အဖြူထဲက မြူငွေ့များ
4000 (ကျပ်)
ဗုဒ္ဓဘာသာ၀င်များအဖို့ ရဟန်း သံဃာများဟူသည် သာမာန် ပုထုဇဉ်များထက် ပိုမို မြင့်မြတ်သည်ဟု ယူဆကြ၍ ကျေးဇူးကြီးမားလှသော အနန္တော အနန္တ ငါးပါးထဲတွင် ထည့်သွင်းကာ ကိုးကွယ်ဆည်းကပ်ကြသည် ..
နယ်ဘက် ကျေးဘက်များတွင် မိမိတို့ ရပ်ရွာ၏ ဂုဏ်ကျက်သရေအတွက် ပညာတတ် ဘုန်းကြီးတစ်ပါး ပေါ်ထွန်းလာမည့် အရေးကို တစ်ရပ်ရွာလုံးက အားသွန်ခွန်စိုက် မြေတောင် မြှောက်ပေးတတ်ကြသည် ..
ဒီစာအုပ်ထဲတွင် ထိုသို့ တစ်ရွာလုံးက အားကိုးအားထား ပြုရသော ပညာတတ် ရဟန်း တစ်ပါး၏ မောဟ အမိုက်မှောင်ဖုံး၍ သံဃာတော်များ ပြုဖွယ်မသင့်သည်များကို ပြုလုပ်မိသော အဖြစ်အပျက်များကို မြင်တွေ့နိုင်သည် ..
သာမာန် ပုထုဇဉ်ထက် ဝိနည်းသိက္ခာပုဒ်များကို ထိန်းသိမ်းနေရသောကြောင့် သံဃာများသည် လူထက် မြင့်မြတ်နေရခြင်း ဖြစ်သည် ..
အကယ်၍ စာအုပ်ပါ မောဟ အမှောင် ဖုံးလွှမ်းသွားသော ရဟန်းတစ်ပါး၏ အဖြစ်အပျက်များကိုသာ သင်ဖတ်ရှုခဲ့မိမည်ဆိုလျှင် သင်္ကန်း၀တ်မြင်တိုင်း သင်အလွယ်တကူ လက်အုပ် ချီမိချင်မှ ချီမိပေတော့မည် ..
စာရေးသူသည် ဗုဒ္ဓဘာသာ၀င် တစ်ယောက်ဖြစ်သော်လည်း သာသနာတော်ကို ပိုမို သန့်စင်စေလိုသော ရည်ရွယ်ချက်ဖြင့် မောဟ မြူ ဖုံးလွှမ်းသွားသော အဖြူရောင် ရဟန်းတစ်ပါး၏ အကြောင်းကို ရေးဖွဲ့ထားခြင်း ဖြစ်ပေသည် ..
စင်စစ်တွင်မူ .. လောကသည် သူ၏ ပကတိ မူလဘူတ အခြေခံအရ ‘ အဖြူရောင် သက်သက် ‘မျှသာ ဖြစ်၏ ၊ ကြည်လင်ဖြူစင်ခြင်း ပင်ကိုယ်သဘောတရားများထဲသို့ ဝေဝေဝါးဝါး မြူငွေ့များ ထွေရောယှက်တင် ပါ၀င်လာလေသောအခါ …..
စာမျက်နှာ | 208 |
---|---|
စာအုပ်အရွယ်အစား | 5.6 × 0.5 × 8.4 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2021 စက်တင်ဘာလ (ပ-ကြိမ်) |
11 in stock
Ū Htun Linn –
“အလင်းမှသည် အမှောင်၊ အမှောင်မှသည် အမှောင်မိုက်ဆုံးဆီသို့ မိမိစိတ်နှင့်ဘဝရပ်တည်မှုကို မိမိကိုယ်တိုင် ဇွတ်အတင်း တွန်းပို့ခဲ့သည့် ရဟန်းတစ်ပါးအကြောင်း ရေးဖွဲ့ထားသည့်စာအုပ်လေး”
ဒီစာအုပ်လေးဖတ်ပြီး အလိုရမ္မက်ေကြာင့်ဖြစ်တဲ့ေလာဘမီး၊မနာလို မစ္ဆေရိယကြောင့်ဖြစ်တဲ့ဒေါသမီး၊ကာမတဏှာကြောင့်ဖြစ်တဲ့ မောဟမီး
စသည်တို့ကြောင့် ပုထုဇဉ်တွေရဲ့ တက်တစ်ပြန် ဆင်းတစ်ပြန် လုံးလည်ချာလည်လိုက်ကာ ရှုပ်ထွေးပွေလီနေတဲ့ အဖြစ်ပျက်ပြောင်းလဲနေပုံတို့ကို သံဝေဂရစရာ ဆင်ခြင်မိပါသည်။အခန်းတစ်ခန်းစီတိုင်းရဲ့အရှေ့မှာ ဓမ္မပဒဆုံးမစာလေးတွေထည့်ထားပေးသည့်အတွက်လည်း ကျေးဇူးတင်မိပါသည်။
