ဇာတ်ကောင် တစ်ယောက်ချင်းစီ က လူ့အသိုင်းအဝိုင်း လေး တခုစီကို ကိုယ်စားပြုထားတဲ့ ဓားတောင်။
သံချောင်း က အလုပ်သမား လူတန်းစား။
ရဲမြင့် က လူငယ်ထု။
ကိုနန္ဒာ က ပညာတတ် အနုပညာသမား။
ဦးဘရန် ကတော့ ဆင်းရဲသား အလုပ်သမားတစု ကို ဂုတ်သွေးစုတ်နေတဲ့ လူတန်းစား တရပ်ပေါ့။
ကိုနန္ဒာ
ကိုယ် ထင်တာတော့ ကိုနန္ဒာ ဟာ ဘွဲ့ရ ခါစ။ အလုပ်ရဖို့ ကြိုးစားရင်း ကြိုကြားအလုပ်လေး ဖြစ်တဲ့ စာအုပ်ဟောင်း ရောင်းတဲ့ အလုပ်လေး လုပ်၊ စာတိုပေစ လေးတွေ ရေးနေတဲ့ လူတစ်ယောက်။ မိသားစု ကို အားနာ၊ နာကျည်းပြီး တစ်ယောက်တည်း ရုန်းကန်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်။ စာတွေအများကြီး သိထားပေမဲ့ အသုံးမချတတ်တဲ့ လူတစ်ယောက်။ လူကြီး လူငယ်ကြား ပေါင်းကူးပေးဖို့ ကြိုးစားနေတဲ့ လူလတ်တစ်ယောက်။ သူ့ အထင်၊ သူ့ အမြင်၊ သူ့ အပြောတွေ က လမ်းမှားနေတဲ့ လမ်းပျောက်တော့မဲ့ ဆယ်ကျော်သက်လေး တွေ ကို လမ်းမြင်စေတယ် ထင်။
ရဲမြင့်
ဆယ်တန်း ကျ။ မိသားစု က အဆင်မပြေ။ဆယ်ကျော်သက် ဘာဝ အရွဲ့တိုက်ဖို့ အရေး တို့အရေး ဖြစ်နေတဲ့ လူငယ်။
ဆံပင်ရှည် ထားပြီး ဂစ်တာခေါက် လူကြီးမျက်စိနောက်တဲ့ လူငယ်ပေါ့။ အဖေက မကြည် မိထွေးက ကြိမ်းမောင်း နေလို့ ပြောသမျှ အရွဲ့တိုက်မဟ အတွေးနဲ့ နံပါတ် 4 စွဲ ပြီး လူညွန့်တုန်းတော့မယ့် လမ်းပေါ်က လူငယ် ပေါ့။ ဒါပေမဲ့ လူငယ်ရဲ့ မာန နဲ့ မဟုတ်မခံစိတ်က တော့ ပြတ်သား။
ဇာတ်လမ်း က ကိုနန္ဒာ တူနဲ့ ရဲ မြင့် တို့ အိမ်က ထွက်ပြေး တာက စ။ သူတို့ ကို လိုက်ခေါ်ဖို့ တာဝန်က လူလွတ်ဖြစ်တဲ့ ကိုနန္ဒာ ပေါ်ရောက်တာပေါ့။ ဒီလိုနဲ့ ကုန်းတတန် ရေတတန် ထားဝယ် ရဲ့ ဟိုးအောက်ဘက် နယ်စပ် ထိ ရှာရင်း ဆေးစွဲ စုတ်ပြတ်နေတဲ့ လူငယ်နှစ်ယောက် ကို ရန်ကုန် ကို ပြန်ခေါ် ဖို့ နားချရတာပေါ့။ မချော့ခင်က ပျော့ချင်နေတဲ့ တူဖြစ်သူက များများနားချစရာ မလိုလိုက်။ ဒါပေမဲ့ ရဲ မြင့်...သူက အောင်မြင်ပြီးမှ ပြန်ချင်တယ်။ မာန နဲ့ ဘဝ ကို ကောင်းကောင်း တည်ဆောက်ပြချင်တယ်။
