ဆရာမနုနုရည်(အင်းဝ)ရဲ့ 'အားလုံးငြိမ်ပါ...မီးစုံဖွင့်ပါ' စာအုပ်လေးက ကိုယ်နဲ့မရင်းနှီးတဲ့ ကိုယ်တောင်မမွေးသေးတဲ့အချိန်ကာလ ရုပ်ရှင်လောကထဲက လူတွေအကြောင်း သူတို့ရဲ့ဘဝတွေ သူတို့ရဲ့အတွေးတွေ ခံစားချက်တွေကို ပေါ်လွင်အောင် ဆရာမက ကလောင်သွားထက်ထက်နဲ့ လှစ်ဟပြလိုက်သလိုပဲ။ ငမိုးရိပ်တဲအိမ်စုလေးက စိတ်မနှံ့တဲ့အဘွားအိုရဲ့မြေးမလေးအခြေအနေကနေ နိုင်ငံကျော်ဗီဒီယိုမင်းသမီးဖြစ်လာတဲ့ ခင်ဒေဝီရယ်၊ ခင်ဒေဝီရဲ့ မိတ်ကပ်သမား ချယ်ရယ်၊ ရုပ်ရှင်ရိုက်ကွင်းတခုလုံးကို စီမံရတဲ့ ရှူတင်မန်နေဂျာကိုစိုးရယ် စသည် စသည်ဖြင့် လူကြမ်းသရုပ်ဆောင်၊ ကင်မရာသမား၊ ဒါရိုက်တာ ရှုထောင့်အစုံက လူတွေရဲ့အကြောင်းကို ‌ရေးထားတာ တကယ်ကိုဖတ်လို့ကောင်းလိုက်တာ။ သူတို့ဘဝရဲ့ ဇာတ်ကြောင်းကို အလီလီဖွင့်ချပြရင်းနဲ့ ဝတ္ထုတခုလုံးကို သယ်သွားတာ။ တယောက်ပြီး တယောက် ဖတ်ရင်းနဲ့ ဝတ္ထုလည်းပြီးရော စိတ်ထဲမှာ အတွေးပေါင်းများစွာနဲ့ကျန်နေခဲ့တယ်။

တကယ်တော့ လူတိုင်းက သူတို့ရဲ့ကျရာနေရာမှာ အကောင်းဆုံးလုပ်ရင်းနဲ့ သူတို့ဘဝမှာ အကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေကြတာပဲ မဟုတ်လား။ မင်းသား၊ မင်းသမီးနဲ့ လူကြမ်း၊ ဇာတ်ပို့ အမည်ခံသာကွာပေမယ့် အကုန်လုံးက သူတို့ရဲ့နယ်ပယ်ထဲမှာ စွမ်းသလောက်ကြိုးစားရှင်သန်နေကြတာပါပဲ။ အဲသလို ရှင်သန်ရင်းနဲ့ပဲ လူတွေရဲ့ သဘောသဘာဝအရ လောဘလေးကတော့နည်းနည်းရှိတာပေါ့။ ကိုယ့်ဘဝရဲ့ ရည်းမှန်းချက်ကို ဖြစ်လာလိမ့်နိုးနိုးနဲ့ ဆုပ်ကိုင်ထားတတ်ကြတာပဲ။ တချို့ကျတော့လည်း ကိုယ်လိုချင်တာကို ရအောင်ယူလိုက်နိုင်ပေမယ့် တဖက်မှာတော့ ကိုယ့်ရဲ့အရေးကြီးတဲ့အရာတခုကို လက်လွှတ်လိုက်ရပြန်ရော။ ရတာမလို လိုတာမရပေါ့။ တချိန်တည်းမှာပဲ မတည်မြဲတဲ့လောကကြီးထဲ ကိုယ်ရရှိထားတဲ့အရာလေးကို ပျောက်ပြယ်မသွားအောင်ရတဲ့အချိန်ခဏလေးမှာ အစွမ်းကုန်ကာကွယ်နေတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဆိုတော့ ဆရာမရဲ့ ဒီစာအုပ်လေးက ရုပ်ရှင်လောကတင်မဟုတ်ဘဲ အပြင်လောကကြီးရဲ့ လူအမျိုးမျိုး စိတ်အထွေထွေတွေကိုပါ မီးမောင်းထိုးထားသလိုပေါ့။ တကယ်ကိုဖတ်ရတာအရသာရှိနေရောပဲ။

#နုနုရည်အင်းဝ #အားလုံးငြိမ်မယ်မီးစုံဖွင့်ပါ
#review