ရင့်မှည့်မှည့်အရည်ရွှမ်းသစ်သီးတွေရဲ့ယာခင်း(ဝတ္ထုတိုများ)
4500 (ကျပ်)
ဆရာမကြီး သန်းမြင့်အောင်ရဲ့ အမှာစာနှင့် ဆရာရဲ့လက်ရာအစုံကို ဒီစာအုပ်ထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဝတ္ထုတိုအားဖြင့် ၁၀ ပုဒ် တိတိပါဝင်ပြီးဝတ္ထုတိုတစ်ပုဒ်ချင်းစီတိုင်းမှာ အတွေးတွေ၊ ရင်သပ်ရှုမောဖွယ်ရာတွေ အတိပါပဲမို့ ဝယ်ယူလည်း လုံးဝနောင်တမရစေရမယ့် စာအုပ်အမျိုးအစားပါပဲ။
“အားလုံးကိုခြုံပြောရပါလျှင် အကြောင်းအရာအဖြစ်အပျက်အားလုံး တစ်ပုဒ်နှင့် တစ်ပုဒ်မတူအောင် စုံလင်သလောက် အဖြစ်အပျက်အခြေအနေတို့သည်ပင် လူ့အဖွဲ့အစည်းထဲမှ လက်တွေ့ဘဝများဖြစ်သည်ကို ကျွန်မတို့ မငြင်းနိုင်ပါ။ သူ့ဝတ္ထုတိုတွေဟာ ယခုလက်ရှ်ိလောကဇာတ်ခုံ၏ အခင်းအကျင်းများပင်ဖြစ်ပါသည်။ ထို့ပြင် မိုးသက်အောင်(မြန်မာစာ) ၏ရသစာပေများကိုဖတ်ရှုရာတွင် လောကကြီးအပေါ်ထားရှိသော စာရေးသူ၏ စေတနာကိုလည်း ထင်းထင်းကြီးမြင်လိုက်ရသည်။ ထို့ကြောင့်ပင် ဒီကနေ့ ဒီအချိန် ဒီအခါ ကျွန်မတို့၏လူ့အဖွဲ့အစည်းတွင် ဒီလိုရသစာပေမျိုးကို ကိုယ်တိုင်ဖတ်ရှုရုံတင်မကဘဲ တစ်ဦးနှင့် တစ်ဦး လက်ဆင့်ကမ်းသင့်သော လက်ဆောင်မွန်ကောင်းတစ်ခုဟုလည်း ကျွန်မဆိုချင်ပါသည်။
| စာမျက်နှာ | 124 |
|---|---|
| စာအုပ်အရွယ်အစား | 5.3×0.3×8.2 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw၊ 2024 ဖေဖော်ဝါရီလ(ပထမအကြိမ်) |
15 in stock





Htet Htet Tin Zar –
🥭 “ရင့်မှည့်မှည့် အရည်ရွှမ်းသစ်သီးတွေရဲ့ယာခင်း” ဆိုတဲ့ စာအုပ်လေးက ဆရာမိုးသက်အောင် (မြန်မာစာ) ရဲ့ ခြောက်အုပ်မြောက် စာအုပ်လေးပါ။ မဂ္ဂဇင်းစာမျက်နှာများထက်မှာ ဖော်ပြခံခဲ့ရဖူးတဲ့ ဝတ္ထုတိုလေးတွေကို စုစည်းပြီး ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။
