ချိုအီအီတောပန်းရနံ့တို့ ကြိုင်လှောက်ရာ
5500 (ကျပ်)
🍁 💐ပင်လယ်ဝနားက တော်ချိုက်ဟုခေါ်တဲ့ ရွာလေးတစ်ရွာက ပျံ့နှံ့လာတဲ့ ကျေးလက်နံ့သင်းသင်းတို့ လှိုင်လှိုင်ထနေတဲ့ ချိုအီအီတောပန်းရနံ့တို့ ကြိုင်လှောက်ရာ…
ကျေးလက်ဟူသည့် စကားလုံးကို ကြားလိုက်ရင်ဖြင့် မျက်စိထဲမှာမြင်လိုက်မိသည်က စပါးခင်း စိမ်းစိမ်းတွေ…ကောက်ရိုးပုံ…ကျွဲတွေ နွားတွေနှင့် ပနံရနေသည့် တင်းကုပ်ပုပုလေးတွေ …လယ်ကန်သင်းရိုးစတဲ့အရာတွေ….ကျေးလက်အရသာဆိုရင်ဖြင့် ရိုးရှင်းမှု၊အေးချမ်းမှု ၊ ပွင့်လင်းမှု၊ ဖော်ရွေမှု၊ စည်းလုံးမှုနဲ့ ရိုးရာမပျက် နေထိုင်ကြတဲ့ဓလေ့ထုံးတမ်းအစဥ်အလာတွေ….စသဖြင့် အရာတွေကို ဆရာမိုးသက်အောင်က ဒီစာအုပ်ထဲမှာ သရုပ်သဏ္ဍာန် စုံလင်စွာနဲ့ အငိုအရီ ခံစားချက်တွေကို စကားပြောရေးဟန် ရေးဖွဲ့ထားပါတယ်။ ဝတ္ထုတိုပုံစံဖြင့် ရေးဖွဲ့ထားပေမယ့် ဇာတ်ကောင်တွေဟာ ရွာတစ်ရွာထဲကဖြစ်တာကြောင့် အချိတ်အဆက်မိနေပြန်တယ်။
ဆရာမမိချမ်းဝေကလဲ…
“ရပ်ထဲရွာထဲ ဝတ္ထုတိုများကို ဖတ်ကြည့်တော့ ကျေးလက်ရနံ့၊ တောရနံ့၊ တောင်ရနံ့ကို တဝကြီး ရှူရှိုက်မိသလို ခံစားလိုက်ရသည်။ ယခင်သူ့ဝတ္ထုတွေက ကျေးလက်ဆန်သည် ဆိုသော်ငြားလဲ ယခုဝတ္ထုတွေက တကယ့်ကျေးလက် အနှစ်အသား အတုံးအခဲများ ဖြစ်နေသည်” ဟု အမှာစာတွင် ထည့်သွင်းရေးသားထားသည်။
အကယ်၍ သင်ဟာ
သဘာဝကို ချစ်မြတ်နိုးတယ်ဆိုရင်…
ကျေးလက်မှာ ပျော်ရွှင်ဖူးတယ်ဆိုရင်…
တောရွာဓလေ့တွေရဲ့ ဘဝနေထိုင်မှုတွေကို
သိချင်စိတ်ရှိတဲ့သူ ဆိုရင် ….
