရာတွေကိုပါ အကောင်းမြင်စိတ်လေးနဲ့ကြည့်တတ်ဖို့ နေထိုင်နည်း တွေးတောနည်းလေးတွေကို ဒီဇာတ်ကောင်လေးက လမ်းပြပေးခဲ့တာပါ။
စကားတတ်လွန်း အလိုက်သိလွန်း အရာရာကိုအကောင်းဘက်ကတွေးပြီး လူတိုင်းအပေါ်ကို ဖေးမတတ်လွန်းသော ပေါ်လီယာနာဆိုတဲ့ ကလေးမလေးကြောင့် တစ်မြို့လုံးကလူတွေ ဝမ်းသာစရာရှာတမ်း ကစားတတ်သွားကြတယ်။ကိုယ့် အားနည်းချက်ကို ကျော်ပြီး အားနည်းချက်ကြောင့်ရလာတဲ့ အကြောင်းအရာတခုကို အားသာချက်အဖြစ်ပြောင်းပြီး ဝမ်းသာရတဲ့ နည်းလမ်းလေးပါ။
အားနည်းချက် အားသာချက်ဆိုတာ အမြဲတွဲမလာခဲ့ရင်တောင် ကိုယ်ပြင်ဆင်လို့မရနိုင်တဲ့ စိတ်ညစ်စရာအကြောင်းအရာတိုင်းမှာ ဖြည့်တွေးပြီးနေတတ်ရင် ပျော်စရာတစ်ခုတော့ ရှိနေတတ်တယ်ဆိုတာကို ထောက်ပြထားတဲ့ စာအုပ်လေးပါ။
အခုလို ကပ်ရောဂါကြောင့် stay home ကာလမှာ ညီမတို့မှာ စိတ်ညစ်စရာတွေများနေပေမဲ့လည်း
မိသားစုနဲ့ ပိုရင်းနှီးစေတာ စာအုပ်တွေပိုဖတ်ဖြစ်တာ
ကိုယ့်လိုအပ်ချက်လေးတွေကို ခုချိန်မှာ အလွယ်တကူလေ့လာဖြည့်ဆည်းခွင့် ရနေတာလေးက ဝမ်းသာစရာပါ။
အရမ်းချမ်းသာကြွယ်ဝပြီး တိုးတက်လွန်းနေတဲ့နိုင်ငံမဟုတ်ပေမဲ့လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊စေတနာ့ဝန်ထမ်းတွေ အလှူရှင်တွေရှိတဲ့ နိုင်ငံမှာနေရတာလည်း ညီမတို့အတွက် ပျော်စရာပါ။
လူတိုင်းမှာ အကောင်းမြင်စိတ် အဆိုးမြင်စိတ် နှစ်မျိုးလုံးဖြစ်တတ်ကြတာပါတယ်။အရာရာကို အဆိုးမြင်စိတ်များလာပြီလို့ ကိုယ့်ကိုကိုယ်ခံစားလာရတဲ့ချိန်တွေမှာ ညီမဒီစာအုပ်လေးကို ပြန်ဖတ်ဖြစ်ပါတယ်။ကိုယ်လျှောက်နေတဲ့လမ်းတလျှောက်မှာ ကြိုးစားအားထုတ်ရမဲ့ အချိန်တွေရှိသလို တင်းတိမ်ရောင့်ရဲတတ်ရမဲ့ အချိန်မှာလည်း အကောင်းမြင်စိတ်လေးနဲ့ ကိုယ့်ကိုကိုယ် ကျေနပ်တတ်ဖို့အတွက် ဒီစာအုပ်လေးကိုမဖတ်ရသေးရင်ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်နော်။