🥑 ဆရာ့ရဲ့ဝတ္ထုတိုလေးတွေ အကြောင်းအရာ စုံလင်ပါတယ်။ ယောက်ျားဖြစ်သူရဲ့မိသားစုကြောင့် အိမ်ထောင်ရေး အဆင်မပြေခဲ့တဲ့ အမျိုးသမီးလေးအကြောင်း၊ ညဉ့်ငှက်မလေးတွေရဲ့ ဘဝအကြောင်း၊ သားသမီးအပေါ်ထားတဲ့ မိဘတွေရဲ့ ဖြူစင်တဲ့ အတ္တ၊ နောက်ဆုံးအပုဒ်မှာဆိုရင်လည်း ဂဏန်းတွေရဲ့အခေါ်အဝေါ်၊ ဂဏန်းဖမ်းတဲ့ပုံစံတွေကို သေချာလေး ရေးပြထားတဲ့ ဇာတ်လမ်းမျိုးလေးတွေ စသဖြင့် အပြင်လောကမှာ တကယ်ဖြစ်ပျက်တတ်တဲ့ နယ်ပယ်အစုံက ဇာတ်လမ်းလေးတွေမို့ သဘာဝကျတဲ့အပြင် ဆရာ့အရေးအသားကလည်း ရိုးရှင်းပြီး ပြောပြလိုတဲ့ အကြောင်းအရင်းကို ပေါ်လွင်ထင်ရှားအောင် ကျစ်ကျစ်လျစ်လျစ်နဲ့ ရေးသားဖော်ပြထားတဲ့ ရသဝတ္ထုတိုလေးတွေ ဖြစ်ပါတယ်။ စာအုပ်လေးထဲ ဝတ္ထုတိုအပုဒ်ရေ စုစုပေါင်း (၁၀) ပုဒ် ပါပါတယ်။
__________________________
❝ဆရာမသန်းမြင့်အောင်၏ အမှာစာ❞
အားလုံးကို ခြုံငုံ၍ ပြောရပါလျှင် အကြောင်းအရာအဖြစ် အပျက်အားလုံး တစ်ပုဒ်နှင့်တစ်ပုဒ် မတူအောင် စုံလင်သလောက် ထိုအဖြစ်အပျက် အခြေအနေတို့သည်ပင် လူ့အဖွဲ့အစည်းထဲမှ လက်တွေ့ဘဝများ ဖြစ်သည်ကို ကျွန်မတို့ မငြင်းနိုင်ပါ။ သူ့ဝတ္ထုတိုတွေက ယခုလက်ရှိ လောကဇာတ်ခုံ၏ အခင်းအကျင်းများပင် ဖြစ်သည်။
ထို့ပြင် မိုးသက်အောင် (မြန်မာစာ)၏ ရသစာပေများကို ဖတ်ရှုရာတွင် လောကကြီးအပေါ်ထားရှိသော စာရေးသူ၏ စေတနာကိုလည်း ထင်းထင်းကြီး မြင်လိုက်ရသည်။
ထို့ကြောင့်ပင် ဒီကနေ့အချိန် ဒီအခါ ကျွန်မတို့၏ လူ့အဖွဲ့အစည်းတွင် ဒီလိုရသစာပေမျိုးကို ကိုယ်တို င်ဖတ်ရှုရုံတင်မကဘဲ တစ်ဦးနှင့်တစ်ဦး လက်ဆင့်ကမ်းသင့်သော လက်ဆောင်မွန်ကောင်း တစ်ခုဟုလည်း ကျွန်မ ဆိုချင်ပါသည်။
__________________________
👠 ဘဝဖိနပ်ပေါက်လေခြင်း 👠
ချစ်သူသက်တမ်း ငါးနှစ်ပြည့်မှာ ခင်လေးနဲ့ ကိုကိုတို့ အိမ်ထောင်ပြုလိုက်ကြတယ်။ ခင်လေးမှာလည်း အစ်မနှစ်ယောက်ရှိသလို ကိုကို့မှာလည်း အစ်မ သုံးယောက်ရှိတယ်။ ကိုကိုက ခင်လေးအပေါ်မှာ အရာရာအလျှော့ပေးပေမဲ့ အိမ်ခွဲနေမယ်ပြောတော့ ကိုကိုက ဆရာဝန်မို့ နှလုံးရောဂါရှိတဲ့ မိခင်ကြောင့် အိမ်ခွဲနေဖို့ ငြင်းဆန်ပေမဲ့ ခင်လေး ပြောလွန်းတာကြောင့် တစ်နှစ်နေရင် အိမ်ခွဲနေမယ် ကတိပေးခဲ့တယ်။ အိမ်ထောင်ကျသွားပေမဲ့လည်း အရာရာစွက်ဖက်လွန်းတဲ့ ယောက္ခမနဲ့ ယောက်မတွေကြောင့် ခင်လေး နေထိုင်ရ အဆင်မပြေဖြစ်ခဲ့တယ်။ ဆေးခန်းကရတဲ့ ငွေကို ခင်လေးကို မအပ်ဘဲ ဆေးရုံကလစာ သုံးသိန်းကိုပဲ အပ်တယ်။ ခင်လေး စာအုပ်ငါးသောင်းဖိုး ဝယ်ပြန်တော့လည်း ယောက်မအကြီးက ကိုကို့ကို ပြန်တိုင်၊ အမေဖြစ်သူ သွေးတိုးပြန်တော့လည်း ခင်လေး ချက်တဲ့ဟင်းကြောင့် ကိုကိုကလည်း သူ့မိသားစုတွေဘက်ကသာ ရှိခဲ့တယ်။ တစ်နှစ်ပြည့်လို့ အိမ်ခွဲမယ်ပြောပြန်တော့ စကားများကြပြန်တယ်။ နောက်ဆုံး ခင်လေးယူတဲ့ လစာကိုတောင် အသုံးလိုလို့ အမေက တောင်းသွားရာက ရန်ဖြစ်စကားများပြီး ခင်လေး အိမ်ပေါ်ကဆင်းလာခဲ့ပြီး လမ်းခွဲလိုက်ကြတော့တယ်။
တစ်ယောက်နဲ့တစ်ယောက် လက်ထပ်တယ်ဆိုတာ နှစ်ယောက်တည်း ကိစ္စမဟုတ်ဘဲ နှစ်ဘက်မိသားစုတွေ ပေါင်းဆက်ကြရတာမို့ ကိုယ်ယူမယ့် အိမ်ထောင်ဘက်ကိုသာမက သူတို့နဲ့ ပတ်သက်တဲ့ မိသားစု၊ ဆွေမျိုးတွေကိုလည်း လျစ်လျူမရှုသင့်ကြောင်းနဲ့ ဒါတွေကို မကြည့်ဘဲ လက်ထပ်ခဲ့တယ်ဆိုရင် ဒါဟာ လှသာလှပေမဲ့ မတော်တဲ့ဖိနပ်ကို ခြေထောက်အနာခံပြီး အတင်းထိုးစီးနေရတာနဲ့ တူနေကြောင်း ပြောပြထားတဲ့ ဇာတ်လမ်းလေး။
❝မတော်သည့်ဖိနပ် ပေါက်လာသည်ကို လွှင့်ပစ်၍ ရသော်လည်း ဘဝဖိနပ်ပေါက်ပြီး အမည်းစက်ကြီး စွန်းထင်းသွားသည်ကျတော့ မည်သို့မျှ ဖျက်လို့ မရနိုင်ပါ။ လွှင့်ပစ်၍လည်း မရနိုင်ပါ။❞
🔵 ရင်ဝှက်အတ္တ 🔵
အသက် ၃၀ ရှိနေပြီဖြစ်တဲ့ သားဖြစ်သူက အိမ်ထောင်ပြုတော့မယ် ပြောလာတော့ မိခင်ဖြစ်သူ မမြိုင်တစ်ယောက် ဘာမျှမတုံ့ပြန်ဘဲ မျက်ရည်တွေ ရစ်သိုင်းလာတယ်။ ထမင်းစားခန်းမှာ အဖေလုပ်သူက နားချတော့လည်း ထမင်းဝိုင်းကနေ ထထွက်သွားတယ်။ သားဖြစ်သူကလည်း ဒါကို ရိပ်စားမိပြီး အမေက သူတို့ကို သဘောမတူဘူးထင်ပြီး စိတ်ဆိုးကာ ထထွက်သွားပြန်တယ်။ အဲဒီကစလို့ အမေနဲ့ သားကြား ဆက်ဆံရေးက အေးစက်သွားတော့တယ်။ အဖေက အမေကို နားချတော့ သားဖြစ်သူကို ဘယ်သူနဲ့မှ သဘောမတူနိုင်ကြောင်း၊ မိန်းမဖြစ်သူနောက် သားလေး ပါသွားမှာကို မခံစားနိုင်ကြောင်း ပြောပြတော့ အဖေလုပ်သူကလည်း သားသမီးအပေါ် ချစ်တဲ့အချစ်က အတ္တမဖြစ်သင့်ကြောင်းနဲ့ နှစ်ဖက်လုံး စိတ်မဆင်းရဲရအောင် စိတ်ထဲ မပါလည်း ခေါင်းညိတ်ပေးလိုက်ဖို့ ဖြောင်းဖြတယ်။ ဒါနဲ့ သဘောတူပေးပြီး ကောင်မလေးတွေဆီမှာ သွားရောက်တောင်းရမ်းစေ့စပ်ပြီး ပြန်လာတော့ သူ့အနေနဲ့ သားကို စိတ်မဆင်းရဲစေချင်လို့ အတ္တတွေကို ရင်ထဲ ဝှက်ထားတယ်လို့ ယောက်ျားဖြစ်သူကို ပြောပြလိုက်တဲ့ မိခင်တွေရဲ့ အတ္တကဲတဲ့ ချစ်ခြင်းတရားကို ပီပြင်စွာ ဖော်ကျူးထားတဲ့ ဝတ္ထုလေးပါ။
🌺 စက္ကူပန်း 🌺
ခင်မိက ညငှက်မလေးတစ်ယောက်။ ခင်မိမှာ မိဘတွေ မရှိတော့ဘူး။ ပန်းနာရောဂါသည် အဘွားနဲ့ အတူနေရတယ်။ ခင်မိက ကန်တော်ကြီးစောင်းမှာ ကျက်စားတယ်။ ညနေ ခင်မိအလုပ်စချိန်ဆို အလုပ်ဆင်းပြီး ပြန်လာတတ်တဲ့ ကုမ္ပဏီဝတ်စုံလေးနဲ့ အစ်မတစ်ယောက်ကို မျက်မှန်းတန်းမိနေတယ်။ ခင်မိက မြင်ရင် ပြုံးပြပေမဲ့ သူကတော့ မျက်နှာမဲ့သွားတတ်တယ်။ ခင်မိက အဲဒီအစ်မကို အားကျတယ်။ ခင်မိအလုပ်ကို ခင်မိက စိတ်ကုန်နေပြီ။ အဲဒီအစ်မလိုမျိုး တည်တည်ငြိမ်ငြိမ်လေး အလုပ်လုပ်ချင်တာ။ ဒါပေမဲ့ တစ်လတစ်ခါ ဝင်ငွေနဲ့က အဘွားရဲ့ဆေးဖိုးတွေနဲ့ အဆင်မပြေဘူး။ တစ်ရက်တော့ ခင်မိနဲ့ ဖောက်သည်ကြီး ဟိုတယ်ခန်းထဲက ထွက်လာပြီး အခန်း ၁၀၁ အရှေ့ရောက်တော့ အသက် ၅၀ ကျော်လောက် ဦးလေးကြီးတစ်ယောက်နဲ့ အဲဒီအစ်မတို့ ဟိုတယ်ခန်းထဲက ထွက်လာတယ်။ ခင်မိလည်း ခါတိုင်းလို ပြုံးပြတော့ သူကလည်း ထူးထူးခြားခြား ပြန်ပြုံးပြခဲ့တဲ့ ဇာတ်လမ်းလေး။
🔵 ဗေလုဝသားပျောက်ရှာခန်း 🔵
ကိုလှမိုးက အငှားယာဉ်မောင်း ရပ်ကွက်ထဲမှာဆိုရင်တော့ လမ်းလူကြီးပေါ့။ ခုတလော သက်ငယ်မုဒိမ်းမှု သတင်းတွေ မကြာခဏ ကြားနေရလို့ သမီးလေးရှိတဲ့ ကိုလှမိုး သမီးကို ကျောင်းလွှတ်ဖို့တောင် စိတ်မချဖြစ်ရတယ်။ ကိုလှမိုး ကားသိမ်းချိန်က သန်းခေါင်ဝန်းကျင်အချိန်။ လမ်းလူကြီးလည်း ဖြစ်တော့ ပြန်လာရင်လည်း မနားရ။ ဟိုလူအတွက် ထောက်ခံစာ လက်မှတ်ထိုးပေးရ၊ ဒီလူတွေ ရန်ဖြစ်လို့ လိုက်ရှင်းရနဲ့ ညဘက်လည်း ကောင်းကောင်း အနားမယူရ။ တစ်ညတော့ ရပ်ကွက်ထဲက အရက်သမား ဗေလုဝရဲ့ ဆယ်နှစ်ဝန်းကျင် သမီးလေး ပျောက်လို့ ညကြီးမင်းကြီး ရဲတွေရော ဘာတွေရောနဲ့ ရှာကြတယ်။ နောက်တော့မှ သမီးလုပ်သူက အမှန်တကယ် မပျောက်ဘဲ အရက်မူးနေလို့ ပျောက်တယ်ထင်သွားတဲ့ လမ်းလူကြီးတစ်ယောက်ရဲ့ ဒုက္ခတွေအကြောင်း ရေးသားထားတဲ့ ဇာတ်လမ်းလေး။