Thant zin (verified owner) –
ဖတ်လို့ကောင်းတဲ့ စာအုပ် ၁ အုပ်ပါ
Myat Mo –
ဖတ်လို့ကောင်းပါတယ်။ ဇာတ်လမ်းအဆုံးသိချင်လေ စိတ်ဝင်စားဖို့ပိုကောင်းလေပါ။
Kaungkin Yan –
အကိုမိုးသက်အောင်(မြန်မာစာ)ကတော့ တအုပ်ဆို တအုပ် ဘဝလမ်းကြောင်းကိုပုံဖော်ရာမှ သေသပ်လှပလွန်းလှသည်
အရေးသားထိထိမိမိနဲ့ ခေတ်ကို မီးမောင်းထိုးပြထားသည်
ဗုဒ္ဓဘာသာ မှာ ထေရဝါဒ နှင့် မဟာရန ရှိတယ်
ကျနော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ စောင့်စည်းရသည့် လူ့ကျင့်ဝတ် စည်း ဘောင် များစွာရှိသည်
ထို့ကဲ့ထဲမှ ဗုဒ္ဓဘုရား၏ တပည့်သား ရဟန်း သံဃာ ရှင်သာမဏေ ဘိက္ခုနီ သီလရှင် သင်္ကန်းဝတ် သူတို့သည် လူများထက် ဝိနည်းပေါင်း ၉၇၂ သွယ်သော သိက္ခာပုဒ် စသဖြင့် စောင့်ထိန်းကြရလေသည် ။
သို့မှသာ ဗုဒ္ဓလမ်းစဉ် ဗုဒ္ဓဘာသာ၏ ဝိနည်းများကို စောင့် ထိန်းအပ်ပါမှ ဘုရားသားတော်၊ သမီးတော် မည်ထိုက်ပေ၏ ။
သို့ကလို ဘုရားချမှတ်ထားသော ဝိနည်းကို မစောင့်ထိန်းအပ်ပါလျင် သင်္ကန်းဝတ်လင့်ကစား သင်္ကန်းခြုံ လူဝတ်ကြောင်သာ ဖြစ်ပေတော့မည်။
( ပရိယတ္တိ ပရိပတ္တိ ၂သွယ်သော ဗုဒ္ဓလမ်းစဉ်ကို လျှောက်ပါမှ သိက္ခာသုံးသွယ် သီလ သမာဓိ ပညာ မရှိပါက ဘုန်းကြီးရဟန်းမမည်ထိုက် )
ခုလို ခေတ်ပျက် စနစ်ပျက် သီလပျက် ကာလမှာ စားရပေါက်လွယ်အောင် သာသနာကို ခုတုံး လုပ်၍ လူဝတ်ကြောင်များစွာ တွေ့လာရပေသည်။
ကျနော် တို့ သင်္ကန်းဝတ်မဆိုထားနဲ့ လူဝတ်တွေမှာမူ ထေရဝါဒ ဗုဒ္ဓဘာသာဟု ဆိုလင့်စကား ကိုယ်ပိုင်ဗုဒ္ဓဘာသာ ဟူ၍ ခပ်ရှားရှားဖြစ်လာရပေသည် ။
မိဘက ဗုဒ္ဓဘာသာ ဖြစ်၍ လင့်ဆင့်ကမ်းကာ မိရိုးဖလာ ဗုဒ္ဓဘာသာ သာ ဖြစ်ကြသည် ။
တချို့ ဆို ဂဎဏန တောင် သာသနာဆိုတာ အဆုံးအမ ဟူ၍ ပင် မသိကြတော့ချေ ။
ကိုမိုးသက်အောင်၏ ဤဝတ္ထု၌ ဘာသာကို ရှေ့တန်းတင်လိုခြင်းမဟုတ် စည်းဘောင်၊ ကျင့်ဝတ် ဝိနည်းကို အတုလိုက်နာကျင့်သုံးစေရန် ခေတ်ကိုထင်ဟပ်စေသည့် အပြအပြော ဝတ္ထုမို့ ဗဟုသုတရဖွယ် သင်ခန်းစာယူဖွယ် ဝတ္ထုကောင်းတစ်ပုဒ်ပင်..။
ဤဝတ္ထု သည် ဘုန်းကြီး ကို ဇာတ်လိုက်တင်ကာ မြန်မာ့၀တ္ထုများ၌ တွေ့ရခဲပေသည်။
ဆရာမမိုးမိုးအင်လျားရဲ့ မသုဓမ္မစာရီ သီလရှင် ဇာတ်လမ်းပြီးသော် ယခု မိုးသက်အောင်မြန်မာစာမှ ဘုန်းကြီးကို ဇာတ်လိုက်တည်ကာ ရေးဖွဲ့သည်မို့ မြန်မာဝတ္ထုတွေကြား တွေ့ရခဲသည့် ရသစာပေ အတုယူဖွယ်မို့ ကြိုက်နှစ်သက်ရသည်။