ဒီစာအုပ်ကို ဖတ်ကြည့်ပါ။
ချိုအီအီတောပန်းရနံ့တွေ စိတ်နှလုံးထဲမှာ စွဲမြဲနေပါလိမ့်မယ်…
သူတို့လေးတွေကို တန်ဖိုးထားမိနေပါလိမ့်မယ်…
မြို့ပြရဲ့ မွန်းကျပ်မှုတွေကို ကြုံလာတိုင်း
ကျေးလက်ရဲ့ ပေါ့ပါးမှုကို သိမြင်လာပါလိမ့်မယ်…
စာမျက်နှာ | 208 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာအုပ်တိုက်၊ 2022 စက်တင်ဘာလ (ပထမအကြိမ်) |
43 in stock
Anonymous –
Knowledge တေွလည်း တော်တော်ပါပြီးသိပ်ကို ဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်ပါ
Ko Pauk Mdy –
“၀တ္ထုတို မဟုတ်တဲ့ ၀တ္ထုတို “
ကျွန်တော်နားလည်ထားတဲ့ ၀တ္ထုတိုဆိုတာ တစ်ပုဒ်ထဲမှာဘဲ ပြောချင်တာတွေအကုန်ပြီးအောင်ပြောသွားမယ်။
နောက်ထပ်ဆက်စရာ မရှိဘူးပေါ့။
ကျွန်တော်ဖတ်လိုက်ရတဲ့ ၀တ္ထုတို အမည်တတ်ထားတဲ့ စာအုပ်ကလေးကို ဖတ်ကြည့်တော့ ၀တ္ထုတို အပုဒ်(၂၀)တိတိ ပါ ပါတယ်။
ကျွန်တော့်ထုံးစံအတိုင်း အမှာစာတွေ ရည်ညွှန်းစာတွေကိုအရင်ဖတ်လေ့မရှိပါဘူး။
အချို့သောအမှာစာတွေကို ဖတ်လိုက်ရင် ၀တ္တုအကြောင်းအားလုံးသိသလို ဖြစ်သွားတော့ အမှာစာဖတ်ပြီးမှ ၀တ္တုဖတ်တယ်ဆိုရင် အရသာမရှိတော့။
ဇာတ်လမ်းဖြစ်တည်ရာနေရာလေးကတော့ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းနှစ်ခုရဲ့အကြား ပင်လယ်၀ကခြားထားပြီး ဒေးဒရဲအပိုင်နယ်ထဲက “တော်ချိုက်”လို့ အမည်ရတဲ့ လယ်ယာကိုင်းကျွန်းနဲ့ အသက်မွေးကြတဲ့ရွာလေးတစ်ရွာပေါ့။
အဲ့ရွာလေးထဲမှာဖြစ်ကြပျက်ကြတဲ့ အကြောင်းလေးတွေကို တစ်ခုနဲ့ တစ်ခုချိတ်ဆက်ပြီး ရေးချသွားပေသပေါ့။
“ကျွဲတစ်ရှင်း ဂျုတ်တစ်လက်ပေးပါ အဘရေ”ဆိုတဲ့
ပထမဆုံးသော အပုဒ်မှာ ရွာထဲကို မိန်းကလေးအလှကုန်ပစ္စည်းတွေလည်ရောင်းတဲ့ မိတင် နဲ့ မိရင် ညီအစ်မ။
သူတို့ ရဲ့ဖောက်သည်ကတော့ ရွာကလုံမလေး အေးခင် ။
အေးခင်မကို တဘက်သတ်ကြိုက်နေသောအင်္ကျီ ၁၀၁ထည်ရှိတဲ့လူပျိုကြီး ကိုဖိုးအေး။
အေးခင် ရဲ့မေတ္တာမျှနေသူ အောင်လှသိန်း တို့ကဇာတ်ကောင်တွေအဖြစ်မိတ်ဆက်ပေးပြီးရွာကထိန်ပွဲနဲ့ စတင်လိုက်ပါတယ်။