🚗 ကျွန်တော်၏ကားကလေး 🚗
အိမ်ကို ပူဆာလို့ ဒုတိယနှစ်မှာ ကားတစ်စီး ရခဲ့တယ်။ အဖေနဲ့ အဘွားက ကြည်ဖြူပေမဲ့ အမေကတော့ သဘောမကျ။ မော်ဒယ်အမြင့် မဟုတ်ပေမဲ့ သူ့ကားလေးကို သူချစ်တယ်။ အမြဲ သန့်နေအောင် ထားတယ်။ ပျက်စီးချွတ်ယွင်းတာလည်း မရှိဘူး။ နှစ်နှစ်နေတော့ ကားက စဖောက်လာတယ်။ ဘော်ဒီရုံတွေ မကြာမကြာရောက်ပေမဲ့ စစ်လိုက်တော့လည်း ထွေထွေထူးထူးမရှိ။ ပြောင်းစီးဖို့ ပြောကြပေမဲ့ ဒီကားလေးကို သံယောဇဉ်ရှိတာမို့ စိတ်ရှည်ရှည်နဲ့ ပြုပြင်ပြီး စီးတယ်။ ဒါပေမဲ့ ဒီသခင် လက်ထဲမှာ မနေချင်တော့ဘူးဆို ကားက သူ့ကိုယ်သူ အပြစ်လုပ်တာ နောက်ဆုံး သူအသက်အန္တရာယ်ဖြစ်ပြီး ဆေးရုံရောက်တဲ့အထိ။ ဒါနဲ့ သူ့သူငယ်ချင်းဆီ ရောင်းထုတ်လိုက်ရတယ်။ သူ့သူငယ်ချင်းလက်ထဲမှာ ကားလေးက ညစ်ပေစုတ်ပြတ်လို့။ နောက် သူ့သူငယ်ချင်းက ထပ်ရောင်းလိုက်တယ်။ သူ့ကားကို သူပြန်လိုချင်လာတယ်။ ဒီလိုနဲ့ နောက်သုံးနှစ်နေတော့ လမ်းမှာ အမှတ်မထင် တွေ့တော့ ကားလေးက ချုံးချုံးကျနေပြီ။ သူပြန်ရအောင် ယူပြီး အရင်လို လှလှပပဖြစ်အောင် ပြန်ပြင်မယ်ဆိုပြီး လိုက်ရှာလိုက်တာ လေးနှစ်ကျော်တဲ့အထိ ထပ်မတွေ့ရတော့ဘူး။ သူကတော့ သတိရနေသေးပေမဲ့ ကားလေးကတော့ စုတ်ပြတ်အောင် စီးတဲ့ သခင်နဲ့ ပျော်ရင်ပျော်နေပြီး သူ့ကို တန်ဖိုးထားတဲ့ သခင်ကို သတိမရလောက်ပါဘူးဆိုပြီး ချစ်သူဟောင်း နွယ်ဆိုတဲ့ မိန်းကလေးအကြောင်း ကားနဲ့ အစားထိုးပြောပြထားတဲ့ ဇာတ်လမ်းလေး။
🔵 သိစိတ်အလွန်နှင့် မသိစိတ်အလွန် 🔵