ကလေးတွေ ကို ပြန်ခေါ်ခန်း မှာ ကိုနန္ဒာ ရဲ့ အပြော၊ချဥ်းကပ်ပုံ၊ ဆွဲဆောင်ပုံ လေးတွေ က သိပ်မိတယ်။
"ကိုယ့်အားကိုယ်ကိုး ကိုယ့်လမ်းကိုယ်လျှောက်၊
မှန်အောင်လျှောက်ဖို့ သတ္တိမွေး၊
လွင့်စဥ်မကျအောင် ဂရုစိုက်"ဖို့ ကို
ချဲ့ကား ချဥ်းကပ်ထားပုံက ခေါင်းထဲ ဝင်လွယ်တယ်။
ကိုနန္ဒာ အာဘော်၊ကတိတသိုက် ရယ် ကလေး နှစ်ယောက်ရယ် ရန်ကုန်ကို ထားဝယ်ကနေ စက်လှေ နဲ့ ပြန်ခဲ့သည်ပေါ့ လေ။
သံချောင်းနဲ့ တွေ့ကြပြီပေါ့....။
သံချောင်း
ရိုးသားတယ်။ ကြိုးစားတယ်။ ဟိုကွေ့ ဟိုတက်နဲ့ လှော် ဒီကွေ့ ဒီတက် နဲ့ လှော်တတ်အောင် သူ့ အတွေ့အကြုံက ပဲ သင်ပေးထားတာ။ သံချောင်း ဘဝ က တစ်ခါမှ မအေးချမ်းခဲ့ရဘူး။ သူ့ ဘဝပေး အသိက ကိုယ်လုပ်မှ ကိုယ် ရမယ်၊
ရအောင်လဲ သူ ကြိုးစားမယ်။ အမြင် ကနေ သူသင်ယူ တယ်၊ အကြားကနေ သူသင်ယူတယ်၊ လက်တွေ့ အသုံးချရင်း သူတတ်မြောက်တယ် ဒါက သူ့ ဘဝနေနည်း ပဲ။
ဦးဘရန်
စက်လှေပိုင်ရှင်ပေါ့ လေ။ ဖျံကျတဲ့ လူညစ်။ ဇာတ်လမ်းရဲ့ ဗီလိန်။
ဒီလူလေးယောက် စက်လှေ ပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် သောင်တင် နေရင်း လူ့အဖွဲ့အစည်းလေး တစ်ခု တည်ဆောက်ကြတဲ့ ဇာတ်လမ်း လေးပါ။ ကျွန်းပေါ်မှာ နေရင်း ဘာတွေဆက်ဖြစ်မလဲ။ အသက်ရှင် အောင် ဘယ်လိုတွေ ရုန်းကန်ကြမလဲ။ နေရပ်ဆီ ကို ရော ပြန်နိုင်ပါ့မလား။
ဦးဘရန် ကရော ဘယ်လိုတွေ ညစ် မလဲ။
ကျွန်းပေါ်မှာ ရှိနေစဥ်တလျှောက်လုံးမှာ တစ်ယောက်ချင်းစီရဲ့ အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်တွေ က စိတ်ဝင်စားစရာ မို့ တစ်ခါဖတ်ရင် တစ်ခါပိုသိ မဲ့ ဂန္ထဝင် ဝတ္ထု ပါ။
လူငယ်တွေရဲ့ လမ်းပြ။
ခေတ်တိုင်းနဲ့ လိုက်လျော နေမဲ့ လူငယ် လူကြီး ပြဿနာ တွေရဲ့ အဖြေ တွေ ကို လဲ တွေ့နိုင်ပါတယ်...။
ဖတ်ခဲ့ရင်း နဲ့ သိခဲ့
ထပ်ဖတ်ရင် လဲ ထပ်သိမဲ့ စာအုပ်မျိုး မို့ လူငယ် ထု ကို ဖတ်စေရန် စေတနာ ဖြင့်...။
ကိုယ့် အထွာ၊ ကိုယ့် အသိ ဖြင့် ရသော အမြင် ဖြစ်သောကြောင့် မှားယွင်းခဲ့ပါက ခွင့်လွှတ်စေချင်။