(2)”ကျွဲတစ်ရှင်း”လို့ အမည်ပေးထားတဲ့ ဒုတိယပုဒ်ကတော့ ကျွဲကို အကြောင်းပြုပြီးအဖေကိုလွန်းမောင်နဲ့ သားငထွန်းတို့ ဘေကြီးဆိုတဲ့ ကျွဲကြီးတစ်ကောင်အတွက် သူနိုင်ကိုယ်နိုင်အပြိုင်ကျဲကြတဲ့ဇာတ်လမ်းတစ်ပုဒ်။
“မြွေပွေးငါးခူတစ်ခါကြည့် တစ်ကျပ်”ဆိုတဲ့ အပုဒ်မှာတော့ မြွေပွေးငါးခူဆိုတဲ့တိရိစ္ဆာန်ကို အခကြေးငွေယူပြီးပြစားကြတဲ့ ရွာဥက္ကဌရဲ့သားအမွှာညီနောင် လွင်မောင် သာမောင် တို့ကြောင့် တစ်ရွာလုံးအလုပ်ပျက်အကိုင်ပျက်ဖြစ်နေချိန်မှာ အောင်လှသိန်းက ၀င်ပြီးဖြေရှင်းလိုက်လို့ပြဿနာတစ်ခုရှင်းသွားပြီး သူကြီးတပည့် ဘစီ ဆိုတဲ့ ဇာတ်ကောင်ကို ဆွဲသွင်းလိုက်ပါတယ်။
“ငါးရှဉ့်အကင်အနံ့မွှေးပျံ့လို့နေ”ဆိုတဲ့အပုဒ်မှာတော့ အဘသာနဲ့အမေသုန်ကြီးရဲ့မြေးတွေဖြစ်တဲ့အမွှာညီနောင်သာမောင်တို့ကလူမမာအတွက်ဓါတ်စာငါးရှဉ့်ကင်တွေကိုခိုးစားကြတဲ့ ဇာတ်လမ်း။
ဒီစာအုပ်မှာထူးခြားချက်လို့ ဆိုနိုင်တာက တစ်ပုဒ်မှာဒီဇာတ်ကြောင်းကိုပြောပြနေသူတစ်ယောက်ဖြစ်နေတာပါ။ တစ်ပုဒ်မှာပြောပြတဲ့ အကြောင်းအရာက တစ်ခုဖြစ်ပေမယ့် ဇာတ်ကောင်တွေကို တစ်ခုချင်းချိတ်ဆက်ဆွဲခေါ်သွားပုံက လှပသေသပ်လွန်းပါတယ်။
ရပ်သုံးရွာသုံး စကားလုံးလေးတွေကို သူ့နေရာနဲ့သူထားပြီးသုံးသွားသူကလည်းပညာပါလှပါတယ်။
အချို့သောစာအုပ်များမှာ ဒေသသုံးစကားတွေ ဓလေ့ထုံးစံတွေကို ဇွတ်တွန်းထဲ့တော့ မဆက်စပ်မိဘဲ ဖြစ်နေတာမျိုးကို ဖတ်ခဲ့ရဖူးပါတယ်။
ဒီစာအုပ်လေးထဲမှာတော့ ဇာတ်ကြောင်းပြောပြနေရင်း ရွာဓလေ့ရွာထုံးစံ ရွာ့ယုံကြည်မူ့တွေကို တစ်ခုခြင်းတန်းစီလို့ထုတ်ပြသွားပါတယ်။
စာအုပ်လဲ ဆုံးသွားရော တစ်ရွာလုံးမှာရှိတဲ့လူတွေရဲ့အကြောင်းလဲစုံ၊
ရွာမှာဖြစ်ခဲ့ ပျက်ခဲ့သမျှ အကြောင်းအရာလဲ ကုန်ဆိုသလိုပါဘဲ။
ဒါကြောင့်လည်း ဒီစာအုပ်လေးကို ၀တ္တုတိုမဟုတ်တဲ့၀တ္တိုလို့တင်စားလိုက်တာပါ။
အခုလိုရေးတဲ့ပုံစံကို ဆရာမြင့်သန်းရဲ့နယ်ဘက်ကျေးဘက်မှ ၀တ္တုများမှာ မြင်တွေ့ခဲ့ဖူးပါတယ်။
အော် ပြောဘို့ မေ့နေလိုက်တာ။
စာအုပ်နာမည်က ချိုအီအီ တောပန်းရနံ့တို့ ကြိုက်လှောက်ရာတဲ့။