ဝါဝါရီ့အစ်ကို ကိုဟေအောင် (ဟေဟေ) က မိန်းမလျာ။ မိဘတွေက မနှစ်သက်လို့ ရိုက်နှက်ပေမဲ့ မရတာကြောင့် လွှတ်ပေးထားရတယ်။ အစ်ကို့မှာ မိန်းမလျာ သူငယ်ချင်း မမေထက် (ကိုမင်းထက်) ဆိုတာရှိတယ်။ သူတို့ မိတ်ကပ်သင်တန်းတက်ပြီး အလှပြင်ဆိုင် စပ်တူဖွင့်လိုက်ကြတယ်။ ဝါဝါရီ ဘွဲ့ယူတဲ့နေ့မှာ ညဘက် သုံးယောက်သား သောက်စားကြတယ်။ အစ်ကိုက လူမှန်းမသိအောင် မူးရူးသွားတယ်။ နောက်တော့ ဝါဝါရီနဲ့ အစ်ကို့သူငယ်ချင်း မမေထက်တို့ မှားယွင်းခဲ့ကြရာက ကိုယ်ဝန်ရှိသွားခဲ့တယ်။ ဝါဝါရီကတော့ အမူးလွန်နေပေမဲ့ မမေထက်ကတော့ အသိစိတ်ရှိစွာနဲ့ မှားခဲ့တာပါ။ မမေထက်ကတော့ သူ့ကောင်လေးနဲ့ အတွဲမပျက်။ ဝါဝါရီ ကိုယ်ဝန်ရှိလာတော့ ဘယ်သူနဲ့ ရတယ်ဆိုတာ မေးကြပေမဲ့ ပြောရမှာ ရှက်လို့ ဝါဝါရီတစ်ယောက် လုံးဝထုတ်မပြော။ ဝါဝါရီ ကိုယ်ဝန်ရှိတယ်လည်း ကြားရော မမေထက်က အစ်ကိုနဲ့ စပ်တူလုပ်ငန်းက ရှယ်ယာတစ်ဝက်ကို မရအရ ခွဲယူပြီး ခြေရာဖျောက်သွားတယ်။ ဇာတ်သိမ်းတော့ ကိုယ်ဝန်ကို ဖျက်ချပြီး ဝါဝါရီအပေါ် မကောင်းခဲ့တဲ့ မမေထက်လည်း ဇာတ်သိမ်းမလှခဲ့ပါဘူး။
🔵 ဖေဖေပေးသော ဆွဲကြိုးတစ်ကုံး 🔵
ချစ်ကောင်းက ၁၈ နှစ်ရှိပြီ။ အမေက ပဲပြုတ်သည်၊ အဖေက အရက်သမား၊ ဖဲသမား။ အစ်မက အစိုးရဘဏ်ဝန်ထမ်း။ ချစ်ကောင်းကို အဖေက ဆွဲကြိုးလေးတစ်ကုံး ဝယ်ပေးထားပေမဲ့ အဲဒီဆွဲကြိုးက အဖေဖဲရှုံးတိုင်း ယူယူပေါင်နေကျမို့ ချစ်ကောင်း ဆွဲရတာထက် အပေါင်ဆိုင် ရောက်နေရချိန်က ပိုများတယ်။ အသုဘရှိလို့ ဖဲဝိုင်းရှိရင် အဖေက တစ်ပတ် ဆယ်ရက် အိမ်ပြန်မအိပ်တတ်။ ချစ်ကောင်းရော ကျန်မိသားစုဝင်တွေပါ အဖေ့အကျင့်တွေကို စိတ်ညစ်လာကြတယ်။ တစ်ရက် ရပ်ကွက် စာကြည့်တိုက်ကို ချစ်ကောင်း ရောက်သွားတော့ စာကြည့်တိုက်မှူး ဆရာမြတ်စိုးနဲ့ တွေ့ပြီး အဖေ့အကြောင်း ပြောမိကြတော့ ဆရာက “မင်းအဖေ ဘယ်သူချွတ်ချွတ် ကျွတ်မှာမဟုတ်ပါဘူး။ မင်းချွတ်မှ ကျွတ်မှာ” လို့ ပြောပြီး အကြံပေးတယ်။ ဆရာ့အကြံပေးချက်အတိုင်း လိုက်လုပ်တဲ့အခါ နောက်ဆုံးမှာ အဖေတစ်ယောက် ပြောင်းလဲသွားတဲ့ ဇာတ်လမ်းလေး။
🐠 ငါးခုန်တဲ့ဒီရာသီ 🐟