ကင်ကိုယ်တိုင်လည်း တမူထူးခြား ဇာတ်ကို ကြိုက်သည်မို့ ပို၍ နှစ်သက်ရသည်။
တခါလာလည်း ချစ်ကြိုက်ညားကွဲ မဟုတ်ပေပဲ လူဝတ်တွေအကြောင်းမဟုတ်ပဲ သင်္ကန်းဝတ် ရဟန်းသံဃာတွေ အကြောင်းမို့ ဇာတ်အိမ်ဆန်းသမို့ ထူခြားသော ရသနဲ့အတူ ခံစားကြည့်ကြပါစို့လား..။
Khin Sandar Lwin –
စာရေးသူရဲ့ အမှာစာအရ ဒီစာအုပ်ဟာ ရဟန်းဇာတ်ကောင်မို့ ထုတ်ဝေရ ခက်ခဲခဲ့တယ်တဲ့ ။
ကြိုတင်အသိပေးချင်တာက ဆရာမိုးသက်အောင်ဟာ မိရိုးဖလာဗုဒ္ဓဘာသာ၀င်တစ်ဦးဖြစ်ပါတယ်။
သာသနာတော် မှာ စာအုပ်ထဲကလိုမျိုး ရဟန်းတွေ ရှိတယ်ဆိုတာ စာရေးသူက လူအများတွေကို သိစေဖို့နဲ့ သာသနာတော် မညစ်နွမ်းစေဖို့ ရည်ရွယ်ပုံမျိုးပါ။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုတာ ရဟန်းသံဃာကို မြင်ရင် ကြည်ညိုဦးချချင် စိတ်က ပေါက်လာပြီးသား။
ဒါပေသိ ရဟန်းဆိုတာကလည်း ပုထုဇဉ် ပါပဲ။
ဆိုတော့ ဒီ၀တ္ထု ဟာ သံဃာဇာတ်ကောင် ပါ။
စိတ်အလိုလိုက်ရင်း အမှောင်တိုက်ထဲ တိုး၀င်မိလို့ ဘ၀နစ်မွန်းရတဲ့ သံဃာတစ်ပါးအကြောင်းပေါ့။
ကျေးလက်တောရွာတွေမှာဆို ကိုယ့်ရွာက ရဟန်းတစ်ပါး မြို့စာသင်တိုက်ကို ရောက်ရင် အင်မတန်ဂုဏ်တက်ရပါတယ်။
ဒီ၀တ္ထုထဲက ကိုယ်တော်ကလည်း အဲဒီလို ရပ်ရွာက အားထားရတဲ့သူတစ်ဦး ၊ ဒီရဟန်းအတွက် အတော်လေး မျှော်လင့်ထားခဲ့ကြတယ်။
မောင်ပညာလေးဟာ ရဟန်းတွေရဲ့ အလယ်မှာနေ ၊ ရဟန်းစာပေတွေ သင်ကြားနေသူ ဖြစ်သော်လည်း သူ့ရဲ့ မူရင်း အတွင်းစိတ်သန္တာန် က အတော်လေး ကိလေသာ များပြားပုံတွေ….။
လူတစ်ဦး ရဲ့ ရှင်သန်မှု မှာ အပေါင်းအသင်းက အတော်လေး အရေးကြီးတယ်။
ပတ်၀န်းကျင်ဆိုး မှာ အပေါင်းအသင်းဆိုးနဲ့အတူ မိမိရဲ့ မူလကတည်းက ရှိတဲ့ မကောင်းတဲ့စိတ်ရိုင်းတွေ ပေါင်းစပ်သွားမိတဲ့အခါ….။
ရဟန်းနှင့် မာတုဂါမ ၊ ရဟန်းနှင့် ငွေ ဆိုတာ မအပ်စပ်ကောင်းတဲ့ အရာ ဆိုသော်လည်း
အပ်စပ် မိသွားတဲ့အခါ….။
နောက်ဆုံးအခန်း မြင်ကွင်းကို စာရေးသူရဲ့ ဖော်ပြချက်မှာ ဖတ်ရင်းနဲ့ ဆားတုံဆရာတော် ရေးတဲ့ ကုဋေရှစ်ဆယ်သူဌေးသား ရဲ့ ဘ၀ပျက်ခန်းကို သွားမြင်မိတယ်။
စာအုပ်အဖြစ် ထုတ်ဝေပေးကြတဲ့ ပန်းဆက်လမ်းမိသားစု ၊ ဇာတ်ကောင်ကို ဖန်တီးသူ စာရေးဆရာ ကို ကျေးဇူးတင်မိပါတယ်။
ဒီလို အဖြစ်အပျက် မျိုးတွေက အပြင်လောက မှာ တကယ်ပဲ ရှိတာကို မိမိတို့တွေက လက်မခံချင်သော်လည်း လက်ခံရပါမယ်။
ပုထုဇဉ် လူသားတွေက အစ ကလျာဏပုထုဇဉ် ရဟန်းတွေ အဆုံး လူတိုင်း လူတိုင်း သံသရာ ပါမယ့် အမှားတွေ နည်းနိုင်ကြပါစေ။