ရေးတဲ့သူကတော့ မိုးသက်အောင်(မြန်မာစာ)တဲ့။
ဒီစာအုပ်လေးမှာမဆိုစလောက်ပြောစရာလေးတစ်ခုတော့ရှိပါတယ်။
စာရေးသူအမှားလား စာပြင်သူအမှားလားတော့ မပြောနိုင်ဘူး စ နဲ့ ဆ အသုံးလွဲနေတာလေးပါ။
ထမင်းဆီဆမ်းကို ထမင်းဆီစမ်း လို့ ရေး ရေးထားတာတွေပါနေလို့ပါ။
အချုပ်ပြောရရင် ကျွန်တော်ကတော့ ဒီ စာစုလေးကိုကြိုက်တယ်။
လက်ဆောင်ရလို့ ဖားပြီးပြောတာမဟုတ်ဘူးရယ်။
တကယ်ကြိုက်လို့ ကြိုက်တယ်ပြောတာ။
ကိုပေါက်(မန္တလေး)
111122
Bookalicious –
ပထဦးဆုံး ၀န်ခံရရင် ဆရာ့စာအုပ်တွေကို အရင်က တစ်ခါမှ မဖတ်ခဲ့ဖူးပါဘူး။ ဒီစာအုပ်ကလေးက ကျနော့်အတွက် ပထမဆုံးဖတ်ဖြစ်တဲ့ ဆရာ့ရဲ့ စာအုပ်ပါ။
“တော်ချိုက်”
ကျေးလက်အငွေ့အသက်၊ ဓလေ့သဘာ၀တွေနဲ့ ပြည့်နှက်နေတဲ့ ရွာကလေး …
ဒီရွာတွင်းနေထိုင်ကြတဲ့ လူပျိုကြီး၊ လက်သည်၊ ဥက္ကဌ၊ အရပ်လက်သည် စတဲ့ စုံလင်လှတဲ့ နေထိုင်မှု စရိုက်ပုံစံတွေနဲ့ လူနေမှုစရိုက်ပုံစံတွေကို တွေ့မြင်ရပါတယ် … ကျေးလက်သဘာ၀ လိုက်နာကျင့်သုံးကြတဲ့ ဓလေ့ထုံးတမ်းတွေကို ချစ်ခင်ဖွယ်ဖတ်ရှုရသလို၊ အယူအစွဲကြီးလှတဲ့ ဓလေ့ကိုလဲ ထင်ရှားစာ ဖတ်ရှုမှတ်သားရပါတယ် …..
၀တ္ထတိုတွေဆိုပေမယ့် ၀တ္ထုရှည်တစ်ပုဒ်ကဲ့သို့၊ ဇာတ်လမ်းတွဲ တစ်ပုဒ်ကို ကြည့်ရှုနေသကဲ့သို့ စာရေးသူရဲ့ တင်ဆက်ထားပုံကလဲ စာဖတ်သူရဲ့ စာဖတ်ချင်စိတ်ကို နှိုးဆွနေသလိုပါပဲ။ ဇာတ်ကောင်တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပုံ၊ ဇာတ်လမ်းတစ်ခုနှင့်တစ်ခု ချိတ်ဆက်ပုံတွေက ထိထိမိမိရှိလှပါတယ်။ ဇာတ်အသွားအလား၊ စကားလုံးအသုံးအနှုန်းနဲ့ ကာလနောက်ခံတွေကလဲ ကောင်းမွန်လှပါတယ်။
ရွာ၏ဓလေ့သဘာ၀၊ ရွာ၏ သာရေးနာရေး၊ ရွာ၏ စကားပြောဆိုပုံ၊ ရွာသူရွာသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းဖေးမကူညီကြတဲ့ ချစ်စဖွယ်စိတ်ဓာတ်ကလေးများ၊ ရွာဘာသာဘာ၀ ဖြစ်ပျက်တတ်ကြတဲ့ အဖြစ်အပျက်ပေါင်းများစွာကို အခြေခံရင်း တောဓလေ့ ရွာဓလေ့ အကြောင်း တ၀ကြီး ဖတ်ရှုခံစားရမယ့် ၀တ္ထုကောင်းတစ်ပုဒ်ဖြစ်လို့ ဖတ်ကြည့်ကြဖို့ အကြံပြုလိုက်ပါတယ် …