ဖိုးတေ၊ ဖိုးတီး၊ သာလှတို့ လူပျိုကြီး ညီအစ်ကိုသုံးယောက်က ငါးဖမ်း၊ ငှက်ပစ်၊ ဖားရိုက် အလုပ်နဲ့ အသက်မွေးပြီး မုဆိုးမအမေကြီးကို လုပ်ကျွေးကြတယ်။ ဒီအလုပ်တွေကို သူတို့အဖေ မသေခင်က သေချာသင်ပေးသွားခဲ့တာ။ တစ်ရက် အမေဖြစ်သူ ရုတ်တရက် လေဖြတ်ပြီး အိပ်ရာထဲ လဲသွားတယ်။ အဲဒီအချိန် အမေက ဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူကို အိပ်မက်မက်တယ်။ လူ့ဘဝတုန်းက သူဟာ ငါးသတ်၊ ဖားသတ်၊ ငှက်သတ်ခဲ့လို့ ငရဲကျနေရတာမို့ သားတွေကို အကုသိုလ်အလုပ်တွေ ဆက်မလုပ်ဖို့ မှာကြားလိုက်တယ်။ မိခင်ကြီး သတိပြန်လည်လာပြီး မပီမသပြောလာနိုင်ချိန် သားတွေကို မှာစရာတွေမှာ ကတိတောင်းပြီး ဆုံးပါးသွားတယ်။ အစကတော့ သားတွေလည်း အမေက လေဖြတ်ထားလို့ သွေးရူးသွေးတန်း ပြောတယ်ထင်ပေမဲ့ သပိတ်သွတ်တရားဟောတဲ့ ဆရာတော်က ဒီအကြောင်းကြားပြီး တရားဟောပြောပြတော့မှ အကျွတ်တရားရသွားတဲ့ ဇာတ်လမ်းလေး။
🔵 အမြီး 🔵
ခိုင်နဲ့ မောင်မောင်တို့ မင်္ဂလာဆောင်ဖိတ်စာမှာ ခိုင်က ဆရာဝန်ဖြစ်လျက်နဲ့ ခိုင့်နာမည်နောက်မှာ MBBS ဆိုတဲ့ ဘာဘွဲ့မှ မထည့်ထားတဲ့ အကြောင်းရင်းကို သူငယ်ချင်းဖြစ်တဲ့ အေးနဲ့သက်တို့က မေးကြတော့ ခိုင်ပြန်ဖြေပြထားတဲ့ အကြောင်းလေးပါ။
🔵 ကံကံ၏စေရာ 🔵
မစိုးခင်နဲ့ ကိုသာကျော်တို့က ကလေးရဖို့ လုံးပန်းနေပေမဲ့ ခုထိ မရကြသေး။ ဗေဒင်တွေမေး၊ သားဆုပန်နဲ့ အမျိုးစုံကို လုပ်ကြပေမဲ့ မထူးခြား။ သူတို့အလုပ်က ကျပန်း အများအားဖြင့် ဂဏန်းတွေ ဖမ်းရောင်းကြတယ်။ တစ်ရက်တော့ ကိုယ်ဝန်ရလာခဲ့တော့ လင်မယားနှစ်ယောက်လုံး အပျော်ကြီး ပျော်ခဲ့ကြတယ်။ ဒါပေမဲ့ လေးလလောက်မှာ ပျက်ကျသွားတော့ ကိုသာကျော်က ကိုယ်ဝန်ကို ဂရုမစိုက်လို့ဆိုပြီး လူမမာမယားဖြစ်သူကို ထုရိုက်ပါတော့တယ်။ ကံကောင်းတော့ နောက်ကိုယ်ဝန် ထပ်ရလာတယ်။ ငါးလလောက်နေတော့ ကိုသာကျော်မိခင် ဆုံးပါးသွားချိန် ရက်လည်မှာ ဆရာတော်ဟောကြားတဲ့ ကံ ကံ၏အကျိုးတရားကို နာလိုက်ရချိန်မှာ သူ့ကိုယ်ဝန်မမြဲရတာ သူတစ်ပါးအသက်ကို သတ်ပြီး အသက်မွေးတာမို့ သံသရာလည်နေတာ ဖြစ်နိုင်ကြောင်း သံဝေဂရပြီး လင်မယားနှစ်ယောက် ဖမ်းထားတဲ့ ဂဏန်းတွေကို ရိုးထဲမှာ သွားပစ်လိုက်ကြတယ်။ ဒါ့အပြင် သူတစ်ပါးအသက်ကိုလည်း မသတ်တော့ပါဘူးလို့ ဘုရားမှာ လှူလိုက်ကြတဲ့ ဇာတ်လမ်းလေး။
🍑 🥭 🍓 🍇🍊